ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာစစ်အစိုးရသည် အကျဉ်းသားအရေး၊ နယ်စပ်ဒုက္ခသည်များအရေး မဖြေရှင်းဘဲ လူ့အခွင့်အရေးချိုးဖောက်နေသေး သဖြင့် ဥက္ကဋ္ဌ တာဝန်မပေးရန်အာဆီယံအသင်း ကြီးထံ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် အာဆီယံ ပြည်သူ့ဖိုရမ်အဖွဲ့က ကြာသပတေးနေ့ကတောင်းဆို လိုက်သည်။
“ဒုက္ခသည်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေတယ်။ နောက်တခါ လူ့အခွင့်အရေးချိုးဖောက် နေတဲ့အတွက် မြန်မာအစိုးရကို အာဆီယံရဲ့ ပေါ်လစီက ဒီထက်ပိုပြီး ပြင်းထန်ဖို့၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အာဆီယံနိုင်ငံတွေ ထောက်ခံဖို့၊ ၂ဝ၁၄မှာ အာဆီယံ ဥက္ကဋ္ဌ လျှောက်တဲ့ဟာ လက်မခံဖို့ လှုံ့ဆော်မှုတွေရှိတယ်”ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB မှ တာဝန်ခံဦးအောင် မျိုးမင်းက ပြောသည်။
အာဆီယံ ၁၀ နိုင်ငံမှ ဒေသတွင်း အရပ်ဖက် လူမှုအဖွဲ့အစည်း ACSC နှင့် အာဆီယံ ပြည်သူ့ဖိုရမ် APF ကိုယ်စားလှယ်ပေါင်း ၁၃၀၀ဝ ကျော် ဂျကာတာမြို့တွင် ယခုလ ၃ ရက်မှစ၍ ၃ ရက်ကြာဆွေးနွေး ဖလှယ်ခဲ့သည်။
မြန်မာအစိုးရဘက်က တက်ရောက်သူများမှာ သမ္မတ ဦးသိန်းစိန် မကြာသေးမီက နိုင်ငံရေး အကြံပေးအဖြစ် ခန့်အပ်လိုက်သော ဦးကိုကိုလှိုင်၊ ဒေါက်တာနေဇင်လတ်နှင့် ဦးရဲတင့်တို့ အပါအဝင် ၅ ဦးပါကိုယ်စားလှယ် အဖွဲ့ ဖြစ်သည်။
ထိုင်းအခြေစိုက် ဒီမိုကရေစီအင်အားစုအဖွဲ့များမှ အမျိုးသမီးသမဂ္ဂ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ အေအေပီပီ၊ လူ့အခွင့်အရေး ပညာပေးဌာန(မြန်မာနိုင်ငံ) စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၈ ဦးခန့် တက်ရောက် ဆွေးနွေးနေသည်။
အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံမည့် ပြည်သူ့ကိုယ်စားလှယ် ၁၀ ဦးကို ရွေးချယ်လိုက်သော်လည်း အမည်စာရင်း မသိရသေးပေ။ ကိုယ်စားလှယ်များ ရ ရက်နေ့တွင် အာဆီယံခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော် ကိုယ်စားလှယ်များက ဒီမိုကရက်တစ် အင်အားစု ကိုယ်စားလှယ်များကို ရွေးချယ်ရန် လက်မခံသဖြင့် အရပ်ဖက် လူ့အဖွဲ့အစည်းကို ကိုယ်စားမပြုသူများကို မထောက်ခံခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
“ဒေသတွင်း ဦးဆောင်မှု မပြောနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ အုပ်ချုပ်မှု စနစ်တွေကို ပိုကောင်းအောင် မလုပ်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတုန်းဘဲ၊ ဒုက္ခသည်တွေ နယ်စပ်တလျှောက်မှာ ရှိနေတုန်း၊ အမှန်တကယ် တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဘဲ လွှတ်တော်ကနေဘဲ ဥပဒေတွေ ထုတ်ပြန်နေတဲ့အတွက် နအဖကို အာဆီယံ ဥက္ကဋ္ဌတာဝန်ပေး ရေးလုံးဝ လက်မခံဘူး”ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ထိုတောင်းဆိုချက်ကို လာမည့် ရ ရက်နေ့ အာဆီယံခေါင်းဆောင်ထံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှား သမ္မတ ဒေါက်တာဆူဆီလို ယူဒိုယိုနို၏ ဖိတ်ခေါ်ချက်အရ ဦးသိန်းစိန်၏ပထမဆုံးသမ္မတ ခရီးစဉ် ယနေ့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း တရုတ် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း လာမည့် ရ ရက် ၈ ရက်နေ့များ၌ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရှိသည်။
အာဆီယံ ပါလီမန် အမတ်များအသင်း (Asean Inter-Parliamentary Myanmar Caucus- AIPMC) ၏ ထုတ်ပြန်ချက်တွင် ၂ဝ၁၄ အတွက် မြန်မာက အာဆီယံ ဥက္ကဋ္ဌနေရာ တောင်းဆိုထားမှုအပေါ် နိုင်ငံအတွင်း အမှန်တကယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုများ ဖြစ်ပေါ်လာသည့်တိုင် ဆက်ငြင်းပယ် ကရန် တိုက်တွန်းထားသည်။ ၂ဝ၁၅ အာဆီယံလူမှုအဖွဲ့အစည်း ထူထောင်ရာတွင်အဟန့်အတားဖြစ်စေ မည်ဟုလည်း ဖော်ပြထားသည်။