ထိုင်းလုပ်ငန်းရှင်များ အလုပ်သမား စာရင်းတင်ခွင့်ပြုပြီ

ထိုင်းလုပ်ငန်းရှင်များ အလုပ်သမား စာရင်းတင်ခွင့်ပြုပြီ
by -
အောင်မြတ်စိုး

ဘန်ကောက်(မဇ္စျိမ) ။        ။ဇွန်လတွင်စတင် ဖွင့် လှစ်မည့် အလုပ်သမားအသစ် မှတ်ပုံတင် အစီအစဉ်အတွက်ထိုင်းလုပ်ငန်းရှင်များအနေ ဖြင့်  လိုအပ်သော အလုပ်သမားအရေအတွက် ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်းထိုင်းအလုပ် သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်

ဘန်ကောက်(မဇ္စျိမ) ။        ။ ဇွန်လတွင် စတင်ဖွင့်လှစ်မည့် အလုပ်သမားအသစ် မှတ်ပုံတင် အစီအစဉ်အတွက် ထိုင်းလုပ်ငန်းရှင်များအနေဖြင့်  လိုအပ်သော အလုပ်သမား အရေအတွက်ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ ဆွန်ကိယက်ချာဆီဝုန်ကထုတ်ဖော်ပြောကြား သည်ဟု Thainews တွင် ယနေ့ပါရှိသည်။

မကြာခင်က ထိုင်းအစိုးရက တရားမဝင် အလုပ်သမားများအား မှတ်ပုံတင်ခွင့်အသစ်ပြုလုပ်ခွင့်ပေးခဲ့သည့် နောက် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဘန်ကောက် အလုပ်သမားရေးရာ ခရိုင်၁ဝခုမှ ဒါရိုက်တာများ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးအပြီးတွင် ထိုသို့ ထုတ်ဖော် ပြောကြားလိုက်သည်။

ဘန်ကောက်ဧရိယာအတွင်း တရားမဝင် အလုပ်သမားများနှင့် လုပ်ငန်းရှင်များ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွင် လွယ်ကူချောမွေ့စွာ လုပ်ဆောင်ခွင့်ရှိရန် (one stop service) ခေါ်သည့် လုပ်ငန်းစဉ်ဖြင့် တနေရာထဲတွင် ပြီးစီးစေမည်ဖြစ်သည်။ သို့အတွက် လုပ်ငန်းရှင်များသည် လုပ်သားများအား မှတ်ပုံတင်ခွင့် ဖွင့်မပေးမီအတွင်း မိမိတို့လိုအပ်သော အလုပ်သမားအရေအတွက် လျှောက်ထားရမည် ဖြစ်သည်။

“ပထမအဆင့်က တနေရာထဲမှာ ကိုတာ( Quota) အတွက် သွားလျှောက်ရမယ်ပေါ့၊ အခုဟာက အရင်ကလို အလုပ်သမားတွေက နေထိုင်ခွင့် ၃၈/၁ကို ကိုယ်တိုင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး သွားလျှောက်စရာ မလိုတော့တဲ့ သဘောပဲ၊ တနေရာထဲ ဖောင်ဖြည့်ရဖို့များတယ်၊ ဘာလို့ဆို လက်ဗွေနှိပ်တာတို့ ကိုယ်ရေးအချက်အလက် ယူတာတို့ပါ ပါမယ်လေ၊ အလုပ်သမားရုံးက မှတ်ပုံံတင်ပြီးတာနဲ့ မြို့နယ်ရုံးကို အချက်အလက်တွေ ပို့မယ် အဲဒီလို” ဟု Migrant Working Group တာဝန်ခံတဦးက မဇ္စျိမကို ပြောဆိုသည်။

ပထမအဆင့်အနေဖြင့် လုပ်ငန်းရှင်များသည် ယနေ့မှစ၍ မိမိတို့ဌားရမ်းမည့် အလုပ်သမားအရေအတွက် လာလျှောက်ရမည်ဖြစ်သည်။   ထို့နောက် ဇွန်လတွင် အလုပ်သမားမှတ်ပုံတင်အသစ် ပြုလုပ်ခွင့်ပေးချိန်တွင် သက်ဆိုင်ရာ ဒေသအလုပ်သမားရုံးများသို့ သွားရောက်တင်သွင်းရမည်ဖြစ်သည်။

ကျန်းမာရေး အာမခံအတွက် ဆေးစစ်သောအခါနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင်လျှောက်ရန် လုပ်ငန်းစဉ်တွင်း အလုပ်သမားများကို ခေါ်လာရမည်ဖြစ်ပြီး ဘတ်ငွေ ၃၈၈ဝ ကုန်ကျမည် ဖြစ်သည်။

ဇွန်လ ၃ဝ ရက် နောက်ပိုင်းတွင် တရားမဝင် အလုပ်သမားလက်ဝယ်တွေ့ရှိသော လုပ်ငန်းရှင်များအား အလုပ်သမားတဦးအတွက် ဘတ်ငွေ ၁ဝ,ဝဝဝ မှ ၁ဝဝ,ဝဝဝ အထိလည်းကောင်း၊ အလုပ်သမားအား ဘတ်ငွေ ၂,ဝဝဝမှ ၁ဝဝ,ဝဝဝ ထက်မပိုသော ဒဏ်ငွေ သို့မဟုတ် ၅ နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ်ဒဏ် နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။

ထို့ပြင် မှတ်ပုံတင်ထားသည့် လုပ်ငန်းအမျိုးအစားနှင့် ကွဲလွဲသော အလုပ်လုပ်နေသည့် အလုပ်သမားများကို တွေ့ရှိပါက အလုပ်သမားကို ဘတ်ငွေ ၂ဝ,ဝဝဝ ထက်မပိုသော ဒဏ်ငွေနှင့် ခိုင်းစေသော လုပ်ငန်းရှင်ကို ဘတ်ငွေ ၁ဝ,ဝဝဝ ထက်မပိုသော ဒဏ်ငွေ တပ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်စာရင်းဇယားအရ ဖေဖော်ဝါရီလကုန် သက်တမ်းဆက်ခွင့် ကုန်ဆုံးသောအခါ အလုပ်သမားဦးရေ ၈၄၅,၁၃၉ ဦးသာ တရားဝင် ကျန်ရှိတော့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းဇယားကို ကိုးကား၍ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများရေးရာ IOM အဖွဲ့က ဧပြီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ အလုပ်လုပ်နေသူ ၅၅ဝ,ဝဝ၃ ဦး ဖြစ်ပြီး ထိုအထဲတွင် မြန်မာက ၃၅၂,၇၄၈ ဦး ပါဝင်သည်ဟု ဆိုသည်။

အလုပ်သမားရေးအဖွဲ့များက တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခန့်ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်နေသည်ဟု ခန့်မှန်းထားသည်။