မူးယစ်တိုက်ဖျက်ရေး အောင်မြင်ဟု KIO ပြော

မူးယစ်တိုက်ဖျက်ရေး အောင်မြင်ဟု KIO ပြော
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ)။     ။ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာနယ်မြေအတွင်း မူးယစ်ဆေးစွဲသူများ တိုက်ဖျက်ရေး ၆ လ ကာလအတွင်း ပြုလုပ်ခဲ့ရာ အောင်မြင်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ အဆိုအရ သိရသည်။

ယမန်နှစ် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာမှစ၍ ယခုနှစ် မတ်လအထိ ၆ လအတွင်း မူးယစ်ဆေးစွဲ လူငယ်များကို ဘိန်းဖြတ်ပေးပေးခဲ့သည်မှာ အောင်မြင်မှု ရရှိသည်ဟု သတ်မှတ်ကြောင်း သိရခြင်း ဖြစ်သည်။

“အခုလောလောဆယ် လိုင်ဇာတဝိုက်မှာတော့ ထိရောက်မှုရှိတယ်လို့ သတ်မှတ်တယ်။ ၈ဝ ရာခိုင်နှုန်း လျော့တယ် လို့ ပြောလို့ ရတယ်။ အပြင်မှာ သုံးစွဲတဲ့ လူတွေ မတွေ့သလောက် ဖြစ်နေတယ်။ ပေါ်လစီ အရ ပြောမယ်ဆိုရင် တကယ့် လက်တွေ့မှာ ဒီလိုင်ဇာ ဌာနချုပ်မှာတော့ အရင်ကထက် စာရင် လျော့သွားတယ်” ဟု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီမှ ပြောခွင့်ရ ဗိုလ်ကြီး နော်ဘူက မဇ္စျိမကို ပြောသည်။

သို့သော် ကချင်ပြည်နယ် တခုလုံး အတိုင်းအတာအရ အောင်မြင်မှု မရနိုင်သေးဟုလည်း ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ အသက် ၁၅ နှစ်မှ ၄ဝ နှစ်ကြားရှိ လူငယ် ၁ဝဝဝ နီးပါးကို မူးယစ်ဆေး ဖြတ်ပေးခဲ့သလို၊ လက်ရှိတွင် ဦးရေ ၂ဝဝ ကျော်ကို လိုင်ဇာမြို့ရှိ ဘိန်းဖြတ်စခန်း၌ ပညာပေးနေကာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၂၇ ဦးကို အရေးယူခဲ့ပြီး၊ လက်ရှိတွင် ၅ဝ ကျော်ကို အရေးယူထားဆဲဖြစ်သည်။

ဘိန်းရောင်းဝယ်သူများကို ပညာပေးခြင်း၊ ဘိန်းမည်း တပိဿာလျှင် ကျပ် ၅ဝ ပြစ်ဒဏ်ပေးခြင်းများ ပြုလုပ်သော်လည်း ရောင်းချသူများသည် အောက်ခြေလူတန်းစား ဆင်းရဲသားများ ဖြစ်သဖြင့် အောင်မြင်မှု မရကြောင်း ယခုနှစ် ဖေဖော်ဝါရီလထဲတွင် သူက ပြောဆိုခဲ့သေးသည်။

ထိုလအတွင်း ကချင်ပြည်နယ်အရှေ့ပိုင်း ဝိုင်းမော်မြို့နယ် ဆဒုန်းဒေသတွင် ဘိန်းခင်း ၆၅၇၄ ဧကကို တိုက်ဖျက်ခဲ့ရာမှ နောက်ထပ် ဘိန်းခင်း ဧက ၂ဝဝဝ ကျော်ကို တိုက်ဖျက်နိုင်ခဲ့ပြီး စုစုပေါင်း ဧက ၈ဝဝဝ ကျော် KIO က ဖျက်ဆီးနိုင်ခဲ့သည်ဟု ဗိုလ်ကြီး နော်ဘူက ဆိုသည်။

ဆဒုန်းဒေသအပြင် ယခင် ကချင်ဒီမိုကရက်တစ်တပ်မတော် NDAK ထိန်းချုပ်ရာ ဒေသများ၊ KIO ထိန်းချုပ်ရာ လိုင်ဇာဝန်းကျင်၊ တြိဂံနယ်မြေ၊ ဖားကန့်၊ တနိုင်း စသည့် ဒေသများတွင် ဘိန်းစိုက်ဧကပေါင်း ၂ဝဝဝဝ ဝန်းကျင်ရှိမည်ဟု သူက ခန့်မှန်းသည်။

