SSPP/SSA တိုက်ပွဲ မြို့နယ် ၁၀ ခုသို့ပျံ့နှံ့ - စစ်အုပ်စုအကျအရှုံးများ

SSPP/SSA တိုက်ပွဲ မြို့နယ် ၁၀ ခုသို့ပျံ့နှံ့ - စစ်အုပ်စုအကျအရှုံးများ
by -
သျှမ်းသံတော်ဆင့်

မတ်ခ်ျလဆန်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော်နှင့် ဗမာစစ်တပ်ကြားတိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွါး ခဲ့ရာ  သျှမ်းပြည်အလယ်ပိုင်း ၄ မြို့နယ်မှ ယခု သျှမ်းပြည်မြောက်ပိုင်းအထိ ၁၀ မြို့နယ်ကူးစက် ပြန့်နှံ့ ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခုနောက်ဆုံးသိရသည့်တိုက်ပွဲမှာ ဧပြီလ ၄ ရက် နေ့လည် ၁၁ နာရီမှ ၁၁ ခွဲအထိ နာရီဝက်အကြာ တိုက်ပွဲဖြစ်ပွါ့းခဲ့သည်ဟုဆို၏။

တိုက်ပွဲဖြစ်ပွါးရာအရပ်မှာ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အရှေ့တောင်ဖက် ၁၅ မိုင်ခန့်အကွာ နမ့်မိုက်ခိုက် တောင်ပေါ်တောတွင်းစခန်းတွင်ဖြစ်ပြီး မြန်မာစစ်တပ်နှင့်အတူ မန့်ပန်ဌာနေပြည်သူ့စစ် ဗိုလ် မွန်း အဖွဲ့မှ အင်အား ၄၀-၅၀ ခန့်လည်း လိုက်ပါလမ်းပြပေးခဲ့ကြောင်း သျှမ်းပြည် တပ်မတော်သတင်း ရပ်ကွက်က ပြော၏။

“တိုက်ပွဲ ဖြစ်တဲ့နေရာက အရင်က သျှမ်းတပ် (တပ်မဟာ ၃၆ ) လှုပ်ရှားတဲ့နေရာလေ” ဟု တန့်ယန်းမှ ကုန်သည်တဦးကပြောသည်။

 
SSPP/SSA ကေဒါတဦးကမူ“ နမ့်ပန်ချောင်းအရှေ့ဖက် နောင်အက်အုပ်စုမှာ ဗမာစစ်တပ်အင်အား ၂၀၀ လောက်ရှိမယ်။ နမ့်ပန်ချောင်းအနောက်ဖက် ဝမ့်ဟိုင်းဌာနချုပ်ရဲ့ မြောက်ဖက်က စယ့်ဟီ့အုပ်စုမှာလဲ အင် အား ၂၀၀ လောက်ရှိမယ်။ မနေ့ကလဲ ကျေးသီးဖက်ကို ယာဉ်တန်း (၁၀ ) စီးထက်မနဲတက်လာတယ်ကြား တယ်။ ရှေ့ဆက်တိုက်ပွဲကတော့ ကြည့်ကောင်းတော့မှာဘဲ” ဟု ဆိုသည်။

ယခု အင်အား ၂၀၀ ခန့်ရှိ ဗမာတပ်လှုပ်ရှားနေသည့် နောင်အက်အုပ်စု နမ့်ပန်ချောင်းအရှေ့ဖက် တာ့ဟုန်းကူးတို့ဆိပ် မှ ၅ မိုင်အကွာ ဝမ့်လုံကောင်းမူး၊ ဝမ့်ကျောင်းမှ ဝမ့်ဟိုင်းဌာနချုပ်အား ဝင်စီးမည်ဆိုပါက တာ့ဟုန်းရှိ သျှမ်းတပ်စခန်းအား တိုက်ခိုက်ရဦးမည်ဖြစ်သည်ဟု SSPP/SSA အရာရှိက ပြောသည်။

မတ်ခ်ျလ ၂၈ ရက်မှ ဧပြီလ ၄ ရက်အထိ သျှမ်းပြည်တပ်မတော် နှင့် ဗမာ့တပ်မတော်အကြား တိုက်ပွဲများ -

