မင်းထက်အောင်(ဧပြီ-၁၁)။ ။ပြီးခဲ့သည့်ရက်ပိုင်း အတွင်း ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး၌ယခင်ဆုံးဖြတ်ချက် အတိုင်းဆက်လက်ရပ်တည်သွားမည်ဟုဆုံးဖြတ် ကြကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ရွှေသိန်းက ပြောသည်။
“မွန်ပြည်သစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံဘူး၊ အဲဒီအကျိုးဆက်အရပေါ်ထွက်လာတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံခဲ့ဘူး၊ ဒါကြောင့် အခုအစိုးရသစ်ကိုအသိအမှတ်မပြုနိုင်ဘူးလို့အဖြေက ရှိပြီးသားပါ”ဟု နိုင်ရွှေသိန်းက ဆက်ပြောသည်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကို မွန်ပြည်သစ်ဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျား(မွန်ပြည်နယ်) ဒေသ၌ လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ရ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ မွန်ပြည်သစ်ပါတီဗဟိုကော်မတီအစည်းအဝေးပြီးဆုံးပြီးသည့်နောက်ရာထူးဌာနအပြောင်းအလဲ အချို့ရှိခဲ့သည်ဟု သိရသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ရွှေသိန်း(ပြည်ပရေးရာဌာနကြီးတာဝန်ခံ၊) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလညီ(ဗဟိုအုပ်ချုပ်ရေးဌာနတာဝန်ခံ) ဗဟိုကော်မတီဝင် နိုင်အေးမွန်(ဗဟိုရုံးအုပ်နှင့် စည်းရုံးရေးဌာနတာဝန်ခံ) နိုင်အောင်မငေး(သထုံခရိုင်အတွင်းရေးမှူး) အဖြစ်ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
“မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရအပစ်အခတ်ပျက်ပြယ်သွားခဲ့ပါပြီ၊ ဒါပေမယ့်နိုင်ငံရေးအရဆက်လက်တွေ့ဆုံဖို့ ဆိုရင် ကျနော်တို့တစ်ဖွဲ့နဲ့မဟုတ်ပဲ ဖက်ဒရယ်ပေါ်ထွန်းရေးကော်မတီနဲ့ပဲဆွေးနွေးရပါမယ်” ဟု နိုင်ရွှေသိန်းက ဆက်ပြောသည်။
ဖက်ဒရယ်ပေါ်ထွန်းရေးကော်မတီတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နဲ့ ချင်းအမျိုးသား တပ်ဦး (CNF) ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA) တို့ဖြစ်ကြသည်ဟုသတင်းမှတ် တမ်းများအရသိရသည်။
“အစိုးရတပ်တွေ မကြာခင်ကျနော်တို့ကို လာတိုက်လိမ့်မယ်လို့ သိထားပါတယ်၊ အဲဒီအတွက်လိုအပ်တဲ့ကြို တင်ကာကွယ်မှုတွေ ပြုလုပ်နေရပါတယ်” ဟု နိုင်ရွှေသိန်းက ပြောသည်။
ယခုရက်ပိုင်း၌ အစိုးရတပ်ဖွဲ့အချို့ မွန်ပြည်သစ်ထိန်းချုပ်ဒေသအနီးရောက်ရှိခဲ့သော်လည်းအပြန်အလှန် ပစ်ခတ်မှုများမရှိသေးပေ။
မွန်ပြည်သစ်ပါတီသည် ဗဟိုကော်မတီဝင် ၂၇ ဦး၊ အရန်ဗဟိုကော်မတီဝင် ၅ ဦးဖြင့်ဦးဆောင်ဖွဲ့စည်းခဲ့ သော်လည်း ယခုအစည်းအဝေးတွင် ဗဟိုကော်မတီဝင် ၂၄ ဦးသာကျန်ရှိသည်ဟု သိရသည်။