ဖော်မမဲ့သော ပဏ္ဍိတ်ဟင်္သာ

ဖော်မမဲ့သော ပဏ္ဍိတ်ဟင်္သာ
by -
ဘိုဘိုလန်းစင်

(ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် နှလုံးရောဂါနှင့် လဲကျနေသော ဟံသာဝတီ ဦးဘခင်ကို မကွယ်လွန်မီ ကူညီစောင့်ရှောက်ခဲ့သော ကွယ်လွန်သူ ပါရဂူသို့)

(၁)

ကိုယ့်အယူအဆကို ထုတ်ပြခွင့်မရလျှင် ကိုယ်ပိုင်နိုင်သည့် ကျမ်းဂန်စာပေထဲက အကြောင်းတွေပဲ အများအကျိုး အတွက် ဝေငှပေးလိုသည့် လျှပ်ပေါ်မှုကင်းသည့် ပညာရှိ သူတော်ကောင်းစိတ်က မြန်မာပြည်တွင် ဤနှစ် ၅ဝ အတွင်း မထင်ရက်အောင် ခေါင်းပါးခဲ့လေသည်။

မဟာဘွဲ့ယူကျမ်းအတွက် မြဝတီမဂ္ဂဇင်းတွေ လှန်စဉ်က ဆရာပါ၏ အဘိဓမ္မာနှစ်ရပ်ဆောင်းပါးကို ကိုးကားခဲ့ရသေးသည်။ သီဟိုဠ်မှ ကြွလာသော ဘိက္ခုအာနန္ဒာကောသလ္လာယနကို ဦးစောဦး၊ ချစ်လှိုင်၊ ဗိုလ်သိန်းတန်စသည့် တောပြန် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးအရာရှိကြီးများက ဖူးမျှော်ပီး ဗုဒ္ဓအဘိဓမ္မာနှင့် မာ့က်စ်ဝါဒအကြောင်း မေးလျှောက်ကြသည်ဆိုသည်။ စိတ်ဓာတ်စစ်ဆင်ရေးကို အဓိကဦးစီးရသည့် ဗိုလ်မှူးကြီးဘသန်း(ဓမ္မိက)ကလည်း တောင်တွင်းမှ ဆရာတော်ဦးဥက္ကဋ္ဌထံ လက်ရွေးစင်တပ်သားအချို့ကို လွှတ်ပီး ဗုဒ္ဓဝါဒနှင့် မာ့က်စ်ဝါဒနှိုင်းယှဉ်လေ့လာစေသည်ဟု ဆရာပါက ဆိုသည်။ ဆရာပါကိုယ်တိုင်ကလည်း ဗော်လဂါမှ အနောတတ်ရေကို ဂင်္ဂါသို့သယ်ယူပုံကို ဆရာရင်းအရှင်ဉာဏိဿရ (ဦးဆန်းထွန်း)နှင့်အတူ ပြန်ဆိုခဲ့သော ဘကလထ (လူပြန်တော်)လက်ဝဲပညာရှိတပါးမို့့  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖခင်တပါးဟု ဆရာ့ကို နောက်လျှင် ဆရာပါ ထုံးစံအတိုင်း မျက်စိမှိတ်အောင် ရီပေလိမ့်မည်။

paraguအာနန္ဒာကောသလ္လာယန၏ ဗုဒ္ဓဘာသာနှင့် မာ့က်စ်ဝါဒကို ၁၉၅၄ ဆဋ္ဌသင်္ဂါယနာ တင်သည့်နှစ်ကပင် ဆရာပါ ပြန်ခဲ့သေးသည်။ ဗုဒ္ဓဝါဒနှင့် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ် ဝါဒသာလျှင် အဘယ်ကြောင့်၊ တော်လှန်သော အတွေးအခေါ်၊ အညမည သဘောတရားနှင့် ဗုဒ္ဓအဘိဓမ္မာတွေ ဆရာ ပြန်ဆိုပြုစု ခဲ့သေးသည်ပဲ။ (တခုမှ ကျနော်မဖတ်ဖူးပါ၊ အသုဘ စာတမ်းရေးသူ ထုံးစံ စာအုပ်ခေါင်းစဉ်တွေ ရွတ်ပြတာသာ ဖြစ်ပါသည်) သို့သော် ဆရာသည် သူများဝဲတိုင်း ယာတိုင်း လိုက်ယောင်သည့် လှေကြံုစီးတော့ မဟုတ်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြခွင့်မရလျှင် ကိုယ်ပိုင်နိုင်သည့် ကျမ်းဂန်စာပေထဲက အကြောင်းတွေပဲ အများအကျိုးအတွက် ဝေငှပေးလိုသည့် လျှပ်ပေါ်မှုကင်းသည့် ပညာရှိသူတော်ကောင်းစိတ်က မြန်မာပြည်တွင် ဤနှစ် ၅ဝ အတွင်း မထင်ရက်အောင် ခေါင်းပါးခဲ့လေသည်။

