ဘန်ကောက်(မဇ္စျိမ) ။ ။ ထိုင်းနိုင်ငံရှိတရား မဝင်ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ခွင့်ကို လာမည့်ဇွန်လ ၁၅ရက်နေ့မှ စတင်ပေးမည်ဟု အလုပ်အကိုင်ခန့်ထားရေးညွှန်ချုပ် ဆူသာစာနီ ဆဝေါင်ဖတ်က ပြောကြောင်းနေရှင်းသတင်းစာ က ရေးသားသည်။
မှတ်ပုံတင်ပုံစံများကို ဒေသဆိုင်ရာ အလုပ်သမားရုံးအသီးသီးတွင် တောင်းခံနိုင်ပြီး ဆေးစစ်ခ ဘတ်၆ဝဝ၊ ကျန်းမာရေးအာမခံ ဘတ် ၁၃ဝဝ၊ အလုပ်လုပ်ခွင့် လက်မှတ်လျှောက်ထားခ ဘတ်၁ဝဝနှင့် အလုပ်လုပ်ခွင့် ပါမစ်ကြေး တနှစ်အတွက် ဘတ် ၁၈ဝဝ အသီးသီး ကုန်ကျမည်ဖြစ်သည်။
“အကယ်၍ တရားမဝင်အလုပ်သမား တွေ အကုန်လုံး ဒီမှတ်ပုံတင်ခွင့်ပေးတဲ့စနစ်ထဲဝင် လာမယ်ဆိုရင် သူတို့အတွက် ပိုပြီးအကာအကွယ် ပေးနိုင်မှာဖြစ်ပြီး သင့်တော်တဲ့လုပ်အားခတွေ လည်း ရရှိမှာ ဖြစ်ပါတယ်” ဟု ညွှန်ချုပ်ဆဝေါင် ဖတ် ပြောစကားကို သတင်းစာကကိုးကားထား သည်။
မှတ်ပုံတင်ခွင့်ပြုသည့် ကာလသည် တလကြာမြင့်မည်ဖြစ်ပြီး ထိုကာလနောက်ပိုင်း တရားမဝင် အလုပ်သမား လက်ဝယ်တွေ့ရှိသော လုပ်ငန်းရှင်များအား အလုပ်သမားတဦးအတွက် ဘတ်ငွေ ၁ဝ,ဝဝဝ မှ ၁ဝဝ,ဝဝဝ အထိလည်းကောင်း၊ အလုပ်သမားအား ဘတ်ငွေ ၂,ဝဝဝမှ ၁ဝဝ,ဝဝဝ ထက်မပိုသော ဒဏ်ငွေ သို့မဟုတ် ၅နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။
ဖေဖော်ဝါရီလကုန် သက်တမ်းဆက်ခွင့် ကုန်ဆုံးချိန် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော ရွှေ့ပြောင်း လုပ်သားဦးရေ ၈၄၅,၁၃၉ ဦးရှိသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းဇယားကို ကိုးကား၍ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများရေးရာ IOM အဖွဲ့၏ ဧပြီလ ၁၁ ရက်နေ့ထုတ်ပြန်ချက် တွင် ပါရှိသည်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင် အလုပ်လုပ်နေသူ ၅၅ဝ,ဝဝ၃ ဦးရှိပြီး ထိုအထဲတွင် မြန်မာ ၃၅၂,၇၄၈ ဦး ပါဝင်သည်ဟု ဆိုသည်။
အလုပ်သမားရေးအဖွဲ့များက တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည်ဟု ခန့်မှန်းထားကြသည်။