အကျဉ်းစံ သံဃာ့အရေး သာသနာ့နုဂ္ဂဟ ကြိုးပမ်းသင့်

အကျဉ်းစံ သံဃာ့အရေး သာသနာ့နုဂ္ဂဟ ကြိုးပမ်းသင့်
by -
မျိုးသန့်

ချင်းမိုင် (မဇ္စျိမ) ။      ။ ဝန်ကြီးနှစ်ဦး ဦးဆောင် သည့် သာသနာ့နုဂ္ဂဟ အသင်းအနေဖြင့် ဗုဒ္ဓ သာသနာကို အမှန်တကယ် ချီးမြှောက်လိုပါက အကျဉ်းကျခံ သံဃာတော်များ ပြန်လွှတ်ရေး ကြိုးပမ်းသင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူ ဦဓမ္မသီရိက အင်္ဂါနေ့တွင် အမိန့်ရှိသည်။

ukhinshwe00
 “သာသနာကို တကယ်ချီးမြှောက်ချင်လို့ သာသနာ တိုးတက်ထွန်းကားတာကို မြင်ချင်တယ်ဆိုရင် ဒီအသင်း အနေနဲ့ ဖမ်းဆီးထားတဲ့ သံဃာတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပေးရမယ်” ဟု ဦးဓမ္မသီရိက မဇ္ဈိမကို မိန့်သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရထားလမ်းဖောက်ရန် မလွတ်ကင်းဟု ဆိုကာ ဖျက်ဆီးရမည့် သမိုင်းဝင်ဘုရားများကို မဖျက်ရေးအတွက်ပါ ဟန့်တားပြောဆိုပေးသင့်သည်ဟု ဆိုသည်။
သာသနာ့ နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ

မြန်မာနိုင်ငံတွင် အကျဉ်းကျခံ ရဟန်းသံဃာတော် ၂၂၅ ဦးရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေးအကျဉ်းသား များ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ ယခုလထုတ် စာရင်းများအရ သိရသည်။ ထိုသံဃာတော်များတွင် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု၌ ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရမှာ ထောင်ဒဏ် ၆၈ နှစ် ကျခံရကာ ယခုအခါ ကလေးမြို့ အကျဉ်းထောင်တွင် ရှိနေသည်။
 
ထိုအကျဉ်းကျခံ သံဃာတော်များ ပြန်လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ယခုထိလွှတ်မပေး သည်မှာ သာသနာ ညှိုးနွမ်းအောင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ဦးဓမ္မသီရိက ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရကို ဝေဖန်လိုက်သည်။
 
“လက်ရှိထောင်ထဲမှာ ဖမ်းဆီးခံနေရတဲ့ ရဟန်းသံဃာတွေလည်း ရှိနေတာပဲ။ ဒါတွေကိုလည်း ဦးဇင်းတို့ ပြန်လွှတ်ပါ၊ ပြန်လွှတ်ပါလို့ အကြိမ်ကြိမ် ပြောနေပေမယ့် တကယ် သာသနာကို ချီးမြှောက်ချင်တယ်၊ ထောက်ပ့ံချင်တယ်ဆိုရင် ဒီသံဃာတွေကို လွှတ်ပေးရမှာပေါ့။ တကယ်တမ်းကျတော့ ဒီသံဃာတွေဟာ သူတို့ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းတယ်ဆိုတာ ဒီဟာတွေဟာ သာသနာကို ညှိုးနွမ်းအောင် လုပ်နေတဲ့ ကိစ္စတွေပဲ” ဟု ဆရာတော်က မိန့်ဆိုသည်။
 
သာသနာ့ နုဂ္ဂဟအသင်းကို ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဦးစီးအဖွဲ့ဝင် များအဖြစ် ဦးသိန်းစိန် အစိုးရ၏ ဝန်ကြီးများဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနှင့် အားကစားဝန်ကြီး ဦးတင့်ဆန်း၊ ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဋ္ဌေးမြင့်၊ ဧဒင် ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်တို့က တာဝန်ယူဆောင်ရွက်နေသည်။
 