ဤအချက်တွင် မြန်မာစာရေးဆရာများ အတော်အရှက်ကွဲလှရာ ဆရာလိုလူမျိုးက ခြွင်းချက်ကျန်နေသည်ကပင် ကျေးဇူးတင်စရာကောင်းပါသည်။ အယူအဆတခုကို ထည်လဲထည်ချွတ် ဖက်ရှင်လိုက်သည့်ကိစ္စမှာ ပညာတတ်သူငယ်နာသာဖြစ်သည်။ အပြောအဆိုအရေးအချွတ်လေးများက ရိုးရိုးသားသားပြောင်းတာလား၊ သာကူးလား နန်းဇာတိရုပ်အမှန်ကို ကြာကြာမဖုံးနိုင်ပဲ ထုတ်ပြတတ်ပါသည်။ ဆရာသာ လှိုင်းစီးတတ်လျှင် ရေမြေ့ရှင်တွေကို လက်ဖဝါးကြီးကော့နေအောင် ဖားတတ်လျှင် ဆရာ့ကလောင်၊ ဆရာ့ပညာနှင့် မဆလတွင် တနေရာခိုင်ခဲ့နိုင်ပါသည်။ ယခုတော့ ပရကထာတွင် ဆရာရေးခဲ့သည့် အရာရှိကြီးဖြစ်သွား၍ သူ့ရုံးခန်းသွားလည်သည့်အခါ မျက်နှာအချိုးပြောင်းသွားသည့်စာရေးဆရာကြီးဆိုတာ ဘယ်သူမှန်း မမေးလိုက်ရဟုသာ နောင်တရမိသည်။ ထို ငွေကြာယံဆရာကြီးလက်ကျန်တချို့ အခုထိ ဘိန်းမူးမပြေသေးပဲ ကြေးစားမီဒီယာတချို့ကနေ ယင်းထပြနေသည်က တရားရပီးရင်း ရစရာပင်။ ငပိထုပ်ဖူးတဲ့ဖက်များဟာ အနံ့ပြယ်ခဲသကိုး။ အာဏာနားမှာ အာဏာရောင်ဟပ်ခံရသည်ကပဲ တချို့အတွက် တမလွန်ရိက္ခာဖြစ်ပေလိမ့်မည်။

(၂)

ဤဆယ်နှစ်အတွင်း အဆီအနှစ်ပြည့်ဝသည့် စာကောင်းတွေပေးနိုင်သော စာရေးဆရာပညာရှိလူတန်းစားနေရာတွင် တပွဲတိုး ဂလိုဘယ်ဖတ်ညွှန်းဆရာတွေ တွင်ကျယ်လာနေသော မြန်မာ စာနယ်ဇင်း အနာဂတ်အတွက် အထူး စိတ်ဆင်းရဲမိပါသည်။

