နယ်စပ် ဖြတ်ကျော်တိုက်နေသော ဓါးပြ ၁၀ ဦး ဘင်္ဂလာဒေချ့်ဘက်ခြမ်းတွင် သုတ်သင်ခံရ

နယ်စပ် ဖြတ်ကျော်တိုက်နေသော ဓါးပြ ၁၀ ဦး ဘင်္ဂလာဒေချ့်ဘက်ခြမ်းတွင် သုတ်သင်ခံရ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာ နယ်စပ်အနီး ဘင်္ဂလာဒေ့ချ် ဘက်ခြမ်းတွင် ဓါးပြ ၁၀ ဦးမှာ ရဲနှင့် ပြည်သူများနှင့် အပြန်အလှန် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သတင်းရရှိ သည်။

ကော့ဘဇားခရိုင် ပန်းဝါ (ရာမူးမြို့နယ်) လက်အောက်ခံ ကီနီဟပလောင် ကျေးရွာအုပ်စုအပိုင် နာယာပါရာနှင့် ဂိုရာယာဒိ ကျေးရွာတွင် ဓါးပြများ မနေ့က ထိုသို့ အစုလိုက် အပြံုလိုက် သေဆုံးသွားခြင်း ဖြစ်သည်။

ပန်းဝါမြို့မှ ကိုကျော်ဝင်းက “ ဖြစ်တာက ပန်းဝါမြို့နယ်ဆိုပေမယ့် ပန်းဝါနဲ့ နည်းနည်းဝေးပါတယ်။ အိုကီးယားမြို့နဲ့ နီးပါတယ်။ ဖြစ်ပွားတာက ကျေးရွာတစ်ခု အိမ် ၃ အိမ်ကို ၀င်ရောက် ဓါးပြတိုက်ရာကနေ ပစ်ခတ်မူ ဖြစ်ပွားပြီး ရဲနဲ့ လူထုတွေရဲ့ လက်ချက်နဲ့ သေသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

သေဆုံးသူ ဓါးပြများထဲမှ နှစ်ဦးမှာ ရဲသားများ ပစ်ခတ်မူကြောင်း သေဆုံးသွားခဲ့ပြီး ကျန် ၈ ဦးကို လက်ရ ဖမ်းဆီးစဉ် ပြည်သူများမှ တုတ်များ အုတ်ခဲကျိုးများဖြင့် ရှင်းပစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဓါးပြတွေနဲ့ တိုက်ခိုက်စဉ်မှာ အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးသွားတဲ့ အတွက် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဓါးပြတွေကို ၀ိုင်းပြီး သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ မနေ့ကတော့ သေဆုံးသွားသူ ၁၁ ဦးရဲ့ အလောင်းကို ကော့ဘဇားဆေးရုံကို ပို့လိုက်ပါတယ်” ဟု ကိုကျော်ဝင်း ပြောသည်။

ဘင်္ဂလာ ရဲတပ်ဖွဲ့ သတင်းအရ အဖွဲ့ဝင် ၄၀ ခန့်ပါ၀င်သော ဓါးပြအဖွဲ့သည် မြန်မာနိုင်ငံနှင့် ကပ်ရပ်တည်ရှိသော အိုကီးယားမြို့့နယ် ဆာဒီကတာ ကျေးရွာမှ အိမ် ၃ အိမ်ကို ၀င်ရောက် ဓါးပြတိုက်ပြီး ရွှေချောင်း ၅၀၊ မိုဖိုင်းဖုံး ၁၀ လုံးနှင့် တာကာ ၅ သိန်းကို လုယက်သွားခဲ့ဟု သိရသည်။

ဓါးပြများ၏ တိုက်ခိုက်မူကြောင့် ရွာသား ၅ ဦး ပြင်းထန် ဒဏ်ရာ ရရှိသွားခဲ့ပြီး ဓါးပြများသည် အဆိုကျေးရွာမှ ဆုတ်ခွာပြီး နာယာပါရာနှင့် ဂိုရာယာဒိ ကျေးရွာတွင် ပုန်းအောင်းနေစဉ် ရွာသားများမှ တွေ့ရှိပြီး ရဲကို အကြောင်းကြားရာမှ စတင် ပစ််ခတ်မူ ဖြစ်ပွားသည်။ ဓါးပြများ ပစ်ခတ်မူကြောင့် အသက် ၃၀ အရွယ်ရှိ လူငယ် တစ်ဦးသေဆုံးခဲ့သည်။ နောက်ပိုင်းတွင် ဘင်္ဂလာရဲ၏ ပြန်လှည် ပစ်ခတ်မူကြောင့် ဓါးပြ ၂ ဦးသေဆုံးပြီး ၁၃ ဦးကို လက်ရ ဖမ်းဆီးမိခဲ့သည်။ ထိုအထဲမှ ၈ ဦးကို အရပ်သားများက ရှင်းပစ်ခဲ့ခြင်း ဖြစ်သည်။

ဓါးပြထံမှ လုပ်သေနတ် (၅) လက်နက် ခဲယမ်းမီးကျောက် အများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲက ပြောသည်။

ဓါးပြများမှာ မည်သူမည်ဝါ ဖြစ်သည်ကို မဖေါ်ပြသော်လည်း အဆိုပါ ဓါးပြအဖွဲ့မှာ နယ်စပ် တလျှောက်တွင် သောင်းကျန်းနေသည်မှာ ကြာနေပြီ ဖြစ်ကြောင်း ရဲအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

Most read this week