ပြည်ထောင်စုညီလာခံ အစိုးရကျင်းပဖို့ တောင်းဆို

ပြည်ထောင်စုညီလာခံ အစိုးရကျင်းပဖို့ တောင်းဆို
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။       ။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အတိုက်အခံများက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံကြီးတခု ပြုလုပ်ကျင်းပလိုနေချိန်တွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါဝင်သော ရွေးကောက်ပွဲဝင် ၁ဝ ပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရကို ပြည်ထောင်စုညီလာခံတခုကို ကျင်းပစေလိုသည်။

ရန်ကုန်ရှိ ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံး၌ “ဒီမိုကရေစီ မိတ်ဆွေပါတီများ” ဟု မိမိဘာသာ ခေါ်ဆိုသည့် ပါတီအစုအဖွဲ့ အစည်းအဝေးတရပ်ကို ဧပြီလ ၄-၅ ရက်နေ့များတွင် ကျင်းပခဲ့ပြီးနောက် နှစ် ၆ဝ ကျော်ကြာ ပြည်တွင်းစစ် ပြီးဆုံးရေးအတွက် “ပြည်ထောင်စုညီလာခံ” တရပ် ကမကထပြု ကျင်းပပေးရန် ဦးသိန်းစိန်အစိုးရထံ တိုက်တွန်းခဲ့သည်။
 
ပြည်တွင်းစစ်၌ ပါဝင်သက်ဆိုင်သူအားလုံး ညှိနှိုင်းအဖြေရှာနိုင်မည့် လိုလားချက်ကို တင်ပြသည်ဟု ဦးခင်မောင်ဆွေက ဆိုသည်။
 
၁ဝ ပါတီ တိုက်တွန်းသည့် ပြည်ထောင်စုညီလာခံ၏ ရည်ရွယ်ချက်၊ လွှတ်တော်အခန်းကဏ္ဍ၊ ၂၁ ရာစု ပင်လုံညီလာခံနှင့် ပြည်ထောင်စုညီလာခံ ကွာခြားချက်များကို မဇ္စျိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားပါသည်။

ပြည်ထောင်စုညီလာခံ ဆိုတာကို အန်ကယ်တို့က ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆိုလိုတာလဲခင်ဗျ။
 
“တိုက်တွန်းအကြံပြုတာပဲလေ။ စောလျင်စွာ လုပ်ပေးပါဆိုတဲ့ မိမိတို့ လိုလားတာ တင်ပြတဲ့ အဆင့်လောက်ပဲ ရှိပါတယ်။ ဘယ်လောက် ကျယ်ပြန့်တယ်ဆိုတာကတော့ အာဏာပိုင်တွေဘက်က ဆုံးဖြတ်ရမယ့် ကိစ္စပါ’’
 
ပြည်တွင်းစစ်ရပ်ဆဲဖို့ ကိစ္စကို လွှတ်တော်ထဲကနေ ကော်မတီတွေ ဘာတွေ ဖွဲ့ပြီးတော့ လုပ်ရင်ကော။
 
“ဒါ အခြေခံတွေက ရှိတယ်ဗျ။ လောလောဆယ် ဒီနိုင်ငံမှာ လွတ်လပ်ရေးရပြီးတော့ နှစ် ၆ဝ သာ ကျော်ခဲ့တယ် ပြည်တွင်းစစ်ပေါ့ဗျာ၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတုန်းပဲ ရှိတယ်လေ။ နိုင်ငံရေး ပြဿနာတွေ ရှိနေလို့ ပြည်တွင်းစစ်က ရှိနေတာကိုး။ အဲဒီ နိုင်ငံရေးပြဿနာတွေကို လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံရေးနည်းနဲ့ မဟုတ်ဘဲ စစ်ရေးနည်းနဲ့ ဖြေရှင်းခဲ့တဲ့အတွက် မပြီးပြတ်နိုင်ဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေး တဖွဲ့ချင်းခေါ်ပြီး စကားပြောတာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းတဲ့အတွက် မအောင်မြင်ဘူးလေ။ လက်နက်ကိုင် စစ်မက်ဖြစ်နေတာတွေ ရှိနေသေးတာကိုး’’
 
