ရွှေတြိဂံဘက်တိုက်ပွဲဆက်လက်ဖြစ်ပွား ဝ တပ်ဖွဲ့နယ်ကျွံ၍တိုက်ခိုက်ခံရဟုပြည်သူ့စစ် ပြော

ရွှေတြိဂံဘက်တိုက်ပွဲဆက်လက်ဖြစ်ပွား ဝ တပ်ဖွဲ့နယ်ကျွံ၍တိုက်ခိုက်ခံရဟုပြည်သူ့စစ် ပြော
by -
သျှမ်းသံတော်ဆင့်

ယခုလ ၅ ရက်နေ့ကတည်းက မြန်မာစစ်တပ်၏ ဝန်းရံပိတ်ဆို့ထားခြင်းခံရသော အမည်မသိ လက်နက် ကိုင်တပ်ဖွဲ့ ဆိုသည်မှာ ဝ ပြည်သွေး စည်းရေး တပ်မတော်မှ တပ်ဖွဲ့တဖွဲ့ဖြစ်ပြီး  ယမန်နေ့က ၎င်းတို့ တပ်စခန်းသို့ တပ်ဆုတ် ပြန်နိုင်ပြီဖြစ်ကြောင်း နယ်စပ်သတင်းရပ်ကွက် က ဆိုသည်။

“ ဝ တပ်တွေကို တခြားတပ်ဖွဲ့တဖွဲ့က အာရုံပြောင်းတိုက်ပွဲ လုပ်ပေးလို့  ထွက်ပေါက်ရသွားတာလေ။ မနေ့ ညနေက အဲဒီ ဝ တပ်ဖွဲ့တွေ သူတို့ (မိုင်းလားတပ်ဖွဲ့နှင့်အတူ ယာယီစခန်းချ) ပန်နောဝ် တပ်စခန်းကို ပြန်ရောက် သွားပြီ လို့ကြားရတယ်။ လာကူ တိုက်ပေးတဲ့တပ်ဖွဲ့က တောင်ပိုင်း သျှမ်းတပ်ဖြစ်တယ်လို့ တာချီလိတ်ဖက်က ပြည်သူ့စစ် တပ်ဖွဲ့ ဝင်တဦးကပြော တယ်” - ဟု နယ်စပ်နေစစ်ရေးအရာရှိတဦးကပြော သည်။

UWSA-headquater

သို့သော် သျှမ်းပြည်တပ်မတော်တောင်ပိုင်းကမူ ၎င်းနှင့်ပါတ်သက်၍ အတည်ပြုခြင်းမရှိသကဲ့သို့ငြင်းဆန်ခြင်း လည်း မရှိ။ ရေငုံနှုတ်ဆိတ်၍သာနေခဲ့သည်။

အဆိုပါ ဝတပ်ဖွဲ့မှာ သျှမ်းပြည်တပ်မတော် ဝတ်စုံဝတ်ထားကြသော်လည်း သျှမ်းပြည်တပ်မတော်၏ တံဆိပ် အမှတ် အသား များမပါရှိကြောင်း အဆိုပါပြည်သူ့စစ်တပ်ဖွဲ့ဝင်ကပြောသည်။  ဝထိပ်ပိုင်းခေါင်းဆောင်များ ကမူ အဆိုပါ ဝ တပ်ဖွဲ့မှာ နယ်မြေကျွမ်းကျင်ရန်အတွက် ဧပြီလဆန်း့က ဆင်းလာသည့် တပ်ဖွဲ့ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းတို့အား ထိုးစစ်ဆင်တိုက်ခိုက်သည်မှာ မိုင်းဖြတ်အခြေစိုက် စကခ ၁၈ မှ ဒုတိယ ဗိုလ်မှူးကြီးဝင်းနိုင်ဦး ဦးဆောင် သောနည်းဗျူဟာ ၃ ခု ဖြစ်သည်။

တိုက်ပွဲဖြစ်ပွါးပုံအကျဉ်းမှာ ရွှေတြိဂံနယ်အတွင်းရှိ ပါလျော၊ ကျိန်းလပ်သို့ အဆိုပါ ဝ တပ်ဖွဲ့   ရောက်ရှိ လာပြီး ရိက္ခာဝယ်ရန် ဝ စစ်သား ၂ ဦးက သစ်ခုတ်သမား ၁ ဦးနှင့်အတူ ဈေးသို့ သွားရောက်စဉ် ပြည်သူ့စစ်များ၏ ဖမ်းဆီး ခြင်းခံရကြောင်း ကျိန်းလပ်သားတဦးကပြောပြသည်။

“ အဲဒီ ဝ တပ်သား ၂ ယောက်ကို ပြည်သူစစ်တွေကတွေ့တော့ ဖမ်းပြီး ဗမာစစ်တပ်ကို ပို့တယ်။ စစ် တပ်က သူ့ကို ရိုက်နှက်စစ်ဆေးမှ ဝ တပ်ဖွဲ့ဖြစ်ကြောင်းသိရတာ။ ဆိုတော့ စကခ ၁၈ က နယ်ကျွံတဲ့ ဝ တပ်ဖွဲ့ ကို တက်တိုက် တော့တာပေါ့။ ၆ ရက်နေ့ မိုင်းယောင်းနဲ့ ကျိန်းလပ်ကြား လန့်ဖှဟင်ချိုတောင်မှာ တိုက်လဲတိုက်ပြီး ရော ဗမာက သူတို့ကိုတပ်ဆုတ်ခိုင်းတယ်။ ကောင်းကောင်း   မဆုတ်ဘဲဆက် နေမယ်ဆို ရင်တော့အကြောင်း စုံ အထက်ကို တင်ပြမယ်။ အဲ့ဆိုရင် အထက် က အင်အားတွေ ပို့လွှတ် လာရင် ခင်ဗျားတို့အထိနာလိမ့်မယ်’ ဆိုပြီး ခြိမ်းခြောက် လိုက် တော့  ည ၁၁ နာရီမှာ  ဝ တွေတပ်ဆုတ်တယ်။  သို့ပေမယ့် ဗမာတပ်ဖက်က သူတို့ကို လမ်းမဖွင့်ပေးဘဲ ဆက်လက် ပစ်ခတ်တယ်။ သူတို့ လဲ ခုခံရင်း ရှောင်ရင်း ထွက်လို့မရဘူးဖြစ်နေတယ်။ ရ ရက်ညပိုင်းအထိပေါ့။ တောင်ပိုင်း သျှမ်းတပ်လို့ထင်ရတဲ့အဖွဲ့တဖွဲ့ကလာကူပစ်မှ ဝ တပ်တွေထွက်လမ်းရ သွားတာ” ဟု နယ်စပ်နေသျှမ်းသံတော်ဆင့် သတင်းထောက် အားပြောပြသည်။

ယမန်နေ့ နေ့လည်ပိုင်းအထိ ဝ တပ်ဖွဲ့နောက်လိုက်ပစ်သည့် မြန်မာတပ်၏ လက်နက်ကြီးသံများ ထပ်ကြားနေရ သေး ကြောင်း ကျိန်းလပ်ဒေသခံများကပြောသည်။

၁၉၈၉ မှစ၍ ဝ တပ်ဖွဲ့စတင်အပစ်ရပ်ခဲ့ရာမှ ၂၀၀၈ မှ ၂၀၁၀ အထိ တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွားရာ ယခုနှစ်တိုက်ပွဲ သည်အပြင်းထန်ဆုံးဖြစ်သည်။