ဆရာ့ကို နောက်ဆုံးတွေ့ခဲ့ရသည်က  ၂ဝဝ၇ က ရန်ကုန် ၃၅ လမ်း သခင်သိန်းမောင်မွေးနေ့တွင်ဖြစ်သည်။ လမ်းဘေးတွင် ထိုင်၍ မိတ်ဆွေများကိုနှုတ်ဆက်နေသော ဆရာ့ကိုနှုတ်ဆက်တော့ ဝမ်းသာအားရပြန်နှုတ်ဆက်သည်။ ဆရာ့ ကျန်းမာရေးက မျက်နှာဖောပီး အသံကအစ်နေသည်။ ဆရာ တော်တော်လေးသွားနှေးသွားပီဟု အောက်မေ့မိသည်။ ဒိမတိုင်ခင်က ဆရာ့သျှန်တိနိကေတန်စာကြည့်တိုက်ဖွင့်ပွဲတွင် တက်ကြွပျော်ရွှင်နေသည့် ဆရာ့ကို ယခုတိုင် မြင်နေမိသည်။ အများသူငှာအတွက် ဖြူစင်စွာထားရှိသည့် ဘဝရည်မှန်းချက် ပြည့်ဝအောင်မြင်ချိန်ပေကိုး။ ထိုစာကြည့်တိုက်လည်ပတ်ဖို့ တသက်လုံး စာသာရေးလာသည့်ဆရာ စာမူတွေအများကြီး ပိုရေးရသည်။ ထိုကြောင့်ကြများကြောင့်ပင် ဆရာဂျံုးဂျံုးကျသွားသလား အောက်မေ့ပါသည်။ ဆရာမတိမ်းပါးခင် ဆရာတော်တပါးထံ စာကြည့်တိုက်ကို အပ်နှံကာ စာစုဗဟုသုတအဝဝကို အများပြည်သူ အလွယ်တကူကျယ်ပြန့်စွာသုံးစွဲနိုင်အောင် စီစဉ်ပေးရန် အပ်ခဲ့သည်ဟု ကြားရ၍ ဆရာအသေဖြောင့်သွားပါစေဟုသာ ဆုတောင်းရပါသည်။

pa-ya-gu“ခင်ဗျားတို့ ဗြူတီက ကျနော့ကို စာမူမတောင်းဘူးဗျာ” ဟု ဆရာပြောလာသဖြင့် “ သူတို့ အဆက်ပြတ်နေတာ နေမယ် ဆရာ၊ လူလွှတ်လိုက်ပါ့မယ်”ဟု ပြန်စီစဉ်ကာ စာမူ ထည့်သွင်းခဲ့ရသည်ကို စဉ်းစားမိတိုင်း ဆရာ့အတွက် စိတ်မကောင်းဖြစ်ရသလို ဆရာ၏ ဆရာကြီးမဆန်မှုကိုလည်း ပိုလေးစားမိရသည်။ တကယ့်ဆရာကြီးတွေက စာမူပေးရ လူငယ်တွေကို ကူရသည်ကိုပင် ပျော်တတ်ကြသူများဖြစ်သည်။ လူမှုဆက်ဆံရေး အထူးပြေပြစ်ပြည့်ဝကာ အဘက်ဘက်နှင့် သင့်တင့်ချစ်ကြည်နေတတ်သည့် ဆရာ့ဂုဏ်ပုဒ်က တချို့ ဆရာကြီး ဆရာမအကြီး အသေးပေါင်းစုံကဲ့သို့ စိတ်ထင့်သွားမည်ကို ပူမနေရ။ တချို့သူများ သူတို့ပြေလည်မှုအတွက် ဆရာ့ထံ ဂိုဏ်းဖွဲ့သလိုကပ်လိုက် ခွာသွားလိုက် လုပ်တတ်တာတွေကို ဆရာ သိပ်စဉ်းစားခဲ့မည် မဟုတ်ဟုပင် အောက်မေ့ပါသည်။ အနေရှင်း စိတ်ရှင်းသလို  လူ့အရည်အချင်းတွေထဲတွင် ပရဟိတသမား အများအတွက် အလုပ်လုပ်တဲ့ လူမှုရေးသမားကိုသာ အထင်ကြီးသည့် ဆရာ့ဝါဒကလည်း ပေါင်းစည်းအားဖြင့် ရုန်းကန်နေရသည့် မြန်မာ့လူ့ဘောင်အတွက် အကျိုးကြီးပါသည်။ “လက္ချမီနှင့်သူရဿတီ” ဆိုသည့် ဆရာ့ဝတ္ထုတိုတပုဒ်ထဲက နတ်သမီးနှစ်ပါးမသင့်တင့်၍ တပါးက ကြည်ဖြူသူကို ကျန်တပါးကမကြည့်၊ ထို့ကြောင့် ပညာရှိများ မချမ်းသာ၊ သူဌေးများ ဉာဏ်မရှိဆိုသည့်စာသားကိုလည်း အကြောင်းတိုက်ဆိုင်တိုင်း ကိုးကားရသည်။ စီးပွားရေးကပ်ဆိုက်ချိန် ကျောင်းတွေ ပညာရပ်ဌာနတွေ မစိုပြည်ချိန်မှာ လက္ချမီးကိုလည်း ချစ်ပါသည်ဟု ထအော်ပေးရမလိုပင်။

