ရွှေ့ပြောင်းများအရေး ဦးစားပေးချင်သည့် AMDP မွန်ပါတီ

ရွှေ့ပြောင်းများအရေး ဦးစားပေးချင်သည့် AMDP မွန်ပါတီ
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ)။ ။ မွန်လူထုအတွင်း စားဝတ် နေရေးအတွက် ပြည်ပထွက်ကာ အလုပ်လုပ်ကိုင်သူ များလာသဖြင့် မွန်ဒေသ၌ အလုပ်အကိုင်များ ဖန်တီးပေးရန် ပြည်နယ်အစိုးရအနေဖြင့်ဦးစားပေး သင့်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေ စီပါတီ AMDP က ပြောဆိုသည်။

အလုပ်အကိုင်ရှားသဖြင့် ကူးသန်းရလွယ်ကူသော ထိုင်းနှင့် အိမ်နီးချင်း နိုင်ငံများသို့ မွန်လူထု သိန်းနဲ့ချီကာ ပြောင်းရွှေ့ကုန်သဖြင့် ပြည်နယ်လုပ်အား လျော့နည်းလာခြင်းကြောင့် ဒေသတွင်း အလုပ်အကိုင်ရရေးကို ပြည်နယ်အစိုးရ ဦးစားပေး လုပ်ဆောင်ရန် AMDP က လိုလားခြင်း ဖြစ်သည်။

“မွန်မှာရှိတဲ့ ရာဘာခြံလည်း အကုန်လုံး အလုပ်မရ၊ တခြား စက်ရုံအလုပ်ရုံရယ်လို့ မယ်မယ်ရရ မရှိတော့ ဟိုဘက်ကူးကြတယ်။ တဖက်နိုင်ငံဆိုတာကလည်း အိမ်လည်သွားသလို ကူးရတာ သိပ်လွယ်တော့ အဘတို့ဆီမှာ ကျီးမောင်း ကြက်မောင်း၊ အဘိုး အဘွားနဲ့ ကလေးတွေပဲ ကျန်တာများတယ်” ဟု AMDP ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက မဇ္စျိမကို ပြောသည်။  ပြည်နယ်စီးပွားရေး မတောင့်တင်းသဖြင့် ရွှေ့ပြောင်းလုပ်သား ပြဿနာနှင့်အတူ  အချိန်မတိုင်မီ ကျောင်းထွက်ကာ အလုပ်လုပ်ကြသဖြင့် ပညာရေး အဟောသိကံလည်း ဖြစ်ရသည်ဟု ဆိုသည်။

ထိုင်းနှင့် မလေးရှားတွင် တရားဝင်နှင့် တရားမဝင် မွန်ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော်ရှိပြီး၊ အများစုမှာ စက်ရုံများတွင် လုပ်ကိုင်ကြကြောင်း မွန်သတင်းများအရ သိရသည်။ မွန်ပြည်နယ်တခုလုံးတွင် လူဦးရေ ၈ သန်းကျော် နေထိုင်ကြသည်။

မွန်ပြည်နယ် ရာဘာခြံလုပ်ငန်း အလုပ်သမားများပင် ဝင်ငွေပိုရသည့် ထိုင်းနိုင်ငံရှိ ရာဘာခြံများသို့သွားရောက် လုပ်ကိုင်ကာ မြန်မာပြည်ရှိ မိသားစုများထံ ငွေထောက်ပံ့နေကြကြောင်း ထိုင်းအခြေစိုက် လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ အွန်လိုင်းအယ်ဒီတာ မိရိုင်မရော့ကလည်း မဇ္စျိမကို ပြောသည်။

“ထိုင်းမှာတော့ အများဆုံးပဲ။ မွန်ပြည်နယ်က နယ်စပ်ဆိုတော့ ကူးရတာ လွယ်တယ်။ နောက်ပြီးရာဘာခြံ လုပ်တာချင်း အတူတူ ထိုင်းမှာ ပိုရတော့  ထိုင်းက ရာဘာခြံတွေမှာ အလုပ်လုပ်၊ ငွေစုပြီး အိမ်ပြန်ပို့ကြတာ များတယ်” ဟု သူက ဆိုသည်။

စိုက်ပျိုးရေး အဓိကလုပ်ကိုင်သည့် မွန်ပြည်နယ်တွင် လယ်ယာမြေသိမ်းယူမှု ပြဿနာများမှာလည်း ပြည်နယ်အစိုးရ ချက်ချင်း ဆောင်ရွက်ရမည့် ကိစ္စဟု ဦးနိုင်ငွေသိန်းက ပြောသည်။

