မဟာဒေဝီနဲ့ရှမ်းပြည်အရေး အပိုင်း (၁)

မဟာဒေဝီနဲ့ရှမ်းပြည်အရေး အပိုင်း (၁)
by -
ဦအောင်ခင်

လွတ်လပ်တဲ့ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွား- စဝ်ရွှေသိုက်နဲ့ ဇနီး မဟာဒေဝီ- စဝ်ဟိန်းခမ်း ပါဝင်ခဲ့တဲ့ရှမ်းပြည်အရေး လှုပ်ရှားမှုကို The White Umbrella ထီးဖြူ ဆိုတဲ့ အမည်နဲ့ ကနေဒါ နိုင်ငံသူ စာရေးဆရာမ Patricia Elliott စာအုပ်ရေး ပြီး ၁၉၉၉ မှာဘန်ကောက် အခြေစိုက် Post Books စာအုပ် တိုက်ကထုတ်ဝေ ခဲ့ပါတယ်။

the-white-unbreallaသူကိုယ်တိုင် သုတေသနလုပ်တဲ့အပြင် မဟာဒေဝီ စဝ်ဟိန်းခမ်းနဲ့ သားသမီးတွေရဲ့ ပြောပြချက်ကိုပါ အခြေခံပြီး အသေးစိတ်ရေးထားတာမို့ စာမျက်နှာ (၄၀၀) ရှိပါတယ်။ ဒါပေမယ့် ကြားလိုက်တာနဲ့ နားလည်နိုင်အောင် ရည်ရွယ်ပြီး “လေလှိုင်းထဲက စာအုပ်စင်” မှာလိုရင်းတိုရှင်း အကျဉ်းချုံးပြီး အပိုင်းလိုက် တင်ပြ သွားပါမယ်။

မဟာဒေဝီ စစ်ဟိန်းခမ်းဟာ သိန္နီစော်ဘွား-ခွန်ဆန်တွန့်ဟုန်းရဲ့ သမီးတော်ဖြစ်လို့ ဘိုးဘွားပြောတဲ့ ရှေးဟောင်း ပုံပြင်တွေကို ကြားဖူးနား ဝရှိသူဖြစ် ပါတယ်။ တိုင်း (Tai) လို့ခေါ်တဲ့ ရှမ်း လူမျိုးဟာ တချိန်က ဆစ်ဆောင်ပန္နား (Sip Song Panna) အရပ်မှာနေထိုင်ပြီး တာလီဖူးကို မြို့တော်လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ရှမ်းမင်းတွေသြဇာ အရှိန်အဝါကျဆင်းလာပြီး တရုတ်နဲ့ဗမာကို လက်ဆောင်ပဏ္ဍာ ဆက်သရတဲ့ အခြေအနေ ရောက်လာခဲ့ပါတယ်။ ၁၉ ရာစု နှောင်းပိုင်းမှာ အထက် မြန်မာပြည်ကို အင်္ဂလိပ်သိမ်းတော့ ကိုလိုနီအစိုးရအာဏာစက် အောက်မှာ ရှမ်းပြည် ရောက်သွားပါတယ်။ ကိုလိုနီအစိုးရ အသိ အမှတ်ပြုမှသာ စော်ဘွားဖြစ်နိုင်ပါတယ်။ ရှမ်းတွေက သူတို့ကို “တိုင်း” လို့ခေါ်စေချင်ပေမယ့် ပိုမိုအင်အားကြီးတဲ့ ဗမာက “ရှမ်း” လို့ခေါ်တဲ့အတိုင်း ဗမာကို နိုင်လိုက်တဲ့ အင်္ဂလိပ်က “ရှမ်း” လို့ ခေါ်လာတာ ဖြစ်ပါတယ်။