မတ်ခ်ျ ၂၈ ရက် ၂၀၁၁

၂၈ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ မိုင်းကောင်ဝ်မြို့နယ်ခွဲတောင်ဘက် ရ မိုင်အကွာ လွယ်စန့် ကင့် တွင် သျှမ်းပြည်တပ်မတော်၏ တိုက်ခိုက်ခံရမှု၌ နအဖတပ်သား ၁၀ ယောက်ခန့်သေကာ ၄၀ ဒဏ်ရာ ရခဲ့ပြီးနောက်ပိုင်း ဗမာတပ်သားမား ကစဉ့်ကလျားထွက်ပြေးခဲ့ကြသည် ဝ နယ်သို့ ထွက်ပြေးရောက်ရှိသည့် အထမ်းသမားတဦးက ပြောပါသည်။

ထိုနေ့ညနေပိုင်းတွင်လည်း လွယ်ဇန့်ကင့်အနီး တောင်ဟျိုးအုပ်စု ဟွေ့လုံ၌ တိုက်ပွဲဖြစ်ပွါးခဲ့သေးရာ ဗမာတပ်သား ၃ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်ဟုဆို၏။

“ဆိုတော့ လွယ်ဇန့်ကင့်တိုက်ပွဲက ဗမာတပ်သား ၁၃ ယောက်သေသွားတယ်လို့ကြားရတယ်။ အဲ့ထဲမှာ ဒု-ဗိုလ်မှူးကြီးတယောက်လဲပါတယ်။ တိုက်ပွဲပြီး ၂ ရက် ဟွေ့လုံနားမှာမြုပ်ထားတဲ့ အဲ့ဒီ ဒု ဗိုလ်မှူးကြီးရဲ့ အလောင်းကို သူတို့ ပြန်လာတူးပြီး မိုင်းရှူးကိုသယ်သွားတယ်။ အဲ့မှာပြန်သွားသဂြိုဟ်တယ်ဆိုဘဲ” ဟု တန့်ယန်းရှိ SSPP/SSA ကေဒါတဦးကလည်းပြောသည်။

ဟွေ့လုံသည် မိုင်းရှူးမြို့နယ် တောင်ဟျိုးအုပ်စုအတွင်းဖြစ်သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ကို ထိုးစစ်ဆင်သည့်ကာလတလျှောက်လုံး ဗမာစစ်အုပ်စုသည် ဌာနေ ပြည်သူ့စစ်များနှင့် ပေါ်တာအထမ်းသမားများအားရှေ့တန်းတက်ခိုင်းလေ့ရှိရာ ၃၁ ရက်တွင်မူ မိုင်းကောင်ဝ် လားဟူပြည်သူ့စစ်များ ဦးဆောင်လမ်းပြမှုဖြင့် မိုင်းကောင်ဝ်အခြေစိုက် ခလရ ၃၃  မှအင် အား ၆၀ ခန့်ရှိ ဗမာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် နယ်လှည့်စစ်ကြောင်းတို့ တိုးမိရာ တိုက်ပွဲထပ်မံဖြစ် ပွါးခဲ့သေးကြောင်း အဆိုပါ SSPP/SSA ကေဒါက ဆက်လက်ပြောပြသည်။

“ ညနေ ၃ နာရီကနေ ၃ နာရီခွဲအထိ။ ကျနော်တို့ဘက်က ဗိုလ်ဆန်ခေါင် ဦးဆောင်တဲ့ အမှတ် (၇) မြို့နယ် လုံခြုံရေး တပ်ဖွဲ့နဲ့ပေါ့။ နောင်ဇန့်အုပ်စုက နမ့်ပုံနဲ့ နောင်ဇန့်ရွာကြား ခိုနမ့်ဆိုင်းတံတားနား မှာဖြစ်တာ။ ဗမာတပ်ဖက်က ၃ ယောက်သေတယ်။ နောင်ဇန့်အုပ်စုဆိုတာ မိုင်းကောင်ဝ်ရဲ့တောင်ဖက် တည့် တည့် ၁၅ မိုင်အကွာလောက်မှာရှိတယ်လေ” ဟု ရှင်းပြသည်။

