အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Vaphai ကျေးရွာအုပ်စု Phaibawk (ခေါ်) Saikhumphai ရပ်ကွက်တွင် နေထိုင်ကြ သောချင်းလူမျိုးမိသားစု ပေါင်း ၂၀ ကျော်တို့သည် ၎င်းတို့နေရပ်ကျေးရွာ ကို ပြီးခဲ့သည့်ဧပြီလ ၉ ရက် နေ့ မတိုင်ခင်ကစွန့်ခွါ သွားခဲ့ကြပြီဖြစ်ကြောင်းသိရသည်။
၄င်းတို့ကို ဧပြီလ ၉ ရက်နေ့နောက်ဆုံးထားပြီး နေရပ်မှ ထွက်သွားကြရန် ကျန်ဖိုင်းခရိုင် Police Officer-in-Charge (O C) နှင့် Vaphaiကျေးရွာမှ (Young Mizo Association, Mizo Upa Pawl, V C, Mizo hmeichhia Insuihkhawm Pawl) စသည့် အဲန်ဂျီအိုအဖွဲ့အစည်းများက အမိန့်ထုတ်ပြန် ထားခဲ့ခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ် မဲစာရင်းတွင် အမည်ထည့်သွင်းထားခြင်းမရှိသည့် အဆိုပါမြန်မာနိုင်ငံမှ ချင်းပြည်သူမိသားစု ၂၂ စု (လူဦး ရေ ၁၀၀) ခန့်တို ့သည်အနီးပတ်ဝန်ကျင်ကျေးရွာတချို့တွင် သွားရောက်နေထိုင်ကြသည်ဟု Saikhumphaiမှဒေသခံ တဦးကပြောသည်။
” သူတို့က မြန်မာနိုင်ငံဘက်ကိုလည်း မပြန်ချင်ကြတော့ပတ်ဝန်းကျင်ကျေးရွာတချို့မှာသွားရောက် နေထိုင် ကြတယ်၊ တချို့ကသူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်တွေကို ချက်ချင်းရောင်းဖို့ မဖြစ်နိုင်တော့အဲဒါကိုကြည့်ရှု စောင့်ရှောက်ဖို့ တိတ်တ ဆိတ်လာရောက်နေထိုင်ကြတာတွေလည်းရှိတယ်” ဟု အဆိုပါဒေသခံက ခိုနူမ်းထုန်ကိုပြောပြသည်။
ဆက်လက်ပြီးသူက ” အခုမောင်းထုတ်ခံရတဲ့ သူတွေဟာ လွန်ခဲ့တဲ့ ၄၊၅နှစ်ကတည်းက phai bawk မှာ နေ ထိုင်ခဲ့ကြ ပြီးသူတွေဖြစ်တော့ မြန်မာနိုင်ငံသား မှတ်ပုံတင်လည်းမရှိကြတော့ဘူး၊ပြည်တွင်းပြန်လို့လည်း မဖြစ်တော့ဘူး၊ တခုရှိ တာက မြန်မာနိုင်ငံဟာ အုပ်ချုပ်ရေး စနစ်မကောင်းတဲ့အခါကျတော့ ဒီဘက်ထက် အစစအရာ ရာပိုကျပ် တည်းတယ်လေ၊ ဒါကြောင့်မီဇိုရမ်ပြည်နယ်မှ အခုလို မဖြစ်ဖြစ်အောင်ကပ်နေ ကြရတာပေါ့” ဟုပြောသည်။
အဆိုပါ မိသားစု ၂၀ ကျော်မှလူကြီးသူမများအားလုံးသည်ကျေးရွာမှပြောင်းရွှေ့သွားကြပြီဖြစ် သော်လည်း ၄င်းတို့၏ ကျောင်းနေရွယ် သားသမီး အယောက် ၄၀ ခန့်ကိုမူ ယင်းကျေးရွာတွင်ဆက်လက်ထားရှိကြသည်ဟု ၄င်းကဆက် ဆို သည်။ကျောင်းသားကျောင်းသူအများစုမှာမူလတန်းအဆင့်ကလေးများဖြစ်ကြပြီးဆွေမျိုး အသိမိတ်ဆွေများထံခိုလှုံနေကြ ကြောင်းသိရသည်။
” မိဘတွေကတော့ အိမ်တွေကို အကုန်လုံးသောခတ်ပြီး ထွက်သွားကြပြီ၊ကိုယ်ပိုင်အိမ်ဆိုပေမဲ့သားသမီးတွေ လည်း နေခွင့်မရှိဘူးပေါ့နော်” ဟု သူကခိုနူမ်းထုန်ကိုပြောပြသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး Saikhumphai မှ လူကြီးတချို့က Vaphai ကျေးရွာရပ်ကွက်လူကြီး၊ရပ်ကွက်တွင်း အစိုးရမဟုတ်သည့်အဲန်ဂျီအိုအဖွဲ့အစည်းများနှင့် ကျန်ဖိုင်းရဲအာဏပိုင်များထံ၄င်းတို့ ကိုပြန်လည်လက်ခံပြီး နေရပ်သို့ပြန်လာခွင့်ပြုပေးရန်တောင်းဆိုသွားဖို့စီစဉ်ထားကြောင်း၄င်းရွာသားကပြောသည်။
