သျှမ်းပြည်အရှေ့တောင်ပိုင်း တိုးချဲ့ မိုင်းထားမြို့ နယ်ခွဲသစ်တွင် ယခင်အပါတ်က လေပြင်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးမှုများအကြား လူ ၅ ဦးထက်မနည်း သေဆုံးကာ ၈ ယောက် ဒဏ်ရာ ရသည်ဟု သိရသည်။
“ ၁၇ ရက်ညက လေပြင်းကျတာ။ သစ်ပင်တွေ လဲပြိုကျိုးကျ အိမ်တွေလဲ ပျက်စီးတာ။ ပန်မိုက်ဇလီရွာမှာ အပျက်အစီးများတယ်။ လူ ၄ ယောက်သေတယ်။ ၅ ယောက်ဒဏ်ရာရတယ်။ မိုင်းထားမြို့နယ်ခွဲမှာ မြန်မာ စစ်တပ် အသစ်ဆောက်ခိုင်းတဲ့ ရွာသစ်မှာတော့ ၁ ယောက်အိမ်ထဲသစ်ပင်ပိမိပြီးသေတယ်။ ၃ ယောက် ဒဏ်ရာရ တယ်” ဟု မိုင်းတုံရောက် မိုင်းထားဒေသခံတဦးကပြောသည်။
ပန်မိုက်ဇလီရွာသည် မိုင်းထားနှင့် မိုင်းတော့အကြား ဝ နှင့် တရုတ်တို့အများဆုံးနေထိုင် သောရွာသစ်ဖြစ် သည်။ အိမ်ခြေ ၂၀ နှင့် ၃၀ ကြားရှိသည်။
မြို့နယ်ခွဲသစ်တွင် မြန်မာစစ်တပ်က အသစ်တည်ခိုင်းသော အိမ်ခြေ ၃၀-၄၀ ရှိ ရွာသစ်လည်း အမိုး အကာ များ လေပြင်းနှင့် လွှင့်ပါသွားကြောင်း၊ အလားတူ ပုံပါကျင်မြို့နယ်ခွဲ၏ တောင်ဖက်ရှိ ဂျပီးကွယ်ဦးဆောင်သော လား ဟူ နယ်ခြား စောင့်တပ်စခန်းတွင်လည်း သွပ်အမိုး သက်ကယ်အမိုးများ လွှင့်ပါကုန်ကြောင်းနယ်စပ်ရောက် ပုံပါကျင် ဒေသခံ တဦးကလည်း ပြောပြသည်။
“ဟွေ့အော့ဖက်က ၀ တပ်ဖွဲ့ရဲ့ရော်ဘာပင်တွေလဲ အများကြီး ကျိုးကျလဲကျပျက်စီးတယ်။ ဘီဖီဝမ်း ကား လမ်း တလျှောက်က အပင်တွေ ၈၀ ရာခိုင်နှုန်းလောက်ပျက်စီးတယ်။ အဲ့ညက မုန်တိုင်းကြောင့် တော်တော်လေးထိ ခိုက် ပျက်စီးတယ်” ဟုဆို၏။
၂၃ ရက် ည ၈ နာရီက နားကောင်းမူး၌ ညအိပ်တထောက်နားသည့် တြိဂံတိုင်းမှူးဗိုလ်မှူးချုပ်သန်းထွန်းဦးနှင့် အဖွဲ့ လေပြင်းမုန်တိုင်းကြောင့် ပျက်စီးမှုများအား သွားရောက်ကြည့်ရှုရန်ဟုဆိုကာ ၂၄ ရက်နေ့မိုင်းထား သို့ ခရီးဆက်ကြ ကြောင်း၊ ၎င်းနှင့်အတူ ဖိုးဝှီးကား ၁၀ စီးပါလုံခြုံရေးတပ်ဖွဲ့ တွေ့ရ ကြောင်းမိုင်းတုံဒေသခံ တဦးကလည်းပြောပြ သည်။
လေပြင်းမုန်တိုင်း အပျက်အစီးကြည့်ရန်ဟူသော အကြောင်းပြချက်ဖြင့် တိုင်းမှူးနှင့်အဖွဲ့ စစ်ရေးပြင်ဆင်မှုအတွက် သွားခြင်းလည်းဖြစ်နိုင်ကြောင်း နယ်စပ်နေမျိုးချစ်ပုဂ္ဂိုလ်တဦးက သုံးသပ်ပြောဆို သည်။