တချို့က ဆရာ့ကို “ကုလား” လူ၊ ဟိန္ဒူဝါဒတွေ ဗုဒ္ဓဘာသာထဲသွတ်သွင်းအဆိပ်ခတ်နေသူဟု စောင်းမြောင်း ပုတ်ခတ် တီးတိုးစာဖြန့်လုပ်သည်ကို တွေ့ဘူးပါသည်။ အိန္ဒိယနှင့် ဆရာ့ပညာရေးဆက်ဆံမှုကလည်း ဘာသာရေး လူမျိုးရေးအစွဲကြီးသူများအဖို့ ဘဝင်ကျပေမည်မဟုတ်။ ဘုရားထက် တရားကိစ္စပိုအလေးထား သော ဂိုအင်ကာကြီးကိုပင် တချို့တရားသမားများက အမြင်ရှင်းကြသည်မဟုတ်ပေ။ သို့သော်ပုဂံမတည်မီ ကပင် မွန် ရခိုင် ပျူမြန်မာတို့၏ ယဉ်ကျေးမှုလှေကားထစ်များသည်အိန္ဒိယကုန်သည်များဘာသာရေးခရီး သည် များ၏လမ်းဖောက်မှုမှ မြင့်တက်လာခဲ့ရသည် မဟုတ်ပါလား။ အရှေ့တောင်အာရှဟုဒုတိယကမ္ဘာ စစ်ပီးခေတ်တွင်သိလာကြသောဒေသကြီး၏ အနောက်ခြမ်းအတော်များများမှာ ဟိန္ဒူဗုဒ္ဓဘာသာသြဇာ ရိပ်နှင့်မကင်းခဲ့ပါ။ ဘိုးတော်ဘုရားခေတ်က ခေတ်သစ်နယ်ချဲ့အင်္ဂလိပ်ရန်မှ တိုင်းပြည်ကို ကာကွယ်စုစည်း ဉာဏ်သစ်လောင်းသည့်အနေနှင့် မဇ္ဈိမတိုင်း အိန္ဒိယမှ ဟင်ဒီ နဂရီ သက္ကတ ဆေးကျမ်း ဗေဒင်ကျမ်း ဆန်းကျမ်း အစုံစုံကို ကူးယူပြန်ဆိုခဲ့သေးသည်။ လွတ်လပ်ပီး ဗမာပြည်အတွက် အသိပညာတံခါးတချပ်ကို အိန္ဒိယဘက်မှ ဆရာ တာဝန်ကျေစွာ ဖွင့်ပေးခဲ့သည်ဟုသာ ယူဆပါသည်။ ဤဆယ်နှစ်အတွင်းအဆီအနှစ် ပြည့်ဝသည့် စာကောင်းတွေပေးနိုင်သော စာရေးဆရာပညာရှိလူတန်းစားနေရာတွင် တပွဲတိုးဂလိုဘယ်ဖတ် ညွှန်းဆရာတွေ တွင်ကျယ်လာနေသော မြန်မာစာနယ်ဇင်းအနာဂတ်အတွက်အထူးစိတ် ဆင်းရဲမိပါသည်။ စာစောင်တွေ သတင်းထောက် ကဗျာရူးစာရူးတွေ ပေါလာတိုင်း စာလောကကြီးစည်ပင်နေသည်မဟုတ်ပါ။ ဆရာပါ့စကားနှင့်ဆို ဖောခြင်းတမျိုးသာဖြစ်ပါသည်။ ရေသာများ၍ ငါးမတွေ့။

