လူထုနှင့် တွေ့ဆုံခွင့်ရရန် လွှတ်တော်အမတ်က ပြည်သူ့လွှတ်တော် ဥက္ကဌ ဆီစာရေး

လူထုနှင့် တွေ့ဆုံခွင့်ရရန် လွှတ်တော်အမတ်က ပြည်သူ့လွှတ်တော် ဥက္ကဌ ဆီစာရေး
by -
နိရဥ္စရာ သတင်းဌာန

လူထုနှင့် တွေ့ဆုံ ရှင်းလင်းမည့် အစီအစဉ် တားမြစ် ခံရပြီးနောက် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းသည် ပြည်သူများနှင့် တွေ့ဆုံခွင့် ရရန် အတွက် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းထံ စာရေးအကြောင်းကြားထား သည်ဟု သတင်း ရရှိသည်။

ဦးဖေသန်းက စာရေး အကြောင်းကြားခဲ့ပုံကို ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်က လွှတ်တော် အမတ် တစ်ဦးအနေနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းဆီကို ဒီလ ၂၂ ရက်နေ့က စာရေး အကြောင်းကြားခဲ့ပါတယ်။ မိတ္တူတွေကိုတော့ ပြည်နယ် ၀န်ကြီးချုပ်၊ ရွှေးကောက်ပွဲ ကော်မရှင်နဲ့ ကျွန်တော်တို့ရဲ့ ပါတီ ဥက္ကဌဆီကို ပေးပို့ခဲ့ပါတယ်။ စာထဲမှာ ရေးသား ထားကတော့ လွှတ်တော် အမတ်တစ်ဦး အနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့ ဆက်ဆံဖို့လိုတယ်။ ဒါကြောင့် ပြည်သူတွေဆီသွားပြီး တွေ့ဆုံခွင့် ပြုပေးဖို့ စာရေးတင်ပြတာ ဖြစ်ပါတယ်။”

ယခုကဲ့သို့ စာရေးရခြင်းမှာ သူ၏ ပြည်သူများနှင့် တွေ့ဆုံမည့် ခရီးစဉ်ကို မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်၍ ဖြစ်ကြောင်း သူက ပြောသည်။

“ ကျွန်တော်က ဒီလ ၁၀ ရက်နေ့က မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်ခိုင်ဝင်းကို သွားပြီးတော့ ကျွန်တော် နယ်ကို ဆင်းချင်တယ်ဆိုပီး သူ့ကို သွားအသိပေးပါတယ်။ သူက အထက်က ခွင့်ပြုချက် မရှိဘူး။ ခင်ဗျာ မဆင်းပါနဲ့ ဆိုပြီး တားပါတယ်။ ဒီတော့ ပြည်သူ့ လွှတ်တော် အမတ်တစ်ဦး အနေနဲ့ ပြည်သူတွေနဲ့ ထိတွေ့ပြီး ပြည်သူတွေရဲ့ အခြေအနေတွေကို မေးမြန်းဖို့လိုတယ်။ နောက်တစ်ကြိမ် လွှတ်တော်မှာ ပြည်သူတွေရဲ့ အခြေအနေတွေကို တင်ပြဖို့လိုတယ်။ ခုလို ဆိုရင် ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေနဲ့ မတွေ့ရ၊မဆွေးနွေး ရဆိုတဲ့ အနေအထားမျိုးကို ရောက်နေတဲ့ သဘော ဖြစ်နေပါတယ်။”

ယခုကဲသို့ တားမြစ်ပြီးနောက် နောက်နောင် တွေ့ဆုံခွင့်ရရန် အထက်ကို တင်ပြပေးမလားဟု မေးသော အခါမှာလည်း မြို့နယ် အုပ်ချုပ်ရေးမှူက ခွင့်ပြုချက် ရရန်အတွက် အထက်ကို တင်ပြရန်မှာ သူ့တာဝန် မဟုတ်ကြောင်း ပြောဆိုသည်ဟု သူက ဆိုသည်။