wanhai_war

အမျိုးသမီးပေါ်တာအား စစ်ရေးဗျူဟာအဖြစ်အသုံးပြု
ဧပြီ ၁ ရက် ၂၀၁၁

ဧပြီလ ၁ ရက်နေ့တွင်မူ မိုင်းကောင်ဝ်မြို့ နယ်အတွင်း တိုက်ပွဲ ၄ ကြိမ်ထက်မနဲဖြစ်ပွါးခဲ့၏။  အမျိုးသမီး အယောက် ၂၀ အားလည်း ပေါ်တာ၊ လမ်းပြ အဖြစ်အသုံးပြု၏။ ရိုက်နက်ခြိမ်းခြောက်သည့်အပြင် ပွိုင့်ထိုး ခိုင်းသေးသည်ဟု မျက်မြင်သက်သေများက ပြောပြပါသည်။

ထို့ပြင် သျှမ်းတပ်ဖွဲ့ ဝတ်စုံဝတ်ကာ လှုပ်ရှားနေသည့် ဗမာစစ်တပ်ကိုလည်း မိုင်းကောင်ဝ်မြို့ အနီးတဝိုက် တွင်တွေ့ရကြောင်း မိုင်းကောင်ဝ်ဖက်မှလာသော သတင်းများကဆိုပါသည်။

၁ ရက်နေ့ ညနေ ၄ နာရီတွင် မိုင်းအောတ်အနောက်ဖက်နမ့်ပန်ချောင်းအရှေ့ဖက် မိုင်းအောတ်နှင့်တာ့ဟုန်း ကြား  SSPP/SSA   ဗိုလ်လိန်မောင်းဦးဆောင်သော တပ်ရင်း ၁၅၁ တပ်စခန်းနှင့် မိုင်းအောတ်ဖက်လှုပ်ရှား နေသည့် (လင်းခေး၊ မိုင်းပန်အခြေစိုက်) စစ်ကြောင်းတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်။  နာရီဝက်စွန်းစွန်း ဖြစ်ပွါးသော ထိုတိုက်ပွဲမှ ဗမာစစ်သား ၃ ယောက်သေသည်ဟု ကျန်းမာရေး ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါသည်။

အဆိုပါ တပ်ဖွဲ့ ၂ ဖွဲ့ပင် ညနေ ၄ နာရီခွဲကျော်ကျော်၌ ပစ်ရင်းဆုတ်ရင်း နမ့်ဆုမ့်ရွာ လုံကောင်းမူး အနီး တိုက်ပွဲ ထပ်မံဖြစ်ပွါးရာ ဗမာတပ်ဖက် ၃ ယောက်ထပ်မံသေဆုံးကို ၆ ဦးထက်မနည်း ဒဏ်ရာရသွားသည် ဟုသိရ၏။ သျှမ်း ပြည်တပ်မတော်ဖက်တွင်မူ တပ်သားတဦး ဗုံးဆံထိမိကြောင်း၊ တိုက်ပွဲအတွင်း ဗမာစစ် သားအလောင်း ၂ လောင်း တွေ့ရကြောင်း မိုင်းကောင်ဝ်ဖက်မှ သတင်းကဆိုသည်။

ထိုနေ့တွင်ပင် မိုင်းကောင်ဝ် ခလရ ၃၃ က ဝမ့်နောင်ဇန့်ရွာမှ အပျို၊ အိမ်ထောင်သည်၊ တခုလပ်၊ မုဆိုးမ တို့ပါဝင်သော အမျိုးသမီး အယောက် ၂၀ ခန့်ပေါ်တာဆွဲကာ ရှေ့တန်းတက် လမ်းပြခိုင်းကြောင်း မိုင်းရှူး ရောက် မိုင်းကောင်ဝ်ဒေသခံတဦးကပြောပြသည်။

“ဗမာတွေက နယ်မြေမကျွမ်းတော့ ပေါ်တာဆွဲတယ်။ ရွာမှာ ယောက်ျားတွေ မရှိတော့လို့ မိန်းမတွေကိုဆွဲ သွားတယ်။ အဓိက သျှမ်းတပ်တွေကိုကြောက်လို့။ ကတ်တောင်ရွာကနေ တိုက်ပွဲဖြစ်တဲ့နေရာ လုံကောင်း မူးကို သွားဖို့ပေါ့။ လမ်းပြခိုင်းတာ” ဟုဆိုသည်။

