ဘန်ကောက် (မဇ္စျိမ)။ ။ ရန်ကုန် ပုဇွန်တောင် စျေး၌ ပိုင်ရှင်မဲ့ မြက်ခြောက်ထုပ်အား ဗုံးဟုထင် မှတ်မှားကာ အထိတ်တလန့်ဖြစ်မှုတနင်္ဂနွေနေ့ တွင် ဖြစ်ပွားခဲ့သည်။
ဧပြီလ ၁ဝ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် ပုဇွန်တောင်စျေး ကွမ်းယာဆိုင်၌ အထုပ်တထုပ်အား လူတဦးက ခဏထားခဲ့မည်ဆိုကာ အပ်နှံသွားခဲ့ပြီး ညနေ ၆ နာရီအထိ လာမယူသဖြင့် ဆိုင်ရှင်က ရဲကိုအကြောင်းကြား ခဲ့သည်။
ရဲများ ရောက်ရှိလာပြီးနောက် ဆိုင်ဝန်းကျင်ကို ဘောင်ခတ် ပိတ်ဆို့လိုက်ပြီး၊ ဗုံးစစ်ဆေးရေး အဖွဲ့ကိုစောင့်နေ ခဲ့ကာ လမ်းများကိုလည်း ပိတ်ဆို့ထားခဲ့သည်။
ည ရ နာရီခန့်တွင် စစ်ဆေးရေးအဖွဲ့ ရောက်လာပြီး အဆိုပါ ကဒ်ထူပုံးကို ဖြည်၍ စစ်ဆေးကြည့်ရာ ပလပ်စတစ်တိပ်နှင့် ပတ်ထားသည့် မြက်ခြောက်ထုပ် ဖြစ်နေကြောင်း သိရှိရသည်။
အခင်းဖြစ်ပွားမှုကို စောင့်ကြည့်နေခဲ့သူ လူငယ်တဦးက “ရယ်စရာကြီး ဖြစ်သွားတာပေါ့ဗျာ၊ လမ်းတွေကားတွေ ပိတ်တော့ လူတွေ တော်တော် လန့်သွားကြတယ်။ လမ်းပိတ်လိုက်တော့ ရေကျော်လမ်းမဘက်ကပတ်သွား ရတယ်လေ” ဟု ပြောသည်။
ပုံမှန်အားဖြင့် စျေးအတွင်းပိုင်းမှာ ညနေ ၅ နာရီဆို ပိတ်သော်လည်း အပြင်တွင် ရောင်းချနေသော ပျံကျ စျေးတန်းမှာ ညနေ ၈ နာရီခန့်အထိ ဖွင့်လှစ်တတ်သည်။ သို့အတွက် အဆိုပါ ဗုံးလန့်ချိန်တွင်စျေးသူစျေးသား များဖြင့် စည်ကားလျက် ရှိနေခဲ့သည်။