စော်ဘွားတွေကို အခွန်တော်စည်းကြပ်ခွင့်နဲ့ တရားစီရင်ပိုင်ခွင့် ပေးထားပါတယ်။ ဒါပေမယ့်စော်ဘွားနေရာ ဆက်ခံ မယ့်သူ ရွေးချယ်ရာမှာ တော့ အင်္ဂလိပ် ကိုလိုနီအစိုးရရဲ့ အတည်ပြုချက်ရဖို့ လိုအပ်လာပါတယ်။ ဒီလိုလုပ်ပိုင်ခွင့် ရရှိတဲ့အတွက် စော်ဘွားဟာ ကိုလိုနီအစိုးရကို ဆက်ကြေးပေးရပြီး ရှမ်းပြည်က သစ်တောနဲ့ သဘာဝသယံဇာတကို အင်္ဂလိပ်ပိုင်ကြောင်း အသိအမှတ်ပြုရပါတယ်။ ဒီအစီအစဉ်ကို တရားမျှတတယ်လို့ ဘယ်သူမှ မပြောနိုင်ပေးမယ့် မိမိဘာသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေသေးတဲ့အတွက် ရှမ်းစော်ဘွားတွေ အဖို့အသက်ရှုချောင်သေးတယ်လို့ပြော နိုင်ပါတယ်။ အင်္ဂလိပ်ရောက်လာမှပဲ စော်ဘွားအချင်းချင်းစစ်ခင်းတဲ့ အကျင့်တွေပျောက်ကွယ်ပြီး လူမှုစီးပွား တိုးတက်ရေးကို အာရုံစိုက်လာကြပါတယ်။

အင်္ဂလိပ်ကိုလိုနီအစိုးရမင်းကြီးချုပ် Crosthwaite ကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရှမ်းစော်ဘွား (၃၃) ဦးတက်ပါ တယ်။ ဒီအထဲမှာ ရှမ်းပြည် မြောက်ပိုင်းက သိန္နီစော်ဘွား၊ သီပေါစော်ဘွား၊ အရှေ့ပိုင်းက ကျိုင်းတုံစော်ဘွား၊ တောင်ပိုင်းက ညောင်ရွှေစော်ဘွားနဲ့ မိုးနဲစော်ဘွား စတဲ့ စော်ဘွား (၅) ဦးဟာချမ်းသာ သူတွေဖြစ်ပါတယ်။ မင်းကြီးချုပ် Crosthwaite ကစော်ဘွားတဦးစီကို ကြိုဆိုနှုတ်ဆက်ပြီး ဆက်ကြေး မှန်မှန်ပေးဖို့အရေးကြီးကြောင်း ဒီဆက်ကြေးနဲ့ ရှမ်းပြည်ကာကွယ်ရေးတပ်ဖွဲ့ကိုထောက်ပံ့နေရတာဖြစ် ကြောင်းရှင်းပြပါတယ်။ နောက်တော့ Victoria ဘုရင်မကြီးကို သစ္စာစောင့်သိကြောင်းကျမ်းကျိန်ကြရ ပါတယ်။ ဒေသငြိမ်ဝပ်ပိပြားရေးအတွက် တပ်သား (၃၀၀၀) ရှိတဲ့ ပြည်သူ့စစ် ကိုဖွဲ့စည်းပါတယ်။