“ ဒါဆိုရင် အထက်က ခွင့်ပြုချက်ရအောင် ကျွန်တော် ဘယ်နေ့ထိ စောင့်ရမလဲဆိုတော့ အဲဒါ သူမသိဘူးလို့ ပြောပါတယ်။ ဒါဆိုရင် နယ်တွေကို ဆင်းပြီး ပြည်သူတွေနဲ့ ထိတွေ့နိုင်ရေး အတွက် ခွင့်ပြုချက်ရအောင် စီစဉ်ပေးပါတော့ဆိုတော့လည်း ဒီတာဝန်က သူ့တာဝန် မဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။ ခုလို အခြေအနေဆိုရင် ကျွန်တော်တို့ အနေနဲ့ပြည်သူတွေနဲ့ တွေ့ဆုံပီး ဆွေးနွေးဖို့ဆိုတာ ကြန့်ကြာနိုင်တယ် အနေအထားမှာ ရှိနေတဲ့ သဘောပါဘဲ” ဟု သူက ပြောသည်။

သူ့အနေနှင့် လက်ရှိ အခြေအနေတွင်ပြည်သူများနှင့် ထိတွေ့ရန် လိုနေကြောင်းကိုလည်း ယခုကဲ့သို့ ပြောသည်။ “ ကျွန်တော်တို့ မြေပုံမြို့နယ် ဆိုတာ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့တဲ့ နေရာ ဒေသ ဖြစ်တယ်။ အခုအချိန်ထိ ကျိုးသွားတဲ့ တာတမံတွေ အများစုကို ပြန်မဆည်ဖို့နိုင်သေးဘူး။ နည်းနည်းလေးဘဲ ပြန်ဆည်နိုင်သေးတယ်။ လူထုတွေ ဘာ ဖြစ်နေသလဲ၊ ဘယ်လို အခက်အခဲတွေ ရှိနေသလဲဆိုတာ လူထုတွေနဲ့ တွေ့ဆုံ မေးမြန်းဖို့ လိုတယ်။ နောက်တစ််ခုက နယ်တွေမှာ အကြီးအကျယ် မကျေမလည် ဖြစ်နေတာက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အရင် ရယကဥက္ကဌတွေကို ပြန်ခန့်တဲ့ ကိစ္စ ဖြစ်တယ်။ စနစ် ပြောင်သွားပြီ၊ အစိုးရ ပြောင်းသွားပြီဆိုပီး လက်တွေ့မှာ ရယက အဟောင်းတွေကို ပြန်ခန့်တဲ့ အတွက် လူထု အတွင်းမှာ မကျေနပ်မူတွေ ကြီးထွားနေသလို ပြဿနာတွေလည်း တက်နေတယ်။ ကျွန်တော်က ပြည်သူတွေက တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လူထုတွေကြားထဲကို သွားပီး ဒီကိစ္စတွေကို ရှင်းပြဖို့၊ ပြေလည်အောင် ရှင်းလင်းပေးဖို့ တာဝန်ရှိတယ်။ ဒါကြောင့် နယ်တွေကို ဆင်းဖို့ အရေးတကြီး လိုအပ်နေတယ်” ဟု သူက ဆက်ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး တားသော်လည်း ဧပြီလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် နယ်များသို့ ဆင်းကို ဆင်း မည်ဖြစ် ကြောင်းနှင့် သူအနေဖြင့် နယ်ဆင်းပြီး လူထုနှင့် တွေ့ဆုံမည် အကြောင်းကို သူရေးသားပေးပို့သော စာထဲတွင် ရေးသားဖေါ်ပြထားကြောင်း သူက ပြောသည်။

စစ်တွေပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုမှလည်း လွှတ်တော် အမတ်များ အနေဖြင့်ပြည်သူများ နှင့် တွေ့ဆုံပြီး လွှတ်တော်အတွေ့ အကြံုများကို ရှင်းလင်းခွင့် ရရှိရေး အတွက် သူတို့ ပါတီ အနေဖြင့် အထက် အာဏာပိုင် အဆင့်ဆင့်သို့ စာရေး တင်ပြထားကြောင်း ပြောဆိုသည်။

Most read this week