(၃)

တိုင်းပြည်အပေါ် ဖောက်လွဲဖောက်ပြန် မလုပ်ပဲ အများအကျိုး အတွက် ပြောသင့် သည် ရေးသင့်သည်ကို ရေးရဲပြောရဲသူများဟု လူငယ်ထဲက များများ ထွက်မလာတော့သလို လူကြီးတွေလည်း မကျန်လှတော့ပါ။

“မမခင်လိုလူကြီးသူမမျိုး ကန်တော့စရာရှိတာ ကျမတို့ အင်မတန်ကုသိုလ်ကောင်းပါတယ်” (ဒဂုန်ခင်ခင်လေး စိန်ရတုအကြိုမွေးနေ့တွင် ခင်မျိုးချစ်၏ချီးကျူးစကား၊ ၁၉၇၉)

နိုင်ငံရေး အပြောင်းအလဲ အကွေ့အချိုး အင်မတန်ကြမ်းသော မြန်မာပြည်တွင် တိုင်းပြည်နှင့် စာပေလောကက လေးစားခံရသည့် စာရေးဆရာဟု များများမရှိနိုင်ပါ။ ထိုထဲက နာယကဂုဏ်နှင့် ပြည့်စုံသည့် လူကြီးသူမများကို အရိပ်တကြည့်ကြည့်နှင့် အားကိုးအားထားပြုကာ တိုင်းပြည်နှင့် စာပေလွတ်လပ်ကြီးပွားရေးအတွက် သူတို့ကလောင်ဝိတ်ကို ကျန်သူများက မျှော်လင့်ကြရသည်။ ယခုအခါ တိုင်းပြည်အပေါ် ဖောက်လွဲဖောက်ပြန်မလုပ်ပဲ အများအကျိုးအတွက် ပြောသင့်သည် ရေးသင့်သည်ကို ရေးရဲပြောရဲသူများဟု လူငယ်ထဲက များများထွက်မလာတော့သလို လူကြီးတွေလည်း မကျန်လှတော့ပါ။ အရွယ်အကြီးဆုံး ဆရာဒဂုန်တာရာနှင့် လူထုဦးစိန်ဝင်းတို့သာ အဓိကရှေ့ဆောင်ပြောနေသည်ကို တွေ့ရပါသည်။ ရှေ့ထွက်မပြောသော်လည်း နောက်ကွယ်က သစ္စာရှိသူ၊ နာမည်ပျက်မရှိသူ ဆရာပါလို ရဲဘော်ကောင်းတဦးဆုံးပါးရခြင်းကား ကြွေလည်းမွှေးဆိုပေသိ နှမြောလှပါသည်။ တယောက်ပီးတယောက် လျော့သွားတိုင်း ကျန်ရစ်သူများအဖို့ လွမ်းဒုက္ခက ကြီးပါသည်။

(ဒီစာက ဆရာ့ ကိုးဆယ်ပြည့်မှာ ရေးဘို့ပါ ဆရာ။ ဆရာက တာထွက်စောသွားတော့ မဖတ်လိုက်ရဘူးပေါ့။ ဆရာမောင်ဝံသတို့ကအစ အညာအကြေက စာသမားလူကြီးလူငယ်တွေ ဝိုင်းမိတဲ့အခါတိုင်း ပျော်တတ်တဲ့ ဆရာ့ကို  သတိရနေကြမှာပါ)

ဆရာ့ အိန္ဒိယဝတ္ထု၊ အတွေးအခေါ်တွေ သေချာမဖတ်ဖူးပေမယ့် မိုးရွာသော မန္တလေးတညနေမှာ တဂိုးဝတ္ထုတိုများ ဘာသာပြန်စာအုပ်ကြီးကိုဖတ်ရင်း စိတ်ချမ်းသာဘူးတဲ့.. ကထာအတ္ထုပ္ပတ္တိတွေကို ကြိုက်တဲ့ .. ကျံုကဒူးသား ဦးဆန်းထွန်းရဲ့ ပစ္စည်းလေးပါးဒကာ အယ်ဒီတာလင်မယားရဲ့မြေး

Most read this week