ဘန်ကောက် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုလုံးကိုပိတ်ပစ် ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော ဆွေးနွေးခဲ့ကြောင်းဘန်ကောက် ပို့စ် သတင်းစာကြီးက အင်္ဂါနေ့တွင်ရေးသားလိုက် သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီရုမ်း Kasit Tiromya နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးအသစ်ဦးဝဏ္ဏမောင် လွင်သည် ဘန်ကောက်မြို့၌ တနင်္လာနေ့တွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏အလွတ် သဘော အထူးတွေ့ဆုံဆွေးနွေးပွဲ၏ ပြင်ပတွင် သီးသန့်တွေ့ဆုံပြီး ဤ ဒုက္ခသည်ပြဿနာကိုဆွေးနွေးခဲ့ ကြခြင်း ဖြစ်သည်။
၎င်းတို့အနေဖြင့် ထိုဒုက္ခသည်စခန်းများ ပိတ်ပစ်မည့် နေ့ရက်သော်၎င်း၊ အစီအစဉ်များသော်၎င်း တရားဝင် ချမှတ်ခဲ့ခြင်း မရှိသော်လည်း ပြုလုပ်မည့် အစီအစဉ်ထဲတွင် ဒုက္ခသည်များကို ကျွမ်းကျင်မှုသင်တန်းများ ပေးမည့် အစီအစဉ်လည်း ပါ၀င်မည်ဟု ထိုင်းအစိုးရဘက်က ပြောသည်။
’’ထိုင်းအစိုးရအနေနဲ့ ပညာရေး၊ လူ့အရင်းအမြစ်ဖွ့ံဖြိုးရေး သင်တန်းတွေ ပေးသွားပါမယ်။ မြန်မာပြည်ပြန်နိုင် ရေး ပြင်ဆင်ပေးတဲ့အနေနဲ့ သူတို့ရဲ့ ဘဝအရည်အသွေးကိုလည်း မြှင့်တင်ပေးသွားပါမယ်။ ဒါမှ မြန်မာပြည် ပြန်ရောက်တဲ့အခါ တိုင်းပြည်အတွက် အပြုသဘော အခန်းကဏ္ဍကနေ ပါ၀င်နိုင်မှာပါ’’ ဟု ၀န်ကြီးကဆစ်ပီရုမ်း ၏ ပြောရေးဆိုခွင့်ရှိသူ ထာနီသုန်ပတ်ဒီ Thani Thongpakdi က ပြောသည်။
နယ်စပ်တလျှောက်တွင် ဒုက္ခသည် တသိန်းလေးသောင်းကျော် ရှိနေပြီး၊ အချို့မှာ ဒုက္ခသည်စခန်းတွင်း နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့် လောလောဆယ် နို်င်ငံခြားအန်ဂျီအိုများ အဓိက တာဝန်ယူဆောင်ရွက်နေသော အဆိုပါ ဒုက္ခသည်စခန်း ၉ ခုရှိ အုပ်ချုပ်မှုလုပ်ငန်းများကို လွှဲပြောင်းတာဝန်ယူမည်ဟု ပြောခွင့်ရ ထာနီသုန်ပတ်ဒီက နိုင်ငံခြားရေးဝန်ကြီး ကဆစ်ကို ကိုးကားပြောကြားခဲ့သည်။ မြန်မာဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံဘက်မှ အသင့်ရှိပါသည်ဟု မြန်မာဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသွားခဲ့သည်ဟု သူက ပြောပြသည်။
ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ Abhisit Vejjajiva က သဘာပတိအဖြစ် ဆောင်ရွက်ကာတနင်္လာနေ့ တွင် ကျင်းပခဲ့သည့် ထိုင်းအမျိုးသား လုံခြံုရေးကောင်စီ အစည်းအဝေး၌လည်း အဆိုပါ ဒုက္ခသည်စခန်းများ ပြန်ပိတ်ရေးကိစ္စကို ဆွေးနွေးခဲ့သေးကြောင်း ထိုလုံခြံုရေးကောင်စီ အကြီးအကဲ Thawil Pliensri ကပြော သည်။
’’ဘယ်အချိန်မှာ ဒီဒုက္ခသည်စခန်းတွေကို ပိတ်ပစ်မယ်ဆိုတာ ကျနော် မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကျနော်တို့မှာ ဒီလိုလုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်’’ ဟု သူက ပြောဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ်က ရေးသားသည်။ ’’ဒီကိစ္စကို မြန်မာ အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါပြီ’’ ဟု ကောင်စီအကြီးအကဲက ဆိုသည်။
တာ့ခ်၊ မဲဟောင်ဆောင်၊ ကန်ချနပူရီ၊ ရပ်ချ်ဘူရီ ပြည်နယ်များရှိ ဒုက္ခသည် စခန်းများ၌မြန်မာအစိုးရအဆက် ဆက် ဆယ်စုနှစ် ၄ ခုကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများတွင် ပြေးလွှားပုန်းအောင်းခဲ့ရသော မြန်မာတိုင်းရင်းသား ဒုက္ခသည်အုပ်စုအမျိုးမျိုး ရောနှောနေထိုင်နေကြခြင်း ဖြစ်သည်။
ဒုက္ခသည်စခန်းတွင်း နေထိုင်မှုဘဝမှာ ကိုယ်ထူကိုယ်ထ အများစုဖြစ်ပြီး နို်င်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ထိုင်းအစိုးရက စီမံခန့်ခွဲအုပ်ချုပ်ပေးနေသော်လည်း ပင်ပန်းဆင်းရဲလွန်းလှသည်။ပုံမှန် အခြေအနေတွင် ဒုက္ခသည်များကို စခန်းတွင်းမှ အပြင်ထွက်ခွင့်လည်း မပြု၊ အလုပ်လုပ်ခွင့်လည်း မပြုပါ။
ဘန်ကောက်ပို့စ်အဆိုအရ ဒုက္ခသည်များကို မကြာမီ နေရပ်ရင်းပြန်ပို့တော့မည်ဟု ဘန်ကောက်ရှိ ကုလသမဂ္ဂ ကယ်ဆယ်ရေး အေဂျင်စီတခုမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
’’ထိုင်းအစိုးရနဲ့ ကျနော်တို့ဆက်ဆံရေး ကောင်းပါတယ်၊ ကောင်းကောင်းတွဲလုပ်လို့ ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ နားလည်သလောက် ဒီဒုက္ခသည်တွေ ဒီမှာ အမြဲတမ်းနေဖို့တော့ သူတို့မလိုလားဘူး’’ ဟု ကစ်တီမက်ကင်းဆေး Kitty McKinsey က ပြောသည်။
’’ဒါပေမဲ့ ဒါကို ဖြေရှင်းရမယ့် အဖြေက အခုထိ အန္တရာယ်ရှိနေသေးတဲ့ သူတို့ရပ်ရွာကို ဒုက္ခသည်တွေ အတင်းအကျပ် ပြန်ပို့ရေး မဟုတ်ပါဘူး။ ဖြစ်စေချင်တာကတော့ ဒုက္ခသည်တွေကို သူတို့ဆန္ဒအတိုင်း လုံခြံုမှုရှိစွာ၊ ဂုဏ်သိက္ခာရှိစွာ ပြန်ပို့ရေး ဖြစ်ပါတယ်။ သူတို့ဆန္ဒအတိုင်း ပြန်တာ ဖြစ်ရပါမယ်’’ ဟု သူက ပြောသည်။