ဒီအချိန်မှာစောဘွား ခွန်ဆန်တွန့်ဟုန်း ဟာ ဇနီး (၄) ယောက်အတွက် အဆောင် (၄) ခုပါဝင်တဲ့ ဟော်နန်းကို တည်ဆောက်ပါတယ်။ မန္တလေး နန်းတော်ပုံစံအတိုင်း ကျွန်းသစ်နဲ့ ဆောက်တဲ့ သိန္နီဟော်နန်းပါ။ရှမ်းစော် ဘွား မင်းညီမင်းသားတွေနေထိုင်ရာ အဆောက်အဦးကို ဟော် လို့ခေါ်တာကြောင့် ရှမ်းမင်းသား မင်းသမီးတည်းခိုဖို့ ယာယီဆောက်ထားတဲ့ဝါးတဲကိုလဲ “ဟော်” လို့ခေါ်ပါတယ်။သိန္နီစော်ဘွားခွန်ဆန် တွန့်ဟုန်း ရဲ့ စတုတ္ထမြောက် ဇနီးသည်ဟာ ၁၉၁၅ မေလ (၁၇) ရက်မှာသမီးဦးလေးမွေးဖွားပါ တယ်။ ဒီသမီးလေးဟာ နောင်အခါမှာ သမ္မတ စဝ်ရွှေသိုက်ရဲ့ဇနီး မဟာဒေဝီ စဝ်ဟိန်းခမ်းအဖြစ်ထင်ရှားလာပါ တယ်။ ဒီသမီးလေးမမွေးခင် လပိုင်းလောက်မှာ သိန္နီစော်ဘွား ခွန်ဆန်တွန့်ဟုန်းကွယ်လွန်သွားတာ ကြောင့် သူ့နေရာကို သားဖြစ်သူ “စဝ်ဟုံဖှ”ဆက်ခံပါတယ်။

အင်္ဂလိပ်လက်အောက်မှာနေရင် အင်္ဂလိပ်ပညာကို သင်ကြားမှသာအင်္ဂလိပ်အကြောင်းနားလည်မှာ ကိုစော်ဘွားတွေ သဘောပေါက်တာမို့ သားသမီးတွေကို ခေတ်မီပညာသင်ကြားစေပါတယ်။ ဒီနေရာမှာ သီပေါစော်ဘွားက ရှေ့ပြေး နေပါတယ်။ သားဖြစ်သူကို ၁၈၉၀ မှာ အင်္ဂလန်ပြည် Oxfordသက္ကသိုလ် ကိုပညာသင်စေလွှတ်တဲ့ စော်ဘွားဖြစ်ပါ တယ်။ ဒီလိုအစဉ်အလာရှိတာမို့ သိန္နီစော်ဘွား စဝ်ဟုံဖှရဲ့ နှမတော်တွေဖြစ်တဲ့ စဝ်ဟိန်းခမ်းနဲ့ အမဝမ်းကွဲ စဝ်စန္ဒာ တို့ဟာ မြန်မာစာတတ်ပြီးတာနဲ့မေမြို့ကက်သ လစ်ကျောင်းမှာ အင်္ဂလိပ်စာ သင်ကြားရပါတယ်။ မေမြို့ဟာ အင်္ဂလိပ်စစ်စခန်းကနေ ပေါ်ပေါက်လာတဲ့ တောင်ပေါ်မြို့ဖြစ်တာကြောင့် အင်္ဂလိပ်ဗိုလ်မှူးကြီး မေ ကို အစွဲပြုပြီး မေမြို့လို့ အမည်တွင်လာတာပါပဲ။

ရှစ်နှစ်သမီး စဝ်ဟိန်းခမ်ဟာ မေမြို့စိန့်ဂျိုးဖှ်ဇက်ကွန်ဗင့် မိန်းခလေးကျောင်းမှာ တတိယတန်းကစပြီး ပညာသင် ကြား ရပါတယ်။ Catholic ဘာသာအစဉ်အလာကျင့်ထုံးတွေ လိုက်နာရတာမျိုးရှိပေမယ့် ခရာဇ်ယန်ဘာသာကို ယုံကြည်သက်ဝင်လာအောင် ပြင်သစ်သီလရှင်တွေ ကဆွဲဆောင်တာမျိုးမရှိ ဘူးလို့ဆိုပါတယ်။ မေမြို့မှာ (၅) နှစ် လောက်ပညာသင်ကြားပြီးတဲ့အခါ စဝ်ဟိန်းခန်းခမ်း တို့ညီအမ ၁၉၂၉ မှာ ကလောကျောင်းကို ပြောင်းရပါတယ်။ ကလော St.Agnes ကွန်ဗင့်မိန်းကလေးကျောင်းကတော့ အီတလီ သီလရှင်တွေအုပ်ချုပ်တဲ့ ကျောင်းဖြစ်ပြီး အင်္ဂလိပ်မြန်မာကပြားတွေ ပညာသင်တဲ့ ခရာဇ်ယန်ကျောင်းပါပဲ။