“လွှတ်တော်ထဲမှာ ဆိုရင်လည်းပဲ အခြေခံဥပဒေကြီးက ရေးပြီးသွားပြီ။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုရင် တောတွင်းလက်နက်ကိုင် အဖွဲ့တွေရဲ့ လိုလားချက်တွေကို ဘယ်လောက်ထိများ လက်ရှိအစိုးရနဲ့ လွှတ်တော်အပိုင်းကနေပြီးတော့ ဆောင်ကျဉ်းပေးနိုင်မလဲဆိုတဲ့ အခြေခံအချက်အပေါ်မှာပဲ မူတည်ပါတယ်’’
 
“ဒီအဆင့်က တကယ်ပဲ ပေးနိုင်မှာလား။ လွှတ်တော် ပေါ်နေပြီ၊ အခြေခံဥပဒေလည်း ရှိနေပြီ။ အခြေခံဥပဒေပြင်ဖို့က အလွန်တရာ ခက်တာကိုး။ တော်တော်လေး အချိန်ယူရမှာ။ ချက်ချင်းလက်ငင်း ကော်မတီဖွဲ့ပြီး ပြည်ထောင်စု ညီလာခံကျင်းပဖို့က လွှတ်တော်က သဘောတူရင်တော့ ရနိုင်တာပေါ့ဗျာ။ ဒါပေမဲ့ အပြီးပြတ် ဖြေရှင်းဖို့ဆိုတာက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို တကယ်လိုလားတဲ့ သဘောထားတွေ ရှိမှပဲ ဖြစ်လိမ့်မယ်လို့ပဲ ကျနော် ပြောချင်ပါတယ်’’
 
ပြည်ထောင်စုညီလာခံ ဆိုတာက NLD အပါအဝင် CRPP တိုင်းရင်းသား အဖွဲ့တွေ ပြောနေတဲ့ ပင်လုံညီလာခံနဲ့ ဘယ်လိုကွာပါလဲ။
 
“သဘောက ပြည်ထောင်စုညီလာခံ ဆိုတာက နောက်ဆုံးအဆင့်ပေါ့၊ ပြီးခဲ့တဲ့ ၉၃ ခုက လုပ်ခဲ့တဲ့ အမျိုးသား ညီလာခံလိုပေါ့ဗျာ။ လိုအပ်ချက်တွေကို ပြည်ထောင်စုဘွား တိုင်းရင်းသားတွေက သူ့ပြည်နယ်အလိုက်၊ လူမျိုးအလိုက်၊ ဒေသအလိုက် လိုအပ်တဲ့ ဟာတွေကို တင်ပြပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ပဲပေါ့ဗျာ’’
 
“အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပထမအဆင့် ထုတ်ပြန်ပြီးမှသာလျှင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲလေးတွေကို ခေါ်ပြီးတော့၊ ညှိနှိုင်းပြီးတော့ အဖြေရှာရမှာပေါ့။ ပြည်တွင်းငြိမ်းချမ်းရေး တံခါးပေါက်ကနေ ဝင်ပြီးတော့မှ ပြည်တွင်းငြိမ်းချမ်းရေး စကားပြောခန်းကြီးတွေ ဖော်ဆောင်ပြီးမှသာလျှင်၊ ပြီးပြတ်ပြီးမှသာလျှင် အားလုံးနဲ့ ပတ်သက်တဲ့ မြေပေါ်မြေအောက် ပါတီတွေ၊ မြေပေါ် တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လွှတ်တော်ထဲက ပုဂ္ဂိုလ်တွေ၊ အစိုးရ အပါအဝင် အားလုံးက ပြည်ထောင်စု ညီလာခံကြီး ခေါ်ဖို့ရာက အဲဒီအခါကျမှ ရောက်မှာကိုး’’
 
“အဲဒီတော့ ပင်လုံညီလာခံနဲ့တော့ နည်းနည်းကွာတယ်ဗျာ။ ဒါက လွှတ်တော်ပါ ပေါ်နေပြီကိုး။ တိုင်းရင်းသား ပြည်သူတရပ်လုံး အစိုးရ အပါအဝင်၊ လွှတ်တော်အပါအဝင်၊ မြေပေါ်မြေအောက် လက်နက်ကိုင်၊ ဒီမိုကရက်တစ် အင်အားစုတွေ အကုန်ပါရမယ့် ဟာမျိုးကို ဆိုလိုတယ်လို့ ယူဆပါတယ်’’