ဗမာတပ်အင်အားဖြည့်တင်းမှုမရပ်နားသဖြင့် ပစ်ခတ်မှုဆက်လက်ဖြစ်ပွါးနေ

ဗမာတပ်အင်အားဖြည့်တင်းမှုမရပ်နားသဖြင့် ပစ်ခတ်မှုဆက်လက်ဖြစ်ပွါးနေ
by -
သျှမ်းသံတော်ဆင့်

မိုင်းရယ်ဗျူဟာမှူးက ဧပြီလ ၁ ရက်မှစ၍သျှမ်းပြည် တပ်မတော်အား ထိုးစစ်မဆင်တော့ဟုကောဠာ ဟာလ သတင်းလွှင့်လိုက် သော်လည်း ဗမာတပ် အင်အားဖြည့်မှုမရပ်နားသေးဘဲ မိုင်းရှူးမြို့၌လည်း ပစ်ခတ်မှုဖြစ် ပွါးနေသေးကြောင်း သိရသည်။

6_check

 “မိုင်းရယ်ဗျူဟာမှူးပြောသလို  တကယ်ထိုးစစ်မဆင်တော့ဘူးဆိုရင် ဗမာတပ်တွေ ထပ်ပြီးအားဖြည့်လာ စရာအကြောင်းမရှိဘူး။ မနေ့က ဝမ့်ဆော့မှာ ကျနော်တို့ဖက်က ချုံခိုတိုက်ခိုက် အဲ့မှာ ဗမာ စစ်သား ၂၀၀ လောက်ရှိနေသေးတာဘဲ။ ဗမာပြည်ကနေ နောက်ထပ်တက်လာတာလဲ ရှိနေသေးတယ်။ အဲဒါကြောင့် မနေ့က ဝမ့်ဆော့မှာ သူတို့ကို သွားပြီးချုံခိုတိုက်ခိုက်တာဖြစ်တယ်။” ဟု အမည်မဖော်လိုသည့် အဆိုပါအရာရှိက ပြော သည်။

ဗမာ့စစ်တပ်မှ သျှမ်းပြည်တပ်မတော်အား ဆွေးနွေးဖို့ ကမ်းလှမ်းသည့်သတင်းနှင့်ပါတ်သက်၍လည်း အဆိုပါအရာရှိက ဤကဲ့သို့ ဆက်လက်ပြောပြသည်။

“မတ်လကတည်းက ဗမာဖက်က သျှမ်းကို ဆွေးနွေးဖို့ ပြည်သူ့စစ်ကနေတဆင့် ကမ်းလှမ်းတယ်။ ဒါပေမယ့် ကျနော်တို့ဖက်က အချက်အလက် ၃ ခုနဲ့ ပြန်လည်ဖြေကြားတယ်။
 ၁- ကျနော်တို့နဲ့ဆွေးနွေးမယ်ဆိုရင်အားဖြည့် လာတဲ့ ခင်ဗျားတို့တပ်အားလုံး ပြန် ရုတ်ရမယ်။
၂- တိုက်ပွဲကြောင့် ပြည်သူလူထုရဲ့ ဆုံးရှုံးနစ်နာ မှု၊ ကျနော်တို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို ဗမာ့တပ်မတော်က  လျော်ကြေးပေးရမယ်။
၃- ဆွေးနွေးရင် ကျနော်တို့ တဖွဲ့တည်း ဆွေးနွေးမှာ မဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးရမယ်။ ဒီအချက် ၃ ချက် လက်မခံရင် ကျနော်တို့မဆွေးနွေးဘူး လို့ပြန်ဖြေတယ်။ ဒီနောက်ပိုင်း သူတို့လဲ ဘာမှ ထပ်မပြော တော့ ဘူး” ဟုဆိုသည်။  

ယမန်နေ့မနက်ပိုင်းက မိုင်းရှူးမြို့နယ် ဝမ့်ဆော့အုပ်စုဘုန်းကြီးကျောင်းဝင်းအတွင်း စခန်းချနေသော ဗမာစစ်သား အင်အား ၂၀၀ ခန့်အားလည်းကောင်း၊ ဝမ့်ဆော့ အမှတ် ၂ ရပ်ကွက်ရှိဗမာတပ်အခြေချတပ်စခန်း အားလည်း ကောင်း သျှမ်းပြည်တပ်မတော်က တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာ မွန်းလွဲပိုင်း အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့၏။  တိုက်ပွဲကြောင့်ကျေးလက်ဒေသခံများ ကြောက်ရွံ့ကာ မိုင်းရှူးသို့ ထွက်ပြေးသူ များရှိသကဲ့သို့ အိမ်ပြင်မထွက်ရဲဘဲ ပုန်းကျင်းထဲပုန်းနေကြသူများလည်းရှိကြောင်း သျှမ်းပြည်တပ်မတော် မှ အရာရှိတဦးကပြောသည်။