ထိုနေ့ညနေ ၆ နာရီတွင်မူ ဒုတပ်ရင်းမှူး ဗိုလ်ထောန်းဇမ်ဦးဆောင်သော  SSPP/SSA သျှမ်းတပ်နှင့် ကျေးသီးမြို့နယ် ဝမ့်ဇတ်ကျူတောင်းသို့ ရိက္ခာသွားပို့သည့် (စကခ ၂  လက်အောက်ခံ) မိုင်းနောင်ခလရ ၉ ၏ ၄ လုံးထိုးကားတစီး ပက်ပင်းတိုး၍  ပစ်ခတ်မှုဖြစ်ပွါးခဲ့ရာ ကားသမားအပါအဝင် ကားပေါ်မှစစ်သားများ ထွက်ပြေးကြကုန်၏။  ကားနှင့် ကားပေါ်ပါ ရိက္ခာကိုလည်း သျှမ်းပြည်တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။ ထိုနောက်ပိုင်း ကားပိုင်ရှင်မှ ကားပြန်လာယူရန် နီးစပ်ရာရွာရှိ ရွာသူကြီးကိုသျှမ်းပြည်တပ်မတော်က အကြောင်းကြားလိုက်သည်ဟုလည်း သိရသည်။

နည်းဗျူဟာမျိုးစုံဖြင့် သျှမ်းပြည်တပ်မတော်အား ဗမာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ဧပြီ ၁ ရက် နေ့က ဝမ့်လုံကောင်းမူးရွာတွင် သျှမ်းတပ်ဖွဲ့၏ ဝတ်စုံ ဝတ်ဆင်ထားသော ဗမာတပ်သား တစုကို ရွာသား များတွေ့ရှိခဲ့သည်ဟုလည်း တန့်ယန်းရှိ SSPP/SSA ကေဒါက ဆက်ပြောပြ၏။ ထိုနေ့၌ပင် ဝမ့် ဟိုင်းဌာန ချုပ်အား ဝန်းရံတိုက်ခိုက်မည်ဟူသည့်သတင်းလည်း အဆိုပါရွာသားများကြားသိရသည်ဟု ဆို၏။

စစ်အုပ်စုအား သျှမ်းတပ် နှစ်ဖွဲ့ပေါင်းတိုက်
ဧပြီ ၁ ရက် ၂၀၁၁

ဧပြီ ၁ ရက်  RCSS/SSA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးယွတ်စစ်က မိုးမိတ်မြို့နယ်အတွင်း သျှမ်းပြည် တပ်မတော် နှစ်ခု RCSS/SSA နှင့် SSPP/SSA ပူးပေါင်းပြီး စစ်အုပ်စုအား တိုက်ခိုက်ခဲ့ကြောင်း အသေ အပျောက်စာရင်းအား စိစစ်ဆဲဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

သျှမ်းတပ်ဟန်ဆောင် ဗမာ့စစ်တပ် အချင်းချင်းပြန်တိုက်
ဧပြီ ၂ ရက်နေ့ ၂၀၁၁

ရွာစောင့်နတ် မြို့စောင့်နတ်များကယ်သည်ဟု ယုံကြည်ရသည့်ဖြစ်ရပ်တခု ဧပြီလ ၃ ရက်နေ့တွင် ကြုံတွေ့ ခဲ့ရသည်ဟု နောင့်ဇန့်ရွာသားများ ပြောသည်။ အဆိုပါ သျှမ်းစစ်သားSSA ယူနီဖေါင်းဝတ် ဗမာတပ်နှင့် ၎င်း တို့၏ ဗမာ့တပ်မတော် စစ်ကြောင်းတခု နောင်ဇန့်ရွာအနီး ဝမ့်မွတ်ရွာမတိုင်ခင် ပက်ပင်းတိုးရာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၂ ဖက်စလုံး သေကြေဒဏ်ရာရ များပြားကြောင်း သိရသည်။

