ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းတွင် ပါနေသော ကက်သလစ် ဘာသာဝင်များ၏လက်ဝါးကပ် တိုင်ကို ပြောင်းရွှေ့ ပေးရန် အာဏာပိုင်များက ဖိအားပေး နေကြောင်း ဘုရားကျောင်းနှင့် နီးစပ်သူ တဦးက ပြောသည်။
နိုင်ငံတော် စီမံကိန်းနေရာဟု ဆိုကာ အေးရှားဝေါလ်နှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း-CPI မှ ကိုယ်စားလှယ်တို့က ဧရာဝတီမြစ် အရှေ့ဘက် ဒေါင်ပန်ရွာမှ ဂျွမ်ဘွမ် (Jum Bum) တောင်တွင် စိုက်ထားသည့် လက်ဝါးကပ်တိုင်ကို ပြောင်းရွှေ့ ရန် ဖိအားပေးလာသည်။
“ကျနော်တို့ ဘာသာဝင်တွေက ဒီတောင်မှာ ကိုးကွယ်ယုံကြည်မှုနဲ့ စိုက်ထားတာ။ လက်ဝါးကပ်တိုင်ကို ဖျက်ဆီးလိုက်မယ် ဆိုရင် လုံးဝ ခွင့်မပြုဘူး။ ဒါ မဖြစ်နိုင်ဘူး ” ဟု သာသနာ့ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။
ဒေါင်ပန်ရွာ ဒေသခံများက ၁၅ ပေကျော် မြင့်သည့် လက်ဝါးကပ်တိုင်ကို အောက်ခြေ ကွန်ကရစ်ခံကာ သံ၊ အုတ်တို့ဖြင့် နှစ်ပေါင်းများစွာကြာအောင် စိုက်ထူထားရာ အဆိုပါ လက်ဝါးကပ်တိုင်ကို မပျက်စီးစေဘဲ ပြောင်းရွှေ့ရန် ဘာသာဝင်များကို ပြောထားသည်ဟု ကက်သလစ်ဘုန်းကြီးတပါးကလည်း ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက် နောက်ဆုံးထား ပြောင်းရွှေ့ ရမည် ပြောဆိုခဲ့ပြီးနောက် အေးရှားဝေါလ်နှင့် စီပီအိုင် ကုမ္ပဏီ ကိုယ်စားလှယ်များက ယခု ဧပြီလ ၁၂ ရက်နေ့တွင် စံပြကျေးရွာသစ်တွင် အစည်းအဝေး ခေါ်၍ မပြောင်းရွှေ့ပါက နိုင်ငံတော် စီမံကိန်းကို ဆန့်ကျင်သည်ဆိုကာ ဖိအားပေးပြောဆိုခဲ့ကြောင်း ဘုရားကျောင်းအကြီးအကဲတဦးက ပြောသည်။
“ဒီလက်ဝါးကပ်တိုင်ကို တကယ်လို့ ရွှေ့ ပြောင်းတယ်ဆိုရင်လဲ လက်ဝါးကပ်တိုင်ကို လုံးဝ မပျက်စီးစေရဘူး။ မြေယူလို့ မရပေမယ့် လက်ဝါးကပ်တိုင်ကို ကွန်ကရစ်ကအစ မပျက်မစီးဘဲ ရွှေ့ ပေးဖို့ ပြောထားတယ်။ ဖျက်ဆီး လိုက်တယ်ဆိုရင် ကျနော်တို့ သိက္ခာ အရမ်းထိခိုက်သွားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ထိုလက်ဝါးကပ်တိုင်ကို လက်ရှိ ရေကာတာစီမံကိန်းနေရာ အတွင်း ပါဝင်၍ ရွှေ့လိုက်သည့် စံပြရွာအနီးမှ တောင်တန်းများဘက် ပြောင်းရွှေ့နိုင်သည်ဟု ကုမ္ပဏီက ဆိုသည်။ သို့သော် မည်သည့်တောင်သို့ ပြောင်းရွှေ့ရန် ညွှန်ကြားခြင်း မရှိသေးကြောင်း သိရသည်။
အလားတူ မလီအင်မိုင်ဇွပ် အောက်ဘက် နှစ်ခြင်းအသင်းတော်၏ လက်ဝါးကပ်တိုင်ကိုလည်း ပြောင်းရွှေ့ရန် ညွှန်ကြားထားသည်ဟု သိရသည်။
၂ဝဝ၇ နှစ်ကုန်ပိုင်းက စစ်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် CPI တို့ စခဲ့သော မြစ်ဆုံရေကာတာ စီမံကိန်းကို ရေအောက်ပိုင်း စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိ ဧရာဝတီမြစ်ကမ်းပါးများကို အုတ်တံတားကာနေပြီ ဟု သိရသည်။
ယင်းစီမံကိန်းနေရာသည် စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနှင့် နီးသဖြင့် ရေကာတာကျိုးပြီး ရေလွှမ်းမည့် အန္တရာယ်ကြောင့် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူများက ကန့်ကွက်ခဲ့သော်လည်း ယခုအစိုးရသစ် လက်ထက်ထိ ဆက်အကောင်အထည်ဖော်နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းက စစ်ကိုင်းငလျင်ကြော သည် ကချင်ပြည်နယ် မြို့ကြီးများကို မဖြတ်သော်လည်း မြစ်ဆုံအောက်ပိုင်း ၁၄ မိုင်ခန့်ကွာဝေးပြီး ဧရာဝတီမြစ် အနောက်ဘက် အင်ခိုင်ဘွမ်တော်ငကို ဖြတ်သွားကြောင်း ယခင်က ပြောဆိုဖူးသည်။
ယင်းစီမံကိန်းအတွင်းမှ ကျေးရွာပေါင်း ၄ဝ ကျော် လူ တသောင်းကျော်ကို မြစ်ဆုံအောက်ဘက်ရှိ စစ်အစိုးရက နေရာအစားပြန်ပေးထားသည့် စံပြရွာသို့ ပြောင်းရွှေ့စေခဲ့သည်။
သို့သော် အစားပြန်ပေးသည့် နေရာမှာ လူမှုဖူလုံရေးနှင့် အသက်မွေးဝမ်းကြောင်းအတွက် မည်သို့မျှ ပြည့်စုံမှု မရှိဟု ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင် အဖွဲ့က ပြောဆိုနေသည်။