တိုက်ပွဲငြိမ်သက်သွားပြီးနောက် ဗမာတပ်က ရွာသားများ၏အိမ်တွင်းသို့ ဝင်ရောက်၍ လုယက်စားသောက် ယူ ငင်ကြသည်သာမက လားဟူပြည်သူ့စစ်၏ သတင်းပေးမှုကြောင့် ဒေသခံရွာသားတဦးအား ဗမာတပ်က ရိုက်နှက် စစ်ဆေးခဲ့သေးသည်ဟု ဝမ့်ဆော့ဒေသခံတဦးက ပြောသည်။

“စိုင်းညွန့်ဆိုတဲ့လူ။ အိမ်ဆိုင်လေးဖွင့်ထားတယ်။ သူ့အိမ်မှာ သျှမ်းစစ်သားရဲ့ ပစ္စည်းတွေရှိတယ်ဆိုတဲ့ အ ကြောင်း လားဟူပြည်သူ့စစ်က ဗမာတပ်ကို သတင်းပေးတော့ ရွာသူကြီးကိုရော သူ့ကိုပါ ဗမာတပ်က ဖမ်းခေါ်သွားပြီး တညနေလုံး ရိုက်နှက်စစ်ဆေးတယ်။ ရွာထဲဝင်ပြီး ရွာသားတွေရဲ့  အစားအသောက်တွေ အလကားသိမ်းကြုံးတယ်” ဟု ၎င်းကပြောသည်။  

မိုင်းရှူးနှင့် ဝမ့်ဆော့ကြား လွယ့်တန့် လွယ်ခမ်းတွင်လည်း ပစ်ခတ်မှုဖြစ်ပွါးခဲ့သေးသည်ဟုဆို၏။

ထို့ပြင် မိုင်းရှူးမြို့ဗမာ့တပ်မတော်၏တိုးချဲ့တပ်ရင်းသစ် ခလရ ၁၄၉ ရှေ့တွင်လည်း ဇွဲမာန်ဟိန်းစစ်ဆင် ရေး ဟူ သော ဆိုင်းဘုတ် တပ်ထားသည်ကိုတွေ့ရကြောင်း မိုင်းရှူးဒေသခံတဦးကပြောသည်။

ဝမ့်ဆော့အုပ်စုတွင် ရပ်ကွက် ၁-၂-၃ ဟူ၍ ရှိသည့်အပြင် လွယ်ခမ်း၊ ကုန်းစံ၊ ဝမ့်လွေ၊မုံးအပ်၊ဟိုင်းဟွမ့်၊ လုနျု၊ လုံဝိုင်၊ ကုန်းပေါင်းနှင့် ကုန်းကော်စသည့်ရွာများလည်းရှိသည်။

ရပ်ကွက် ၁ ဘုန်းကြီးကျောင်း ဇရပ်တွင်စခန်းချသော ဗမာတပ်အားဝင်စီးသကဲ့သို့ ရပ်ကွက် ၂ တွင်လည်း အလားတူချုံခိုတိုက်ခိုက်ခဲ့သည်။ သေနတ်သံကြားသည်နှင့် ဗမာစစ်သားများ ဇရပ်ပေါ် ကျောင်းပေါ်  ပြေး တက်ကြကုန်သဖြင့် သျှမ်းတပ်က မပစ်ခတ်နိုင်ဘဲ ရှိနေကြာင်းတချို့ကလည်း အရပ်ဝတ်ဖြင့်နေကြသဖြင့် ရွာသားများနှင့် မှားပစ်မည်စိုးသောကြောင့်တကြောင်း မပစ်ခတ်နိုင်ဘဲရှိသည်ဟု ဆို၏။

သို့သော်ထိုပစ်ခတ်မှုမှ ဗမာတပ်သားတဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူများကို လည်း ၄ လုံးထိုးကားဖြင့် မိုင်းရှူးဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သျှမ်းပြည်တပ်မတော်တပ်မှူး တဦး ကပြောပြသည်။