အတာသင်္ကြန် အတွင်းတွင်လည်းအစိုးရစစ်တပ် နှင့်သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည် တပ်မတော်(SSPP/SSA) တို့အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားသဖြင့် မိုင်းရှူး နှင့်တန့်ယန်းမြို့ နယ်ရှိ သျှမ်း၊ လားဟူ ဒေသခံ ၁၀ ဦး ထက် မနည်း အသတ်ခံရ ကြောင်း သိရှိရပါသည်။
“အဘိုးဦးအောင်မြတ်ပေါ့။ မိုင်းရှုးရဲ့ တောင်ဘက် ၁ မိုင်လောက်မှာရှိတဲ့ ခြင်္သေ့ရေတွင်း(နမ့်မော်ဆန်ဆီ) မှာ အမြဲ တမ်း ရေသွားချိုးလေ့ ရှိတယ်။ သူ ရေသွားချိုးရင် အသစ်ဆောက်တဲ့ ခလရ ၁၄၉ ဖက်ကို အမှတ်မထင် လှမ်းလှမ်းကြည့်တော့ သူ့ကို သျှမ်းသူပုန် တွေရဲ့ လူဘဲလို့ စွပ်စွဲပြီး စစ်တပ်က ရိုက်သတ်လိုက်တာ” ဟုမိုင်းရှုးမြို့ ဒေသခကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောပါ သည်။
အသက် ရ၂ နှစ်ရှိ ဦးအောင်မြတ်သည် မိုင်းရှုးမြို့ ရပ်ကွက် ၁ တွင် နေထိုင်ပြီး ဧပြီ ၁၁ ရက် ခြင်္သေ့ရေတွင်း၌ ရေသွား ချိုးစဉ် စစ်တပ်၏ ရိုက်သတ်မှုကို ခံရခြင်းဖြစ်သည်။
ဦးအောင်မြတ်အား ရိုက်သတ်ပြီးနောက် အလောင်းကို စစ်တပ်ထဲ ယူဆောင်ကာ အခေါင်းထဲ ထည့်ထားလိုက် ကြောင်း၊ ထို့နောက် ၎င်း၏ သမီးအား စစ်တပ်သို့ ခဏသွားရောက်ရန် ရဲများက ခေါ်ဆိုကြောင်း အဆိုပါ ဒေသခံက ယခုလို ဆက်ပြောပါသည်။
“စစ်တပ်ထဲရောက်တော့ အလောင်းကို ပေးမကြည့်ဘူး။ ဦးအောင်မြတ်ရဲ့ သမီးကို ပိုက်ဆံတစ်သိန်းပေးတယ်။ ဘယ် သူ့ကိုမှ သွားမတိုင်ဖို့လဲ ခြိမ်းခြောက်သေးတယ်။ အလောင်းကိုတော့ အသတ်ခံရတဲ့ နေ့မှာဘဲတပ်ဆောက် နေတဲ့ အလုပ်သမားတွေကို သွားမြှုပ်ခိုင်းလိုက်တယ်”
ဦးအောင်မြတ်၏ ဇနီး၊ သားသမီးများက ဧပြီ ၁၃ ရက် မိုင်းရှုးမြို့လယ်ရှိ ဘုရားကြီးကျောင်း၌ ၎င်းအား ရည်စူး၍ ဆွမ်း သွတ်လှူဒါန်းခဲ့သည်။
တန့်ယန်းမြို့နယ် (မိုင်းရှူး အရှေ့တောင်ဘက် ၁၀ မိုင်အကွာ) ၀မ့်လွယ်ရွာ လားဟူလူမျိုး ၅ ဦးလည်း အမည်မသိ လူတစ်စုက လွန်ခဲ့သော သီတင်းတပတ်အတွင်း သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
“တနင်္ဂနွေနေ့ ခရစ်ယာန်ဘုရားကျောင်းကို သူတို့ ရောက်မသွားတော့ ရွာသားတွေက သူတို့အိမ်လိုက်သွားကြ တယ်။ အိမ်ထဲမှာ အလောင်းတွေက အနံ့ထွက်နေပြီ။ သူတို့မိသားစုထဲမှာ ကလေးလေးလဲပါတယ်” ဟု တန့်ယန်းရောက် ၀မ့်လွယ်ဒေသခံ တစ်ဦးက ပြောပါသည်။
အလားတူ တန့်ယန်းမြို့နယ် ၀မ့်နမ့်ဇဲန်(၀မ့်လွယ်မှ သံလွင်ကူးတို့ဆိပ်သွား ကားလမ်းဘေး) ရပ်ရွာဥက္ကဋ္ဌ လုံးစိုင်းခမ်း အပါအဝင် ဒေသခံ ၄ ဦးအားလည်း အမည်မသိလူတစ်စု သတ်ဖြတ်ခဲ့သည်။
အဆိုပါ ဒေသများ၌ လားဟူပြည်သူ့စစ်တပ်ဖွဲ့လည်း လှုပ်ရှားသဖြင့် ဗမာစစ်တပ်က လားဟူနှင့်သျှမ်းတို့အကြား ခိုက် ရန်ဖြစ်ပွားစေရန် လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။