အမေရိကန်ကိုယ်စားလှယ်ကို အန်အယ်လ်ဒီ ပိုမျှော်လင့်

အမေရိကန်ကိုယ်စားလှယ်ကို အန်အယ်လ်ဒီ ပိုမျှော်လင့်
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးအထူးအကြံပေးအရာရှိဗီဂျေနမ် ဘီးယား ထက် အမေရိကန်၏ မြန်မာပြည်အထူး ကိုယ်စားလှယ်က မြန်မာ့ဒီမိုကရေစီရေးတွင်ပိုမို တက်ကြွစွာဆောင်ရွက်နိုင်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ  ဦးအုန်းကြိုင်က မျှော်လင့်နေသည်။

assk-vijay-nambiar
သုံးရက်ကြာ မြန်မာနိုင်ငံ ရောက်ရှိနေသည့် ကုလအထူးသံတမန် ဗီဂျေနမ်ဘီးယားနှင့်ဒေါ်အောင်ဆန်းစုကြည် အပါအဝင်  NLD အကြီးတန်းခေါင်းဆောင်များ ကြာသပတေးနေ့က နှစ်နာရီကြာ ရန်ကုန်တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် ဆွေးနွေးခဲ့ကြပြီးနောက် ဦးအုန်းကြိုင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အမေရိကန်ဆိုတာက ဒီမိုကရေစီရေးမှာ တက်ကြွတယ်၊ ဒီမိုကရေစီရဲ့ မိခင်နိုင်ငံကြီးလို့အသိအမှတ်ပြု ထားတော့ အမေရိကန်ကတော့ ကုလသမဂ္ဂထက်စာရင် ပိုပြီးတော့ လွတ်လွတ်လပ်လပ်ပေါ့ဗျာ၊ သူ့မှာ Power balance ရှိပေမယ့်လည်း တနိုင်ငံတည်းဆိုတော့ဗျာ ပိုပြီး တက်တက်ကြွကြွ ဆောင်ရွက်နိုင်တယ်လို့ကျနော့် တယောက်ထဲ အမြင်ပေါ့” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာမူဝါဒညှိနှိုင်းရေးမှူးနှင့် သမ္မတအထူးကိုယ်စား လှယ်အဖြစ် အာရှအတွေ့အကြံုနှင့် တရုတ်နိုင်ငံ အတွေ့အကြံုများရှိသူ ဒဲရက်မစ်ချဲလ်ကို ခန့်ထားရန်အထက် လွှတ်တော်ကို အဆိုပြုထားသည်။

အထက်လွှတ်တော်က အတည်ပြုပြီးလျှင် မစ္စတာ ဒဲရက်မစ်ချဲလ် သံအမတ်အဆင့်တာဝန်ကို ထမ်းဆောင်မည် ဖြစ်သည်။

ထိုကဲ့သို့ အမေရိကန်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းပြီး မကြာမီမှာပင်  ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် စစ်မှန်သည့် ကူညီမှုမျိုးရနိုင်ရန် မျှော်မှန်းကြောင်း AP သတင်းတရပ်တွင် ပါရှိသည်။

လက်ရှိတွင် မစ္စတာ မစ်ချဲသည် ကာကွယ်ရေး ဝန်ကြီးဌာန အာရှနဲ့ ပစိဖိတ်ဒေသ လုံခြံုရေးရာ ဒု လက်ထောက် ကာကွယ်ရေးဝန်ကြီးတာဝန် ထမ်းဆောင်လျက်ရှိသည်။

“ကုလသမဂ္ဂမှာလည်း ကမ္ဘာ့ အဖွဲ့အစည်းကြီးဖြစ်တဲ့အတွက်ကြောင့် ကန့်သတ်ထားတာတွေရှိပါတယ်၊  လုံခြံုရေးကောင်စီတို့ ဘာတို့မှာ တင်ပြီးတော့ ဆွေးနွေးရတဲ့ အချက်တွေရှိတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကမူ "အမေရိကန်ကတော့ လုပ်ပိုင်ခွင့် ပိုရှိချင်ရှိမယ်၊  ဒါဟာ လုပ်တဲ့အပေါ်မှာ တည်တာကိုးဗျ၊ လုပ်ပိုင်ခွင့် ဘယ်လောက်ရှိရှိ၊ တကယ်လုပ်မယ့်လူဆိုရင်တော့ကြံဖန် ပြီးတော့ နည်းလမ်းရှာပြီး လုပ်လို့ရတာပဲ၊ မလုပ်ချင်ဘူးဆိုရင်တော့ လုပ်ပိုင်ခွင့်ရှိလည်းပဲ လုပ်ဖြစ်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီလို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေ လာပြီးတော့ လေ့လာလေ ပိုကောင်းပါတယ်" ဟု မှတ်ချက်ပေးသည်။