KIO က ဘိန်းခင်းဖျက်ဆီးခဲ့သော ဒေသများတွင် သင့်တော်ပြီး ရာသီအလိုက် စိုက်ပျိုးနိုင်သောအစားထိုးသီးနှံ များကို လာမည့် စက်တင်ဘာတွင် စိုက်ပျိုးရန်အတွက် လုပ်ဆောင်နေသည်။

လက်ရှိ ဘိန်းစိုက်ပျိုးသည့် ရာသီကုန်ဆုံးသွားသဖြင့် ကော်မတီ၏ ဘိန်းတိုက်ဖျက်နေသည့် လုပ်ငန်းစဉ်ကို ခေတ္တရပ်နားထားသည်။ သို့သော် အဆိုပါ ဘိန်းစိုက်ပျိုးသည့် နေရာများတွင် နောက်ထပ် စိုက်ပျိုးခြင်း မရှိစေရန် KIO တပ်ဖွဲ့များ စောင့်ကြည့်နေသည်။

ဘိန်းစိုက်ပျိုးသည့် ရာသီမှာ စက်တင်ဘာမှစ၍ ခုတ်ထွင်ရှင်းလင်းပြီး၊ နိုဝင်ဘာတွင် စိုက်ပျိုးကာ နောက်နှစ် မတ်လကုန်ပိုင်းတွင် ဘိန်းခြစ်ရာသီ ကုန်ဆုံးခြင်း ဖြစ်သည်။

ကချင်ပြည်နယ် တခုလုံးအတိုင်းအတာအရ မူးယစ်ဆေးတိုက်ဖျက်မှု မအောင်မြင်သော်လည်း KIO ထိန်းချုပ်ရာ လိုင်ဇာအနီးဝန်းကျင်တွင် ဘိန်းရောင်းဝယ်ဖောက်ကားမှုများ လျော့နည်းလာသလို၊ ဘိန်းစိမ်းစျေးများ မြင့်တက်နေဆဲ ဖြစ်သည်ဟု လိုင်ဇာမြို့ခံ တဦးက ပြောသည်။

မူးယစ်ဆေးတိုက်ဖျက်မှု မလုပ်ခင် လိုင်ဇာဝန်းကျင်တွင် ဘိန်းမည်းစျေး ၂ ဆ မြင့်တက်သွားရာ ယခင်နှစ်က ဘိန်းစိမ်း ၁ ပိဿာလျှင် ကျပ် ၃ သိန်းမှ ၅ သိန်းကြားရှိရာမှ လက်ရှိမှာ ရ သိန်းနှင့် ၈ သိန်းကြား စျေးရှိနေပြီး၊ ဘိန်းဖြူ၊ ရာမဆေးပြား စျေးများမှာ အနညး်ငယ် ကျဆင်းသွားသည်ဟု ဒေသခံအချို့ အဆိုအရ သိရသည်။

ဘိန်းခင်းတိုက်ဖျက်ရေး လုပ်ငန်းများတွင် စစ်အစိုးရ တပ်ဖွဲ့များက တားမြစ်ပိတ်ပင်မှုများ ရှိခဲ့သည့်ကြားမှ အောင်မြင်စွာ တိုက်ဖျက်နိုင်ခဲ့ရာ ကချင်ပြည်နယ်တခုလုံး အတိုင်းအတာ တိုက်ဖျက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကော်မတီ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

KIO နှင့် စစ်အစိုးရအကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မပြောဆိုခင်အထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မူအားဖြင့် သဘောတူခဲ့သော်လည်း ပြီးခဲ့သည့်နှစ် မေလမှစ၍ ဆက်ဆံရေး ပြတ်တောက်ခဲ့ရာ ယနေ့ထိ ဖြစ်သည်။

ကချင်လူငယ်များအကြား မူးယစ်ဆေး စိုက်ပျိုးသုံးစွဲမှု ပပျောက်ရေးအတွက် ကချင်ပြည်နယ် အစိုးရသစ်အနေဖြင့် ဦးစားပေး ဆောင်ရွက်ရန် ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲဝင်ပါတီများဖြစ်သော တစည၊ စဒကနှင့် NDF ပါတီ ခေါင်းဆောင်များက ယခုတပတ် အင်္ဂါနေ့တွင် တိုက်တွန်းပြောဆိုခဲ့ကြသေးသည်။

ကချင်တမျိုးသားလုံး တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ၁၉၆၁ ခုနှစ်မှစ၍ KIO ၏ လက်နက်ကိုင် လှုပ်ရှားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Most read this week