လက်တော့ပ်ကို ရထားပေါ်သယ်ရင် တန်ဆာဆောင်ဖို့လို

လက်တော့ပ်ကို ရထားပေါ်သယ်ရင် တန်ဆာဆောင်ဖို့လို
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာနိုင်ငံက ရထားပေါ်ကို သင်၏ ခရီးဆောင် ကွန်ပြူတာ လက်တော့ပ်အား ယူသွားပါက လက်မှတ်စစ် တွေ့ရှိလျှင် တန်ဆာ မဆောင်ဘဲ သယ်ဆောင်မှုဖြင့် ဒဏ်ငွေဆောင်ရမှာ ဖြစ်သည်။

historyမြို့ပတ် ရထားပေါ်ဖြစ်စေ၊ နယ်ဝေးပြေးဆွဲနေသည့် ရထားများ အပေါ်တွင်ဖြစ်စေ ကွန်ပြူတာတွေ့လျှင် ဒဏ်ငွေ ၄၈ဝဝ ကျပ်အထိ ဒဏ်တပ်ခံရမည်ဟု နေပြည်တော်ရှိ ရထားပို့ဆောင်ရေး စီးပွားရေးဌာနက တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။
 
”ကွန်ပြူတာ လက်ပ်တောပ့်ကတော့ Personal Use လည်း မရဘူးခင်ဗျ။ တလုံးထဲလည်း ဒဏ်ရိုက်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
 
ရထားပေါ် လက်ပ်တော့ ကွန်ပြူတာ သယ်ဆောင်မှုဖြင့် လက်နှိပ်စက်နှုန်းထားအတိုင်း ဒဏ်ရိုက်ခံခဲ့ရသူ တဦးက ဒဏ်ငွေ ကျပ် ၂၁ဝဝ ပေးဆောင် ထားခဲ့ရသော ပြေစာကို မကြာသေးခင်က Facebook တွင် တင်ထားခဲ့ရာ လူအများအကြား မြန်မာ့ရထား၏ စည်းမျဉ်းစည်းကမ်းကို အံ့သြမှု ဖြစ်ခဲ့ကြသည်။
 
အဆိုပါ ခရီးသည် ဒဏ်ငွေ ဆောင်ခဲ့ရမှုနှင့် ပတ်သက်၍ မီးရထား အရာရှိကမူ ဒဏ်ငွေပမာဏ ၂၁ဝဝ ကျပ်သာ ပေးဆောင်ရသည်မှာ ”ကံကောင်း” သော ဖြစ်ရပ်ဟု မဇ္စျိမကို ပြောသည်။ ဒဏ်ငွေကို ၃ ဆအထိ ပုံမှန်ပေးဆောင်ရသည်ဟု ဆိုသည်။
 
မီးရထားစီး၍ ခရီးသွားမည့်သူအနေဖြင့် မိမိနှင့်အတူ ကွန်ပြူတာပါလာပါက ရထားဘူတာရှိ တန်ဆာဆောင် ဌာနတွင် သွားရောက်၍ ငွေပေးချေရမည်ဟုလည်း ရထားအရာရှိက ပြောသည်။
 
ထိုကဲ့သို့ သယ်ဆောင်ရာတွင်လည်း အသုံးပြုသူကိုယ်တိုင် တန်ဆာဌာနသို့ လာရောက်၍ ကိုယ်တိုင်တပါတည်း သယ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အကြောင်းကြားရန်၊ တန်ဆာပြုလုပ်ရန် လိုအပ်ပြီး လူကြံုပါး၍ သယ်ဆောင်ခွင့်ကို ခွင့်မပြုကြောင်း သိရသည်။
 
ထို့အတူ တလုံးထက်ပိုသော ဓာတ်ပုံကင်မရာ၊ ဗီဒီယို ကင်မရာများလည်း တန်ဆာဆောင်ရန် လိုအပ်သည်ဟု နေပြည်တော် မီးရထား ရုံပိုင်ချုပ်ကြီး ဦးအောင်ခင်က မဇ္စျိမကို ပြောသည်။
 
“အဓိကကတော့ ကွန်ပြူတာလိုမျိုး လျှပ်စစ်ပစ္စည်းတွေ ရထားပေါ်မှာ ကိုင်ဆောင်ပြီး သွားမယ်ဆိုရင် ကျနော်တို့ဆီမှာ လာပြီး လက်မှတ်တောင်းယူဖို့ လိုပါတယ်။ တန်ဆာဆောင်ဖို့ လိုပါတယ်။ အဲလိုမှမလုပ်ရင် ဒဏ်ရိုက်ခြင်းခံရမှာပါ” ဟု သူက ဆိုသည်။
 
ရထားပေါ်တွင် ကွန်ပြူတာများ သယ်ယူမှုများကို တွေ့ရှိလာခဲ့သည့် ၁၉၉၉ ခုနှစ်ပိုင်းခန့်မှစ၍ မီးရထား ဝန်ကြီးဌာနက ညွန်ကြားချက် ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်ဟု မမ ဟု လူသိများသော မြန်မာ့မီးရထားဌာနက ပြောသည်။
 
၁၉၈၈ ခုနှစ်တွင် လူစီးရထားတွဲများ၏ ကုန်တင် တန်ဆာခမှာ တပိဿာလျှင် ၂ ကျပ်နှုန်းနှင့် ကုန်တင် ရထားများ၏ ကုန်တင်နှုန်း တပိဿာမှာ ၁ ကျပ်နှုန်းသာ ရှိခဲ့သည်။ ၂ဝဝဝ ခုနှစ်မှစ၍ မီးရထား တန်ဆာခများ ၅ ကြိမ် ဆက်တိုက် တက်ခဲ့ပြီးနောက် လူစီးရထားတွဲများ၏ ကုန်တင်တန်ဆာခမှာ တပိဿာလျှင် ၁၂  ကျပ်၊ ကုန်တင်ရထားများ၏ ကုန်တင်နှုန်း တပိဿာမှာ ၆ ကျပ်နှုန်းထိ မြင့်တက်လာခဲ့သည်။
 
ယခုနှစ် ဇန်နဝါရီလပိုင်းတွင် ကုန်တင်ကားခများ စျေးနှုန်းမြင့်တက်ခဲ့မှုကြောင့် မီးရထားလိုင်းများတွင် ကုန်ပစ္စည်း တင်ဆောင်မှုများ တိုးမြင့်လာခဲ့သဖြင့် ဖေဖော်ဝါရီလပိုင်းတွင် စျေးနှုန်း ၂-၃ ဆ ထပ်မံတိုးမြင့်ခဲ့သဖြင့် လူစီးရထား ကုန်တင်နှုန်းမှာ ၃၆ ကျပ် ဖြစ်သွားသလို ကုန်တင်ရထား နှုန်းမှာလည်း ၂၄ ကျပ်သို့တက်သွား ခဲ့သည်။

Most read this week