ယခုအခါ အသင်းဝင်ပေါင်း ရ သန်းခန့် ရှိနေကြောင်းနှင့် အသင်းရည်ရွယ်ချက်မှာ ဗုဒ္ဓသာသနာပြန့်ပွားရန် ဖြစ်ပြီး၊ နိုင်ငံတဝှန်းရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကို ထောက်ပံ့ပေးခြင်း၊ ဘာသာခြားများ၏ စည်းရုံးသိမ်းသွင်းမှုကို ခံနိုင်ရည်ရှိရန်ပါ ရည်ရွယ်ကြောင်း ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။
 
gambira“အဓိက ရည်ရွယ်ချက်က အခြားဘာသာတွေက ပိုက်ဆံပေးပြီး စည်းရုံးလာတယ်၊ စားဝတ်နေရေးကျပ်တည်း တာကို အကြောင်းပြပြီးတော့ တဖြည်းဖြည်းနဲ့ အခြား ဘာသာတွေကို ကူးပြောင်းသွားတာ ရှိတယ်။ အဲဒီတော့ ကိုယ်လည်း ပြန်ထိန်းကျောင်းရမှာပေါ့” ဟု သူက ဆိုသည်။
 
သို့သော် ဘာသာတခုမှ အခြားဘာသာတခုသို့ ကူးပြောင်းခြင်းသည် မိမိတို့ဘာသာမှာ နိမ့်ကျခြင်းကြောင့်ဖြစ်ပြီး၊ ထိုသို့ဖြစ်အောင် ဖန်တီးသူမှာ အုပ်ချုပ်သူ အစိုးရဟု ဦးဓမ္မသီရိကမူ ဝေဖန်သည်။
 
“ကိုယ့်ဘာသာထဲကလူတွေ တခြားဘာသာကို မပြောင်းစေချင်ဘူးဆိုရင် ကိုယ့်ဘာသာ တိုးတက်အောင်၊ ထွန်းကားအောင်၊ အခြေအနေမြင့်အောင် လုပ်ပေးရမယ်လေ။ ဒီနေ့ သာသနာကို မြေတောင်မြှောက်ပေးခဲ့ မယ်ဆိုရင် ဒီသာသနာဟာ တိုးတက်ကြီးပွားမှာပေါ့။ အခုတော့ ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်နိုင်ငံကိုယ့်အစိုးရကနေ ပြီးတော့ ကိုယ့်ဘာသာကို နှိပ်ကွပ်တယ်ဆိုတာ အင်မတန်မှ နာကြည်းဖွယ်ကောင်းပါတယ်” ဟု ဆရာတော်က မဇ္ဈိမကို မိန့်သည်။
 
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကို ၂ဝဝ၇ စက်တင်ဘာအတွင်း မန္တလေးမြို့၌စတင်ဖွဲ့စည်း ခဲ့သည်။
 
သံဃာ့တပ်ပေါင်းစုအဖွဲ့က မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရှိန်မြှင့် လုပ်ဆောင်နိုင်ရန် ယခုလ ၂၃ ရက်နေ့တွင် ဦးသိန်းစိန်အစိုးရကို တိုက်တွန်းသည့် အချက်များ၌ နိုင်ငံရေးအကျဉ်းသားပြန်လွှတ်ပေး ရေးကိုလည်း တိုက်တွန်းခဲ့သည်။
 
နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ မတ်လ လွှတ်တော်တွင်း ဆွေးနွေးမှုများ၌ အမတ်များတင်ပြခဲ့သော် လည်း ထိုတင်ပြချက်များသည် လွှတ်တော်တွင်း မဆွေးနွေးမီ မီဒီယာများသို့ ပေါက်ကြားခဲ့ခြင်းအတွက် ပယ်ဖျက်ခံခဲ့ရသည်။
 
အကျဉ်းကျခံ သံဃာ ၂၂၅ ပါး အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၇၆ ဦး ရှိကြောင်း AAPP-B ၏ ယခုလထုတ် စာရင်းတွင် ပါရှိသည်။

Most read this week