ကရင်နီပြည်နယ်ဖရူဆိုမြို့နယ်တွင်းရှိကျေးလက်တော ရွာများတွင် ဘိုးဘွားစဉ်ဆက်မှလုပ်ကိုင်စားသောက် လာခဲ့သော လယ်ယာမြေများကို စစ်လေ့ကျင့်ရေး တပ် တည်ဆောက်ရန်အတွက် မြေယာ တစ်ဧကလျှင် ကျပ်ငွေ ငါးသောင်းဖြင့် အစိုးရထံရောင်းပေးရမည် ဆိုသည့် သတ်မှတ်ချက်များထွက်လာသည်။
ဖရူဆိုတောင်ဖက် လောကျာကျေးရွာ၊ မာခရော် ရှေ့ ကျေးရွာနှင့် ဒေါလောခူကျေးရွာတို့မှ စပါး၊ ပြောင်းဖူး၊ နှမ်းနှင့် ပြောင်းကောက်စသည့် သီးနှံများကို နှစ်စဉ်နှစ်တိုင်းစားဝတ်နေရေး အတွက်စိုက်ပျိုးနေ သည့် လယ်ယာမြေ ဧက ၂၇၀၀ ကိုအစိုးရမှသိမ်း ယူရန်အလိုရှိထားခဲ့သည့် အတွက် ရွာသားများအား ဖရူဆိုမြို့ နယ်ရုံး တွင် လယ်ယာမြေ တစ်ဧကလျှင် ကျပ်ငွေငါးသောင်း ဖြင့်ပေးပြီး လက်မှတ်ရေးထိုး ခိုင်းသည်ဟုကရင်နီ လူမှုကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။
“လက်မှတ်ထိုးခိုင်းတော့ မင်းတို့ တစ်ဧကကို ၅ သောင်းပြန်ပေးမယ်။ မင်းတို့ လက်မခံရင်လည်း ငါ့တို့ သိမ်းလို့ရတယ်ဆိုတော့ ရွာသားတွေလည်း ဘာမှ မတတ်နိုင်တော့ လက်မှတ်အကုန်လုံး ထုုိးခံရတယ်” ဟု ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာန (KSWDC) မှ အတွင်းရေးမှူး စိုးဝင်းက ပြောပါသည်။
၂၀၁၁ ဇန်နဝါရီလ နောက်ဆုံးပတ်မှစ၍ အစိုးရ အဆောက်အဦးနှင့် စစ်လေ့ကျင့်ရေးတပ် ဆောက်လုပ်ရန် မြေနေရာများကို စတင်တိုင်းထွာပြီး ပြည်သူများ၏ ၀မ်းစာရေး မြေနေရာ ဖြစ်သည့်အတွက် မသိမ်းရန် ပြည်သူများမှ ကန့်ကွက်သော်လည်း ပြီးခဲ့သည့် မေလတွင် လယ်ယာ၊ တောင်ယာ များကို အုတ်တိုင်များဖြင့် အမှတ်အသားများ ပြုလုပ်ထားခဲ့သည်ဟု ဆိုသည်။
“အခုသိမ်းဖို့ အစီအစဉ်ရှိတယ်လေ။ သူမြေကွက်တွေ အမှတ်အသားတွေ သူလုပ်ထားတယ်လေ။ဘယ်နေရာ အထိ ဆိုပြီးတော့မှ အုတ်တိုင်လေးတွေ သူစိုက်ထားပြီးပြီပေါ့။ ဆိုတော့ အဲဒီအုတ်တိုင် ပတ်ပတ်လည်ကြား ထဲမှာ ဧက ၂၇၀၀လောက် ရှိတယ်” ဟု ကရင်နီပြည်ထဲရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗားမားနိုင်က ပြောသည်။
ထိုဒေသသည် လယ်ယာလုပ်ငန်းလုပ်ကိုင်စားသောက်ရန် မြေယာ ရှားပါးသည့်နေရာဖြစ်သည်ဟု သိရသည်။