ရန်ကုန် (မဇ္စျိမ) ။ ။ သမ္မတဦးသိန်းစိန်က နိုင်ငံတဝှန်း အကျဉ်းထောင်များရှိထောင်ဒဏ်ကျ နေသူများကို ပြစ်ဒဏ်တနှစ် လျှော့ပေးသော်လည်း စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် အကျုံးမဝင်ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက အင်္ဂါနေ့တွင် ပြောသည်။
အစိုးရအပြောင်းအလဲ ပြုလုပ်ရာတွင် ပြုမူမှုတခုဖြစ်သည့် ပြစ်ဒဏ်လျှော့ချမှုကြောင့် ပြန်လွတ်တော့မည့် အကျဉ်းသားများကို အင်းစိန်ထောင်တွင်း အားကစားခန်းမ၌ ဦးဇော်ဝင်းက သြဝါဒပေးအပြီး၊သတင်းထောက် များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ထည်းသွင်းပြောဆိုသွားခြင်း ဖြစ်သည်။
‘‘ဦးခင်ညွန့်က ကျနော်တို့ အကျဉ်းထောင်မှာ မနေပါဘူး။သူ့နေအိမ်မှာပဲ နေတာဆိုတော့ အခုကိစ္စနဲ့ အကျုံးမဝင်ဘူးဘဲ ပြောရမှာပါ’’ ဟု ဦးဇော်ဝင်းက ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ၂ဝဝ၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင်အဂတိ လိုက်စားမှု စွပ်စွဲချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ် ပယ် ခံရကာ ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ်ပြစ်ဒဏ်ကျခံ နေရသည်။
၁၉၈၈ ဒီမိုကရေစီတောင်းဆိုသော နိုင်ငံအဝှမ်း လူထုအုံကြွမှုအတွင်း ဆန္ဒပြပွဲများပျက်ပြားစေရေးနှင့် စစ်တပ်အာဏာသိမ်းပြီးနောက် အတိုက်အခံများကို ဖမ်းဆီးနှိပ်စက်ရာတွင် စစ်ထောက်လှမ်းရေးတပ်ဖွဲ့မှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။
ဦးသိန်းစိန်အစိုးရ၏ လွှတ်ပေးမှုအစီအစဉ်အရ နိုင်ငံတဝှန်း အကျဉ်းထောင်များမှ အကျဉ်းသား ၁၄၆ဝဝ လွတ်မြောက်မည်ဟု ဦးဇော်ဝင်းက ပြောသည်။
အင်းစိန်ထောင်မှ စုစုပေါင်း ၂၅ဝဝ ကျော် လွတ်မှာဖြစ်ပြီး၊ ပထမဆုံးနေ့ဖြစ်သော အင်္ဂါနေ့တွင် အကျဉ်းသား ၈ဝဝ ကျော် လွှတ်ပေးလိုက်သည်။
လွတ်မြောက်သူ အများစုမှာ လောင်းကစားမှု၊ မုဒိန်းမှု၊ ခိုးမှု၊ ပြည့်တန်ဆာမှုနှင့် လူကုန်ကူးမှုများ ဖြစ်သည်ဟု ဦးဇော်ဝင်းက ပြောသည်။
ထို့အပြင် သေဒဏ်မှ တသက်တကျွန်းအဖြစ် ပြောင်းလဲခံရသူ အကျဉ်းသား အရေအတွက်မှာ တနိုင်ငံလုံးတွင် ၃၄၈ ဦး ရှိသည်ဟု ဆိုသည်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှစ၍သေဒဏ်ကျသူများ ကို တကျွန်းအဖြစ် ပြောင်းလဲပေးခဲ့ခြင်းကို ဆက်လက်ကျင့်သုံးခြင်းလည်း ဖြစ်သည်။
အင်းစိန်ထောင်သို့ သတင်းသွားယူခဲ့သူ သတင်းထောက်တဦးက ‘‘ကျနော်တို့ လိုက်မေးသလောက်ကတော့
ပြည့်တန်ဆာမှုတွေ၊ ၂ လုံးထီကိစ္စတွေ၊ ခိုးမှုနဲ့ ဖောက်ထွင်းမှုတွေကို ကျူးလွန်တဲ့သူတွေ၊ နှစ်အားဖြင့် အလွန်ဆုံး ၄ နှစ်၊ ၃ နှစ်၊ ၂ နှစ် ၃ လ - ၂ လ အဲလိုကျတဲ့ သူတွေ လွတ်တာကို တွေ့ရတယ်’’ ဟု မဇ္ဈိမကို ပြောသည်။
အကျဉ်းသား ၁၄၆ဝဝ လွှတ်မပေးခင်က နိုင်ငံတဝှန်းတွင် အကျဉ်းကျဦးရေမှာ ၂ သိန်းခန့် ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B အဆိုအရ သိရသည်။