ကျန်းဖိုင်းခရိုင် Additional SP Pu Ngurdingliana Sailo ကလည်း Saikhumphai ဒေသတွင်အဆိုပါအဖြစ် အပျက်မျိူး ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။
”အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ Khawbung BDO ရုံးမှာ Vaphai ကျေးရွာ NGO Co ordination ခေါင်းဆောင်တွေ၊ Saikhumphai ကကိုယ်စားလှယ်တချိူ့ရယ် ကျန်ဖိုင်း O C အပါအဝင်ပေါ့ ဆွေးနွေးကြ တယ်၊ အဲဒီဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်အရပေါ့ foreignerတွေမောင်းထုတ်ဖို့လုပ်ဆောင်ထာ ဖြစ်တယ်” ဟု ၄င်းက ပြောသည်။
ယခုကိစ္စဖြစ်ပွားလာခဲ့ရသည့်အကြောင်းတချက်မှာ မြန်မာနိုင်ငံသားများက အဆိုပါဒေသတွင် ကိုယ်ပိုင်အိမ်၊ ခြံ များပိုင် ဆိုင်လာခြင်း၊ Saikhumphai ကျေးရွာသည် မီဇိုရမ်-ချင်းပြည်နယ်နယ်စပ်လမ်းကြောင်းပေါ်တွင် တည်ရှိသည့်ရွာဖြစ်ကာ မီဇိုရမ်ပြည်နယ်သို့ လက်နက် နှင့်မူးယစ်ဆေးဝါးများသယ်ဆောင်လာရာဒေသဖြစ်သည် ဆိုပြီး ၄င်းကျေးရွာကို Vaphai အဲန်ဂျီအိုအဖွဲ့များက ဖျက်လိုကြသောကြောင့်ဖြစ်သည့်ကြားသိရကြောင်း Additional SP ကဆက်ပြောသည်။
တဖက်တွင်းလည်း ချင်းမိသားစု ၂၀ ကျော်မောင်းထုတ်ခံရသည့် ကိစ္စမှာ Vaphai လက်အောက်မှာရှိသည့် Saikhumphai ရပ်ကွက်ကို ဒေသခံများကကျေးရွာခွဲအဖြစ်ရပ်တည်ရန်တောင်းဆိုခဲ့ရာမှစတင်လာခြင်း ဖြစ်သည်ဟုသိရသည်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး Khawbung Block Development Officer (BDO) က Vaphai နှင့် Saikhum phai မှ ရွာလူကြီးများကိုခေါ်ယူတွေ့ဆုံပြီး မည်သည့် နိုင်ငံခြားသား တစုံတဦးကိုမှ အိန္ဒိယနယ်မြေတွင်နေထိုင် အခြေ ချပိုင် ခွင့်မရှိစေရဆိုသည့် အိန္ဒိယ ဥပဒေကြောင့် မဲစာရင်းတွင် အမည်စာရင်းမပါသူတွေကို မောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြ ခြင်းဖြစ်သည်ဟု Saikhumphai ဒေသခံတဦးကပြောသည်။
Saikhumphai သည် အိမ်ခြေ ၆၀ ခန့်ရှိပြီး Vaphai ကျေးရွာမှ ၄ ကီလိုမီတာခန့်ကွာဝေးသည်။ ရွာသား အများစုမှာ ချင်းပြည်နယ် ဖလမ်း၊ စစ်ကိုင်းတိုင်း ကလေးမြို့ နယ်တို့မှပြောင်းရွှေ့လာကြသူများဖြစ်သည်။ အဓိကအားဖြင့် တောင် ယာလုပ်ငန်း၊တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
ချင်းမိသားစု ၂၀ ကျော်မောင်းထုတ်ခံရပြီးသည့်နောက် ၂ ရက်အကြာတွင်ရွာမှာကျန်ရှိနေကြသည့် မီရမ်ပြည် မဲဆန္ဒပေး ပိုင်ခွင့်ရှိသူ အိမ်ခြေ ၂၀ကျော်၏ အရေးနှင့်ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း Vaphai ကျေးရွာ အဲန်ဂျီအိုအဖွဲ့များက အိမ်တိုင်ရာရောက် စာလာပေးသွားသည်ဟုသိရသည်။
စာထဲတွင် ” Saikhumphai ဒေသခံအများစုသည် မီဇိုရမ်ပြည်နယ်မဲဆ္ဒပေးပိုင်ခွင့်ရှိသည့်စာရင်းတွင်ပါ၀င်ကြ သော် လည်း မီဇိုရမ်မှာမွေးဖွားသူ၊ ချက်ကြွေသူမဟုတ်ကြကြောင်း၊ ထို့ကြောင့် ယင်းကိစ္စကိုအထက်ကနေ အရေးယူဆောင် ရွက်သွားမည်ဟုပါရှိကြာင်း” Saikhumphaiဒေသခံကခိုနူမ်းထုန်ကိုရှင်းပြသည်။