ရန်ကုန် (မဇ္စျိမ) ။ ။ မြန်မာသင်္ကြန် နှစ်ဦး အခါမှာ ပွင့်လန်းလေ့ရှိတဲ့ ပန်းပိတောက်ရွှေဝါတွေ ဒီတနှစ်တော့ ရွှေစိတ်တော်ကောက်နောက်ကျ နေခဲ့လေရဲ့။ ဒါပေမဲ့လည်း မနေ့တုန်းက မိုးလေး တဖြိုက်နှစ်ဖြိုက်ကျလို့ ဒီကနေ့မှာဖြင့်ပန်းရွှေဝါ တွေဟာ ရန်ကုန်မြို့တခွင်လုံး ဆင်ကာမြန်းကာ၊ ပွင့်ကာလန်းကာနဲ့ နေရာယူလာ ခဲ့ပါပြီ။
ပိတောက်ပွင့်ရက်ကို ဒီနှစ် မြန်မာနှစ်ကူးရဲ့ နေ့သစ်နေ့အဖြစ် ဝမ်းသာအယ်လဲ ကြိုဆိုသူတွေ ရန်ကုန်မှာ ရှိပါတယ်။ ပိတောက်ရနံ့တွေ ဖုံးလွှမ်းနေတဲ့ နေ့ကောင်းရက်မြတ်လေးအဖြစ်။
“မနက် အိပ်ရာနိုးနိုးချင်း တံခါးဖွင့်လိုက်တော့ ပိတောက်ပန်းန့ံက မွှေးနေတာနဲ့ ပိတောက်တွေ ပွင့်ပြီဆိုတာ သိတယ်။ ရုံးလာတဲ့လမ်းမှာ လူတွေလက်ထဲ၊ ခြင်းတွေထဲမှာ ပိတောက်ပန်းတွေ တွေ့တယ်။ ကားတွေထဲ မှာလည်း တွေ့တယ်။ တချို့က ပိတောက်ပန်းခိုင်ကြီးတွေ ပိုက်ပြီး ဓာတ်ပုံရိုက်ကြတယ်။ ဒီနေ့မှ တမြို့လုံး ပိတောက်တွေချည်းပဲ’’
ရန်ကုန်မြို့ခံ လူလတ်ပိုင်းအရွယ် အမျိုးသမီးတဦးက အားရဝမ်းသာ ပြောလာတာပါ။ ရှားရှားပါးပါး ပန်းမကြိုက်တဲ့ သူ့ခေါင်းထက်မှာလည်း ပိတောက်ပန်းပါပဲတဲ့။
“ညီမက ပန်းပွင့်တာကိုကြည့်ပြီး စိတ်ထဲ အရမ်းကြည်နူးတယ်။ အိမ်မှာ ပန်းအိုးထားရတာလည်းသဘောကျ တယ်။ ပန်းပန်တာ လုံးဝ ဝါသနာမပါဘူး။ ဒါပေမဲ့ ပိတောက်က တနှစ်မှ တခါပွင့်တာလေ။ ပြီးတော့ သူ့အန့ံကို အရမ်းကြိုက်တာရော၊ သူ့အရောင်ကို ကြိုက်တာရောကြောင့် ပန်လိုက်တယ်’’
စျေးဆိုင်တွေ၊ ကားတွေနဲ့ အနှေးယာဉ်တွေမှာ ဝံ့ကာကြွားကာ၊ အမျိုးသမီးတွေ ဆံကေသာထက်မှာ တခဲနက် နေရာယူလို့ပေါ့။
မြေသင်းနံ့နဲ့ ပိတောက်ပန်းရနံ့ လွှမ်းခြံုနေတဲ့ ရန်ကုန်ရဲ့ ဒီကနေ့မနက်ဟာ တိမ်ထူထူ မင်းမူပြီး၊ မိုးဖွဲလေးပါ ကွက်ကျားရွာနေလို့ မြို့ခံတွေအတွက် လောကဓာတ်တခွင် ကြည်လင်ရှင်းသန့်နေပါတယ်။
ပိတောက်ဟာ မြန်မာ့သင်္ကြန်ပွဲတော်မှာ ပွဲဝင်ပန်းအဖြစ် နှစ်ပေါင်းများစွာ ရှင်သန်ဖြတ်သန်းလာတဲ့ ယဉ်ကျေးမှု ပြယုဂ်လို့ဆိုရင် မမှားပါဘူး။ ၁၂ လရာသီ ပွဲတော်တွေမှာ ဦးဆုံးဖြစ်တဲ့ သင်္ကြန်ကာလ မြန်မာနှစ်သစ်ကူး အခါသမယဟာဖြင့် မပါရင် မပြီး၊ မရှိရင် မပြည့်စုံသူကတော့ ပိတောက်ပါပဲ။