အင်္ဂလိပ်နဲ့ တရုတ်အစိုးရတို့ နယ်နမိတ်သတ်မှတ်တဲ့အခါမှာ တရုတ်စကားပြောတဲ့ ကိုးကန့်နယ်ဟာ သိန္နီ စော်ဘွားလက်အောက်ရောက် လာပါတယ်။ အဲဒီခေတ်တုံးက ကိုးကန့်တရုတ်ဟာဘိန်းလုပ်ငန်းမှာ ကျွမ်းကျင်ကြ ပါတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရက ဘိန်းလုပ်ငန်းကို လိုင်စင်စနစ်နဲ့ချုပ်ချယ်ကန့်သတ် လေလေ ဘိန်းမှောင်ခို လုပ်ငန်းကြီးထွားလေလေဖြစ်နေပါတယ်။ အုတ်နီခဲအရွယ် ဘိန်းတလုံးကို ရှမ်းပြည်မှာ ရူပီး ၆၀ သာတန်ဖိုးရှိပြီး ယူနန်မှာ ရူပီး ၂၀၀ တန်ဖိုးရှိပါတယ်။ ကိုးကန့်မြို့စား “ယန်း” ဟာ သိန္နီစော်ဘွားကို တနှစ် (၂) ကြိမ်ကန်တော့ လက်ဆောင် ဆက်သရပါတယ်။

၁၉၂၂ မှာ ရှမ်း Federation စနစ်ကိုတီထွင်ပြီး အင်္ဂလိပ်နဲ့ ရှမ်းစောဘွားပူးတွဲအုပ်ချုပ်တဲ့အခါရှမ်းစော်ဘွား တွေက လုပ်ပိုင်ခွင့် နည်းပါးလာပြီး မိမိတို့နယ်မြေမှာ အုပ်ချုပ်ရုံလောက်သာ လုပ်နိုင်ပါတော့တယ်။ ဒီအချိန်မှာရှမ်းပြည် အရှေ့ပိုင်းမှာ ဘိန်းစိုက်နေပါပြီ။ အမေရိကန်ပြည်ထောင်စုကို ဘိန်းဖြူတင်ပို့နေတဲ့ ကိစ္စကို ၁၉၂၄ မှာ အမေရိကန် ကိုယ်စားလှယ်က နိုင်ငံပေါင်းချုပ်အသင်းထံ တင်ပြ ပါတယ်။မူးယစ်ဆေး စွဲနေတဲ့အမေရိန်ကန်နှစ်သိန်း လောက် ရှိတဲ့အနက် (၉၄) ရာခိုင်နှုန်းဟာဘိန်းဖြူသုံးစွဲနေကြောင်း သိရပါတယ်တဲ့။ ဒါကိုကြည့်လိုက်ရင် အင်္ဂလိပ် ကိုလိုနီခေတ် ကတည်းကဗမာ့ဘိန်းဖြူအမေရိကန်ကို ရောက်နေတာထင်ရှားပါတယ်။ အင်္ဂလိပ်ကိုလိုနီအစိုးရ က သိန္နီနယ် ဘိန်းစိုက်ပျိုးမှုကိုချုပ်ကိုင်လာတာ ကြောင့် ၁၉၂၆ မှာ ဘိန်းစိမ်းတန်ချိန် ၃၇ တန်ထွက်ရာက နောက် ၁၀ နှစ် အကြာ ၁၉၃၆ မှာ (၈) တန်သာ ထွက်တဲ့အထိ ဘိန်းအထွက်နှုန်းကျဆင်းကြောင်းသိရပါတယ်ခင်ဗျာ။

လေလှိုင်းထဲကစာအုပ်စင် လွှင့်ရက် (၂၂-၂-၂၀၀၆)
The White Unbrella (1) by Patricia Elliot, U Aung Khin

Most read this week