သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှတရုတ်ပြည် သို့ ယခင်ကထက် မီးသွေး ပိုမိုတင်ပို့လာကြ သဖြင့်မီးသွေး စျေး တက် ကာ ဒေသခံများ အခက်တွေ့လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရပါသည်။
“ဒီအချိန်က မီးသွေးပေါတဲ့ အချိန်ဖြစ်ပေမဲ့ တရုတ်ပြည်ဘက်ဘဲ တင်သွင်းနေတော့ နမ့်ခမ်းမှာ အခုတလော မီးသွေး ၀ယ်ဖို့ အရမ်းခက်တယ်။ စျေးများများ ပေးဝယ်ရတယ်။ မီးသွေးစျေး မတက်နိုင်လို့ ကျမတော့ ကျောက်မီးသွေးဘဲ သုံး တယ်” ဟု နမ့်ခမ်းအိမ်ရှင်မတစ်ဦးက ပြောပါသည်။
ယခင်က မီးသွေးတစ်ပိဿာ (အရော) ကျပ် ၄၀၀ မှ ယခု ၅၅၀၊( သန့်စင် )ကျပ် ၅၀၀ မှ ၆၅၀ အထိ စျေး တက်သွားကြောင်း အဆိုပါ အိမ်ရှင်မက ပြောပါသည်။
မီးသွေးကို နမ့်ခမ်းမြို့မှ ၁၀ မိုင်အကွာ တောင်ကုန်းများ၌ ဖုတ်ကြကြောင်း၊ မီးသွေးဖုတ်သူများက အစိုးရ စစ်တပ်၊ ပန်း ဆေး ပြည်သူ့စစ်နှင့် ပလောင်(တအာန်း) ပြည်သူ့စစ်တို့ ထိန်းချုပ်သည့် နယ်မြေများအတွင်း သစ်ခုတ်ယူရန် အကွက် လိုက် နယ်မြေဧရိယာများ ၀ယ်ယူကြရကြောင်း နမ့်ခမ်းမြို့သား တစ်ဦးက ပြောသည်။
ယင်းနောက်မှ မီးသွေးဖုတ်ရာ နေရာတွင် မီးသွေးကုန်သည်များ က သွားရောက် ၀ယ်ယူကာ တရုတ်ပြည် ဖက်သို့ တင်ပို့ ရောင်းချနေကြောင်း ၎င်းက ပြောပြသည်။
“မီးသွေးတွေကို ထော်လာဂျီ၊ တရုတ်ထုတ် တုံးဖုန်း ကားတွေနဲ့ တင်လာပြီး မန့်ဟောင်းနဲ့ ကုန်းဆာလှေ ဆိပ် ကနေ တဆင့် ရွှေလီမြစ်ကိုကျော်ပြီး တရုတ်ဖက် သွားရောင်းကြတယ်။ တစ်ခါသွားရောင်းရင် ၂ စီး ၃ စီး သွားတယ်”
နမ့်ခမ်းရှိ မန့်ဟောင်း နှင့် ကုန်းဆာလှေဆိပ်တွင် ထော်လာဂျီစင်းလုံး၊ ကားစင်းလုံး လှေပေါ်တင်ကာ တရုတ်ကမ်း ဘက်၌ လက်ကား ရောင်းချကြောင်း၊ တရုတ်ပြည်သို့ မတင်မီ ကုန်သည်များက မီးသွေး အလေးချိန်တိုးစေရန် မီးသွေးများကို ရေပက်ဖျန်းကြကြောင်း ၎င်းက ဆိုသည်။
သစ်တောခုတ်ပြီး မီးသွေးဖုတ်ကြသဖြင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ တောင်ပေါ် ၌ သစ်တောများ ပြုန်း တီးလာမှု အပေါ် နမ့်ခမ်းမြို့နယ် ဒေသခံများက စိုးရိမ်နေကြ ကြောင်းလည်း သိရှိရပါသည်။