ဧပြီ ၂၁ ရက်က ပြုလုပ်သော မြန်မာနယ်စပ်အနီးက ရခိုင်သင်္ကြန်ပွဲ အထူးစည်ကား

ဧပြီ ၂၁ ရက်က ပြုလုပ်သော မြန်မာနယ်စပ်အနီးက ရခိုင်သင်္ကြန်ပွဲ အထူးစည်ကား
by -
နိရဥ္စရာ သတင်းဌာန

ဧပြီလ ၂၁ ရက်နေ့က မြန်မာနယ်စပ်အနီးတွင် တည်ရှိသော ဘင်္ဂလာဒေချ့့် နိုင်ငံနတ်ကျောက် ဆရီမြို့တွင် ပြုလုပ်သော ရခိုင်သင်္ကြန်မှာတမူ ထူးခြားပြီး ပျော်စရာကောင်းကြောင်း ပွဲတော် တွင်ပါ၀င်ဆင်နွဲသူများက ပြောသည်။

Naghkhonsari-Thangra-2011

“ သင်္ကြန်က ဘင်္ဂလာဒေချ့်မှာ မပီးသေးဘူး။ မနေ့ကဆိုရင် နတ်ကျောက်ဆရီမြို့မှာ ကျင်းပတယ်။ တေးဂီတ ဖြေဖျော်ပွဲရော၊ ရိုးရာ ကျင်ပွဲရော၊ ရေကစား မဏ္ဍပ်ရော အကုန်ပါ၀င်ပါတယ်။ အနီးအနား ကျေးရွာတွေက လူတွေ ပါ၀င်ဆင်နွဲတော့ အထူး စည်ကားပါတယ်” ဟု လူငယ် တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေချ့်နိုင်ငံတွင် သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၀ ရက်နေ့က စတင်ခဲ့ပြီး ယနေ့ထိ တရွာပြီး တရွာ ကျင်းပနေကြကြောင်း သိရသည်။

နတ်ကျောက်ဆရီ သင်္ကြန်ပွဲတော်သို့ ရခိုင်ပြည်နယ်မှ အဆိုတော်များ ဖြစ်ကြသော ကိုမြတ်ခိုင်ကျော်၊ ကိုလှသိန်း၊ ကိုမျိုးရခိုင်၊ မယုယုလိုင်တို့မှလည်း ဖလောင်းချိတ်မြို့မှ လူငယ် တီးဝိုင်းဖြင့် သွားရောက် ဖြေဖျော်ခဲ့ကြသည်ဟု သိရသည်။

“ သင်္ကြန်မှာ ရေလာင်းတဲ့သူ၊ ကတဲ့သူတွေနဲ့ တော်တော်ကို ပျော်စရာကောင်းပါတယ်။ ရခိုင်ကအဆိုတော် တွေ လာဖြေဖျော်တော့ လူတွေက လာကြည့်ကြတာ အများကြီးပါဘဲ။ ဒီနှစ်မှ နတ်ကျောက်ဆရီမြို့မှာ စည်စည်ကားကား ကျင်းပတာ ဖြစ်ပါတဲ့အတွက် နောက်နှစ်တွေမှာလည်း ဆက်လက် ကျင်းပဖို့ရည်ရွယ် ထားပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

နတ်ကျောက်ဆရီမြို့မှာ စစ်တကောင်းတောင်တန်းနယ် တောင်ဘက်ပိုင်းတွင် တည်ရှိကာ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသည်။

အဆိုပါ ဒေသတွင် ရခိုင်မျိုးနွယ်စု အများအပြား နေထိုင်ကြပြီး သင်္ကြန်ပွဲတော်ကို ဗုဒ္ဓဘာသာဓလေ့ထုံးစံများ နှင့် အညီ ရက်ပေါင်း တစ်ဆယ်ကျော်ခန့်ကျင်းပကြသည်ဟု သိရသည်။

Most read this week