အစိုးရပုံစံပြောင်းအပြီး မြန်မာပြည် ပထမဆုံးရောက်လာသော မစ္စတာ ဗီဂျေ နမ်ဗီးယား သမ္မတ ဦးသိန်းစိန် နှင့်ပါ တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း နေပြည်တော်က စိတ်ဝင်စားဟန် မပြဘဲရှိသည်။

ကုလကိုယ်စားလှယ်သည် ဗုဒ္ဓဟူးနေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို စသည့် အစိုုးရသစ် တာဝန်ရှိသူ တချို့နှင့် တွေ့ဆုံခွင့်ရခဲ့ သော်လည်းသမ္မတဦးသိန်းစိန် နှင့်မတွေ့ခဲ့ရပေ။

နောက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်တို့ နှင့် သီးသန့်တခါတွေ့ဆုံပြီး NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့် တို့နှင့် နောက်တကြိမ်ဆွေးနွေးပြန်သည်။

အစိုးရသစ်ထံမှ အင်မတန် အားတက်ဖွယ် အရိပ်လက္ခဏာတွေ့ကြောင်း ကုလကိုယ်စားလှယ်ကဆွေးနွေးပွဲ အပြီး သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပွင့်လင်းသော ဆွေးနွေးပွဲဖြစ်ကြောင်းနှင့် အပျက်သဘောမဆောင်လိုဟု ဆိုကာ အစိုးရသစ်၏ နောက်ထပ်ခြေလှမ်းကို စောင့်ကြည့်ရန် လိုသည်ဟုဆိုသည်။

ဆွေးနွေးပွဲတွင် NLD ဘက်က နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနှင့် ပါတီတရားဝင်ဆက်လက်ရပ် တည်နိုင်ရေး ကုလသမဂ္ဂက အကူညီပေးစေလိုကြောင်း တင်ပြခဲ့သည််။

ထို့အပြင် ထိရောက်မှု အားနည်းသောကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုုပ်၏ကိုယ်စားလှယ် အဖြစ်ထက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းသံတမန်တဦး ခန့်ထားသင့်သည်ဟု NLD ဗဟို အလုပ်မှုဆောင် ဦးဝင်းတင်က ဗီအိုအေ မြန်မာပိုင်းသို့ ပြောကြားသွားသည်။

မြန်မာအစိုးရသစ်က လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေကို သိသိသာသာ အပြောင်းအလဲမလုပ်သေး ခင် သူ၏တရားဝင်ရပ်တည်မှုအတွက် ကုလသမဂ္ဂကို အသုံးချတာမျိုးအဖြစ် မခံသင့်ကြောင်း လူ့အခွင့့်အရေးစောင့်ကြည့်ရေးအဖွဲ့က သတိပေးထားသည်။

တတိယမြောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား သောကြာနေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး မပြန်ခင် ရွေးကောက်ပွဲဝင်ပါတီ ၁၁ ခုမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံမည် ဖြစ်သည်။

ရွေးကောက်ပွဲ သပိတ်မှောက်ခဲ့သော်လည်း NLD မှာ အကြီးဆုံး ပါလီမန်ပြင်ပအတိုက်အခံဖြစ်ဆက်လက် ရပ်တည်နေပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အတိုက်အခံ ခေါင်းဆောင်အဖြစ် ဆက်လက်တည်ရှိနေသည်။

ဗီဂျေနမ်ဘီးယားအရင် မြန်မာ့အရေးဆောင်ရွက်ရန် ကုလသမဂ္ဂက ရာဇာလီ အစ္စမေးလ်နှင့် ဂမ်ဘာရီတို့ကို စေလွှတ်ခဲ့ရာ မစ္စတာ ဂမ်ဘာရီခရီးစဉ် နောက်ဆုံးတခေါက်တွင် ဒေါ်အောင်ဆန်းစုကြည်ကထွက်မတွေ့ သည်အထိ ဖြစ်ခဲ့သည်။ ဗီဂျေနမ်ဘီးယားသည် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူးအဖြစ် ၂ဝဝ၇ ဇန်နဝါရီလမှ စ၍ ထမ်းဆောင်ခဲ့သည်။

Most read this week