သင်္ကြန်မိုးဖွဲလေးကျအပြီး ပွင့်လေ့ပွင့်ထရှိတဲ့ သင်္ကြန်ပန်း ခေါ် ပိတောက်ပန်းဟာ လွန်ခဲ့တဲ့ ၁ဝ စုနှစ်တခု နီးပါးမှာ တဖြည်းဖြည်း အရောက်နောက်ကျလာခဲ့ပါတယ်။ ခေတ်ရဲ့ အတတ်ပညာဖြစ်တဲ့ လက်မှုထည်စက္ကူ ပိတောက်ပန်းတွေနဲ့ပဲ သင်္ကြန်ပွဲတွေကို ရန်ကုန်သူ ရန်ကုန်သားတွေဟာ ဖြတ်သန်းခဲ့ရတာပါ။ တကယ့်ကို ပိတောက်ရနံ့ကင်း၊ ပင်ယံကိုင်းထက် ရွှေရောင်အဆင်း ကင်းကင်းနဲ့ပဲပေါ့။
သင်္ကြန်မိုးဟာ တခါတရံ သင်္ကြန်မတိုင်ခင် ရွာသွန်းပေးရင်း ပိတောက်ကို ကြိုခေါ်တာမျိုးတွေ၊ လနဲ့ချီ နောက်ကျပြီးမှ ကမ်းလင့်တာမျိုးတွေ ရှိတတ်ပါတယ်။ လူတွေပါးစပ်ဖျား အပြောများလာတာကတော့ ’’ပိတောက်တွေ သစ္စာမရှိတော့ဘူး’’ တဲ့။ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုချင်သူတွေက ''တယောက်ဆို တယောက်၊ ပိတောက်ဆို ပိတောက်''၊ ''ပိတောက်က သစ္စာရှိတယ်၊ သင်္ကြန်မှ ပွင့်တယ်'' ဆိုတာတွေကလည်း ဒဏ္ဍာရီဆန်ဆန် ဖြစ်သွားဟန်လိုနဲ့ပဲ အားမလိုအားမရ ခံစားခဲ့ကြရတာ။
မြန်မာသာမက ကမ္ဘာကြီးပါ လွန်ခဲ့တဲ့ ၁ဝ စုနှစ်အတွင်း အပြင်းအထန် အားမာန်တင်းကာအပြောင်းအလဲကြီး တွေ ပြောင်းခဲ့ရတာကိုး။ နိုင်ငံရေး၊ လူမှုရေး၊ ရာသီဥတုနဲ့ လူတွေရဲ့ စိတ်သန္တာန်၊ စရိုက်ဟန်တွေက သဘာဝကျကျ ပြောင်းလဲဖြစ်တည်နေရသမို့ ပိတောက်လည်းပဲ တာရှည်မခံ မလွန်ဆန်နိုင်တော့ပြီပဲလား။
ရန်ကုန်ကို အဝင်အရောက်နောက်ကျတာဖြင့် ကမ္ဘာကြီး ပူနွေးလာတာကြောင့်လား၊ ရန်ကုန်ကကားဟောင်း တွေ၊ မီးစက်တွေ၊ အဲယားကွန်းတွေကနေ ဖိတ်အန်လွှင့်မှန်လာတဲ့ ကာဘွန်ဒိုင် အောက်ဆိုဒ်တွေကြောင့်လား။ ဒါမှမဟုတ် ပိတောက်ကိုယ်တိုင်ပဲ သစ္စာမဲ့သွားသလား၊ ပိတောက်ကို သစ္စာပျက်အောင် သဘာဝမိခင်ကြီးကပဲ သိမ်းသွင်းလိုက်သလားလည်း မပြောတတ်။ ဘယ်သူ့ကို ယိုးမယ်ဖွဲ့ရတော့မှာလဲ။
ဘယ်လိုပဲ ရှိပါစေ၊ ပန်းပိတောက်တွေဟာ ရန်ကုန်သားတွေရဲ့ စိတ်အာရုံထဲ ခါတော်မီအရောက်ပေါက်ချ လာခဲ့ပါပြီ။
ပိတောက်ကို မျှော်နေသူတွေ ပျော်ကြ၊ ချစ်ခင်သူတွေ ရွှင်ပြနေရပါပြီ။
တကယ်ပဲ ပွင့်လာပြီမို့ ရန်ကုန်လမ်းတွေပေါ်မှာ ပိတောက်တွေ ကျဲပြန့်နေတာဖြင့် ခဏတဖြုတ်ဖြစ်ဖြစ်တည်ရှိ နေပါပြီ။ ရန်ကုန်မြေဟာ ပိတောက်လွှမ်းနေပါပြီ။
ပိတောက်ခင်းပေးတဲ့ လမ်းအထက် အားယူတက်ရင်း၊ ပိတောက်နံ့ကို ခဏတာ ရှူကာရှိုက်ကာဖြင့် အာရုံ နောက်စရာတွေကို နောက်မှာချန်၊ မေ့ဟန်ပြုလိုက်ဦးစို့ရဲ့။