မြန်မာ့ကျောက်စိမ်း တရုတ်နယ်စပ်မှာ အထူး အဝယ်လိုက်နေ

မြန်မာ့ကျောက်စိမ်း တရုတ်နယ်စပ်မှာ အထူး အဝယ်လိုက်နေ
by -
ကချင်သတင်းဌာန

တရုတ် - မြန်မာနယ်စပ်တွင် ယခုလအတွင်း မြန်မာနိုင်ငံထွက် ကျောက်စိမ်းများ ယခင်ကနှင့် မတူ အထူး အဝယ်လိုက်နေသည်ဟု နယ်စပ် ကျောက်စိမ်းကုန်သည် အသိုင်းအဝိုင်းက ပြောသည်။

တရုတ် - မြန်မာနယ်စပ်တွင် ယခုလအတွင်း မြန်မာနိုင်ငံထွက် ကျောက်စိမ်းများ ယခင်ကနှင့် မတူ အထူး အဝယ်လိုက်နေသည်ဟု နယ်စပ် ကျောက်စိမ်းကုန်သည် အသိုင်းအဝိုင်းက ပြောသည်။ အထူးသဖြင့် မြန်မာငွေ သိန်းပေါင်း ထောင်နှင့် သောင်းနှင့် ညီမျှသည့် တရုတ်ယွမ်ငွေ (၁၀) သိန်းမှ သိန်း (၁၀၀) ကြား တန်ဘိုး ရှိသည့် ကျောက်စိမ်းများကို တရုတ်သူဌေးများ ပိုမို ဝယ်ယူလာကြခြင်း ဖြစ်သည်။

“တရုတ်သူဌေးတွေ အများကြီး ဝင်လာကြတယ်၊ ယွမ် (၁၀) သိန်း အထက်တန်တဲ့ ကျောက်ဆို ဖားကန့် ကနေ ရောက်တာနဲ့ တစ်ပတ်ဆို ရောင်းထွက်ပြီ၊ ချက်ခြင်း ချက်ခြင်း ရောင်းရသလိုပဲ ဖြစ်နေတယ်” ဟု တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ ကျောက်စိမ်း စျေးကွက်မှ ကုန်သည် ဒေါ်လဗျထုမိုင်က ပြောသည်။

hpakant_jade_yingjiang
မြန်မာကျောက်စိမ်းများကို ရွှေလီမြို့တွင် အများဆုံး ရောင်းဝယ်နေကြပြီး ယင်းတစ်မြို့ထဲမှာပင်ကျောက်စိမ်း စျေးဆိုင်ပေါင်း (၂၀၀၀) ကျော် ရှိသည်ဟု ရွှေလီမြို့ခံတစ်ဦးက ပြောသည်။

သူက ဆက်လက်ပြီး “အရင်က ရွှေလီမှာ ကျောက်တန်းဆိုတာ မရှိဘူး အခုဆို ကျောက်တန်းတွေအတော် များများ ရှိနေပြီပေ့ါ၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေဆို တရုတ် ရုံးဝန်ထမ်းတွေတောင်ဆင်းလာ ကြပြီး ကျောက် လာဝယ်ကြတယ်။ ဒါပေမယ့် သူတို့က အကြီးပိုင်းတော့ မဝယ်နိုင်ကြဘူး၊ (တရုတ်ငွေ) ထောင်ဂဏန်း ၊ ရာဂဏန်းလောက် တန်တဲ့ ကျောက်စိမ်းတွေကို ၀ယ်ကြတာ။ ကျွန်တော်တို့မြန်မာလူမျိုး တွေ ရွှေဝယ်စုသလိုပေါ့” ဟု ရှင်းပြသည်။

ကျောက်ဝယ်ယူနေသည့် သူဌေးများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ဖြစ်သည်ဟု တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီမြို့တွင် နေထိုင်သည့် ကချင်လောပန်း ဆွတ်ဒန်လရိန်က ပြောသည်။၎င်းကျောက်စိမ်း များကို ပန်းပု၊ ပုတီး၊ ပန်းချီ၊ လက်ဝတ်ရတနာ စသည်ဖြင့် အမျိုးမျိုးဖန်တီး အသုံးပြုကြသည်။

ယခုကဲ့သို့ တရုတ်လူမျိုးများ ကျောက်စိမ်းဝယ်ယူမှု ယခင်ကထက် များပြားလာနေမှုနှင့်ပတ်သက်၍ရွှေလီမြို့ နေ တရုတ်-မြန်မာ နယ်စပ်ရေးရာ ကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက “ကျနော်တို့ မြန်မာပြည်က ကျောက်က ရှားလာပြီဆိုတော့ သူတို့ ဖိပြီး အဝယ်လိုက်နေတယ်။ မြန်မာပြည်မှာ နောက် သုံးနှစ်လေးနှစ် ဆိုရင် ကျောက်တောင်မှ ရှိပါတော့မလား မသိဘူး။ အဓိကတော့ ကျောက်စိမ်း ရှားလာလို့ပါ၊ သူတို့က ကျောက်စိမ်းဆို မြတ်နိုးကြတယ်။” ဟု သုံးသပ်သည်။

ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ် ဖားကန့်မှော်တွင်လည်း အပြိုင်အဆိုင် ကျောက်စိမ်းလိုက်လံဝယ်ယူ နေကြကြောင်း ဖားကန့်ကျောက်စိမ်းကုန်သည်တစ်ဦးက ပြောသည်။ ထိုအတိုင်း ဆက်လက် ဖြစ်ပေါ်နေမည် ဆိုလျင် နောင်တွင် မြန်မာနိုင်ငံ၌ ကျောက်စိမ်းရှားပါးမှု ပြဿနာနှင့် ကြံုတွေ့ရနိုင်သည်ဟု ဖားကန့် ကျောက်ကုန်သည် အသိုင်းအဝိုင်းကလည်း ခန့်မှန်းကြသည်။

မြန်မာနိုင်ငံတွင် ကျောက်စိမ်း ထုတ်လုပ်မှု တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာနေရာ ယမန်နှစ်က ကျောက်စိမ်းတန်ချိန် (၃၄ ၅၅၄) ထုတ်လုပ်ခဲ့ပြီး (၁၆) နှစ်အတွင်း စံချိန်တင်သည့်နှစ် ဖြစ်သည်ဟုပြည်တွင်း ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

Most read this week