သူရိန်၊ ဂျူရီချိုင်း – ထိုင်းနိုင်ငံပိုင်နက်အတွင်းသစ်ခိုး ခွဲရာမှ ရာမညတပ်ဖွဲ့၏ ပြန်ပေးဆွဲခြင်းကို ခံရသည့် သစ်ခွဲသမား ရ ဦး ငွေပေးပြီးနောက် ယမန်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
သစ်ခွဲသမားများမှာ ဗမာနှင့် ထားဝယ်များ ဖြစ်ကြပြီး၊ ပြန်လွတ်ရန်အတွက် ထိုင်းဘတ်ငွေ ၈ သောင်း ပေးဆောင်ခဲ့ရသည်ဟု သစ်ထုတ်လုပ်မှုကို ဦးဆောင်သူ ဘုရားသုံးဆူမြို့မှ ကိုခိုင်ဝင်း က ပြောသည်။
“၂၂ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ အဖမ်းခံရတယ်၊ မနေ့က ငွေပေးပြီးတော့ သူတို့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ကိုခိုင်ဝင်းက ပြောသည်။
ပြန်ပေးဆွဲခံရသူများကို ပြန်လည်ရွေးယူရန်အတွက် ကိုခိုင်ဝင်းထံ ရာမညတပ်ဖွဲ့မှ ဘတ်ငွေ တသိန်းငါးသောင်း (၁၅၀ ၀၀၀) တောင်းခံခဲ့သော်လည်း နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး ဘတ် (၈၀၀ ၀၀) ဖြင့် ပြေလည်ခဲ့ကြသည်ဟု ကိုခိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ဘုရားသုံးဆူဒေသတွင် သစ်ရှားပါးလာသဖြင့် သစ်ထုတ်သမားအချို့မှာ သစ်ပေါသည့်ထိုင်းနိုင်ငံ အတွင်း တရားမဝင် သစ်ခိုး ထုတ်လုပ်လာကြသည်။
ဧပြီလ ၂၃ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့ ဝန်းကျင်ရှိ ခြံရှင်များထံ ရာမညတပ်ဖွဲ့မှ ခြံအခွန်ပေးဆောင်ရန် စာပို့ထားခဲ့သည်။
ခြံပဏာမအပေါ် မူတည်ပြီး ဘတ်ငွေ (၅၀ ၀၀၀) မှ (၁၅၀ ၀၀၀) သတ်မှတ် ထားသော်လည်း ပေးဆောင်ရခြင်း မရှိသေးကြောင်း ရာဘာခြံပိုင်ရှင်တဦးက ပြောသည်။
ရာမညတပ်ဖွဲ့ကို လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဇွန်လခန့်တွင် မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ဗိုလ်မှူးဟောင်း နိုင်ရှောင်းက အဖွဲ့ဝင် (၁၀) ဦးခန့်ဖြင့် ဖွဲ့စည်းခဲ့ပြီး တနသာင်္ရီတိုင်းဘက်တွင် စတင်လှုပ်ရှားခဲ့သည်။
၂၀၀၉ ခုနှစ် အောက်တိုဘာလခန့်တွင် နိုင်ရှောင်းက လက်နက်အပ် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းလိုက်ပြီးနောက်တွင် ရာမညတပ်ကို နိုင်ခင်မောင်က ဆက်လက်ဦးဆောင်ခဲ့သည်။