“ရာဘာခြံတွေကို စစ်တပ်က သိမ်းတာတွေ၊ လယ်တွေသိမ်းလို့ တဖက်နဲ့တဖက် ပြဿနာတွေတက်ကြတာ တွေ ရှိနေတော့ ဒါတွေကို ပြည်နယ်အစိုးရက ဖြေရှင်းပြီး၊ ပြေလည်အောင် လုပ်ပေးနိုင်ရင် လူထုက ၀မ်းသာတာပေါ့” ဟု သူက ဆိုသည်။

မွန်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးအုန်းမြင့်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တင်သွင်းခဲ့သည့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၉ ဦးတွင် AMDP မှ ၂ ဦး ပါ၀င်သည်။

မုဒုံမြို့နယ် မဲဆန္ဒနယ် ၂ မှ ဒေါက်တာမင်းနွယ်စိုးသည် လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီး၊ ရေးမြို့နယ် မဲဆန္ဒနယ် ၁ မှ ဦးနိုင်လဝီအောင် (ခ) ဦးနိုင်မြင့်ဆွေမှာ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။

ပြည်နယ်အစိုးရတွင် ၎င်းတို့ ပါ၀င်သော်လည်း အနိုင်ရပါတီ၏ မူဝါဒကို ၀န်ကြီးများက လုပ်ဆောင်ရန်သာ အခွင့်ရှိမည်ဖြစ်ပြီး၊ အစိုးရအဖွဲ့တွင် ကြံ့ခိုင်ရေးပါတီမှ အများဆုံးပါ၀င်နေသဖြင့် ဒေသခံလူထု၏ ယုံကြည်မှုနှင့် လက်တွဲဆောင်ရွက်မှု ရရှိရေးမှာ စိန်ခေါ်မှုတရပ် ဖြစ်ဖွယ်ရှိကြောင်း ဦးနိုင်ငွေသိန်း သုံးသပ်သည်။

“လူထုက သံသယမျက်လုံးနဲ့ ကြည့်နေဆဲပဲဆိုတော့ ဒါကို ပျောက်သွားဖို့၊ ယုံကြည်မှု ရလာဖို့ကအရေးကြီး တယ်။ အရင်တုန်းကလို ဟန်ကြီးပန်ကြီးနဲ့နေပြီး လူထုနဲ့ မထိစပ်ဘူးဆိုရင် ခက်ခဲမယ်ထင်တယ််” ဟု AMDP ဥက္ကဋ္ဌက ဆိုသည်။

မွန်ပြည်နယ် လွှတ်တော်တွင် အမတ်နေရာ ၃၁ နေရာရှိသည့်အနက် ကြံ့ခိုင်ရေးပါတီမှ ၁၄ ဦး၊ AMDP မှ ရ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ - တစည မှ ၂ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦးပါ၀င် သည်။

၀န်ကြီးများ စာရင်း

ဗိုလ်မှူးကြီး ဋ္ဌေးမြင့်အောင်       (တပ်မတော်သား ကိုယ်စားလှယ်)     လုံခြံုရေးနှင့် နယ်စပ်ရေးရာ
ဒေါက်တာခင်မောင်သွင်           (ကြံ့ဖွံ့)                                               စီးပွားရေး
ဒေါက်တာတိုးတိုးအောင်          (ကြံ့ဖွံ့)                                               စက်မှု
ဒေါက်တာလှဦး                     (ကြံ့ဖွံ့)                                               ပညာရေးနှင့် ကျန်းမာရေး
ဦးမျိုးညွန့်                             (ကြံ့ဖွံ့)                                               စိုက်ပျိုးရေးနှင့် မွေးမြူရေး
ဦးဝင်းမော်ဦး                         (ကြံ့ဖွံ့)                                               သစ်တော
ဦးထွန်းလှိုင်                           (တစည)                                   သာသနာရေးနှင့် အလုပ်သမား
ဦးနိုင်လဝီအောင် (ခ) ဦးနိုင်မြင့်ဆွေ (AMDP)                                 စွမ်းအင်နှင့် လျှပ်စစ်စွမ်းအား
ဒေါက်တာမင်းနွယ်စိုး (AMDP)     လူမှုရေးနှင့် ယဉ်ကျေးမှု