အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်တည်ဆောက် ရေးတွင် လယ်ယာမြေအသိမ်းခံရသည့်ဒေသခံ ကျေးလက် လူထုက သျှမ်းပြည်ဝန်ကြီးချုပ်ထံ တိုင်တန်းခဲ့သည့် ကိစ္စအပေါ် ခရိုင်ဦးစီးမှူးက ထပ်မံ တိုင်းတန်းခြင်း မပြုရန် ခြိမ်းခြောက် ပြောဆိုခဲ့ ကြောင်း သိရှိပါသည်။
တောင်ကြီးမြို့ အရှေ့မြောက်ဖက် မိုင် ၁၀၀ ကျော်ခန့် ကွာဝေးသည့် ခိုလမ်မြို့နယ်ခွဲ အတွင်းရှိ မြေပိုင်ရှင် (၇)ဦးကို ခရိုင်ဦးစီးမှူး နှင့် ဒေသ အာဏာပိုင်များက ဧပြီလ (၂၅)ရက်က ခေါ်ယူ တွေ့ဆုံပြီး ယင်းသို့ ပြောဆိုခဲ့ ကြောင်း မြေပိုင်ရှင်များနှင့် နီးစပ်သည့် ခိုလမ်မြို့ခံတစ်ဦးက ပြောပါ သည်။
ခရကမှူးက နောက်ထပ် တိုင်တန်းတာ လုပ်ရင် ဖမ်းပြီး ထောင် ရ နှစ် ၈ နှစ် ချပစ်မယ်လို့ ခြိမ်းခြောက်တယ်။ လယ်ယာစိုက်ပျိုးရေး ဦးစီးမှူးကလဲ - ခြံတွေ၊ လယ်တွေ၊ ယာတွေကို လိုအပ်ရင် အစိုးရသိမ်းယူလို့ ရတယ်ဆိုပြီး သူတို့ကို ပြောသွားတယ်။”
ခရိုင်ဦးစီးမှူးက ၎င်းတို့အနေဖြင့် ကူညီဖြေရှင်းပေးမည် ဖြစ်ကြောင်း ၊ ထပ်မံ တိုင်တန်းမှု မပြုလုပ်ရန်ပြောဆို ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောပါသည်။
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) အတွက် ဆေးရုံ၊ လျှပ်စစ်ရုံး၊ တိုင်းမှူး နားနေဆောင်၊ ပန်းခြံနှင့် ဂေါက်ကွင်း တည်ဆောက်ရေးအတွက် လယ်ယာမြေပိုင်ရှင် ၂၀ ဦးအား မတ်လအတွင်းက အတင်းအဓမ္မ လက်မှတ် ထိုးခိုင်းခဲ့သည်။ ၎င်းတို့အနက် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သော မြေပိုင်ရှင် ရ ဦးက ယခုလ ၁၁ ရက်တွင် သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်မြတ်ထံ တိုင်တန်းခဲ့သည်။
လက်မှတ်ထိုးပေးလိုက်သည့် မြေပိုင်ရှင် အချို့အတွက် ခိုလမ် ဆေးရုံ အနောက်ဘက် ကျိုင်းတောင်း အသွား ကားလမ်း ဘေးရှိ စိုက်ပျိုးရန် မဖြစ်နိုင်သော ၄၀ x ၆၀ ပေ ပတ်လည် မြေများဖြင့် အစားထိုး လျော်ပေး ခဲ့သည် ဟု သိရသည်။
သိမ်းဆည်းထားသော မြေကွက်များတွင် ဆောက်လုပ်ရေး ကုမ္ပဏီက မြေတူးစက်များဖြင့် ရှင်းလင်း နေကြောင်း အခြား ခိုလမ် ဒေသခံ တစ်ဦးကလည်း ယခုလို ပြောပါသည်။
“ခြံစည်းရိုးတွေ ဖျက်။ မြေတူးစက်တွေနဲ့ ရှင်းလင်းပြီး လမ်းဘေးမှာ မြောင်းတွေ တူးနေတယ်။အုတ်တံတိုင်း တွေ ခတ်နေတယ်။ ခြံထဲမှာ အလုပ်သမားတွေနေဖို့ တဲတွေ ဆောက်နေတယ်။ ခြံထဲမှာ သဲလာချပြီးအုတ်ရိုက် နေတာတွေလဲ ရှိ တယ်။”
မြေသိမ်းခံရသည့် ခိုလမ်ဒေသခံ အများစုမှာ ဆင်းရဲနွမ်းပါးသဖြင့် ၎င်းတို့ အိမ်ကိုပင် သွပ်မိုးနိုင်ကြချေ။ စားဝတ်နေရေး အဆင်ပြေစေရန် ၎င်းတို့ ခြံ၌ စိုက်ပျိုးကြပြီး ၊ မိမိတို့၏ သားသမီးများ ပညာရေးသင်ကြားနိုင် စေရန် ရှာဖွေနေကြရသည်ဟု ဆို၏။
“မြေသိမ်းခံရတဲ့ ရွာသူရွာသားတွေ အားလုံး ကိုယ့်လယ်ယာမြေ ပြန်ရချင်ကြတယ်။ စိုက်ပျိုးချိန် ရောက်ပြီဆို တော့ စိုက်ပျိုး ချင်ကြတယ်။ အချိန်တန် မစိုက်ရတော့ အင်မတန် ဝမ်းနည်းနေကြတယ်” ဟု အဆိုပါ ခိုလမ်ဒေသခံက ပြောပါသည်။
ခိုလမ်တွင် အခြား မြေဧက ၁၀၀ ကျော်ကိုလည်း အာဏာပိုင်များ အတင်းအဓမ္မ သိမ်းဆည်းကာ အကွက် ချ ပြန်ရောင်းနေကြောင်း ဒေသခံများက ဆိုသည်။