ထိုနေ့၌ပင် ကျေးသီးမြို့နယ် နမ့်လောင်းတံတားထိပ်ကောင်းလန်းရွာအနီးတွင်လည်းကောင်း၊ သီပေါ မြို့နယ် ဝမ့်ကုန်းပုတ်အနီး တာ့ဖာဆောင် နမ့်ပန်ကူးတို့ဆိပ်တွင်လည်းကောင်း၊ မိုင်းရှူးမြို့နယ် နားမောန် အုပ်စု ဝမ့်ခုမ်ငင်းရွာတွင်လည်းကောင်း ဗမာ့တပ်မတော်နှင့် သျှမ်းပြည်တပ်မတော်အကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွါးခဲ့ရာ ဗမာ့တပ်သား ၈ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု SSPP/SSA  မှလာသော သတင်းအရသိရသည်။

အဆိုပါ တိုက်ပွဲများအနက် ခိုလောင်းတံတားတွင် တံတားစောင့် ခလရ ၂၂ မှ  ဗမာစစ်သား ၂ ဦးအား တပ်မဟာ ၃၆ ၏ လုံခြုံရေးတပ်ဖွဲ့မှူး စိုင်းကျော် ဦးဆောင်သောအ်ဖွဲ့က ပစ်သတ်လိုက်ပြီး ဆိုင်ကယ်ရော လက်နက်ပါ သိမ်းယူလိုက်သည်ဟု ဆို၏။  အခင်းဖြစ်ပွါးပြီးနောက် ထိုနေရာ၏တောင်ဖက်ရှိ ဝမ့်ဝ ရွာသား များအား ဆိုင်ကယ်နှင့် လက်နက် ၂ လက်ကို သျှမ်းတပ်ထံမှ ပြန်တောင်းပေးရန်၊ ထိုသို့မဟုတ်ပါက မိမိတို့ ရွာ မီးရှို့ဖျက်ဆီးခံရဖွယ်ရှိကြောင်း ဗမာစစ်သားများက ပြောသည်ဟု ကျေးသီးရောက် ရွာသားတချို့ က ပြောပြ၏။

ထိုနေ့ ညနေတွင်ပင် အဆိုပါ စိုင်းကျော်ဦးဆောင်သော အဖွဲ့နှင့် ဗမာတပ်ဖွဲ့တဖွဲ့ ထပ်မံတိုက်ပွဲဖြစ်ပွါးရာ အသေအပျောက်စာရင်း မသိရသေးဟု ဆိုပါသည်။

မိုင်းရှူးမှ ဝမ့်ဟိုင်းသို့သွားမည့် ဗမာ့တပ်မတော်စစ်ကြောင်းတကြောင်းကလည်း မိုင်းရှူးအရှေ့ဖက်ဝမ့်ဆော့နှင့် မိုင်းရှူး ကြား ဘုန်းကြီးကျောင်းတကျောင်းသို့ဝင်ရောက်ကန်တော့ပြီး ‘ တပည့်တော်တို့ ဘေးရန်ကင်းပါစေ’ ဟု ဆရာတော်ထံ ဆုတောင်းရာ ဆရာတော်က ‘ သူများကို သွားသတ်မယ့်ခရီးမှာ ဘယ့်နှယ်ဘေးကင်းပါစေ လို့ဆုတောင်းတာလဲဒကာကြီးရဲ့။ မတော်တရော် သေနိုင်တဲ့ခရီးဘဲ’ ဟု ပြန်လည်ဖြေဆိုကြောင်း၊ အဆိုပါ စစ်ကြောင်းလဲ မျက်နှာမသာမယာဖြင့် ဆင်းသွားကြကြောင်း မိုင်းရှူးမှလာသောသတင်းအရ သိရသည်။

ဧပြီလ ၂ ရက်နေ့တွင်ပင် မန္တလေးမှ လာသော ဗမာ့တပ်မတော်ယာဉ်တန်း (၆၀ စီး) လားရှိုးမှ တန့်ယန်း သို့ ဆက်တက်သွားကြောင်း လားရှိုးဒေသခံတဦးကပြော၏။

“ ကြည့်ရတာ ဝမ့်ဟိုင်းကို အမြစ်ပြုတ် ရှင်းတော့မယ်ထင်တာဘဲ။ ကျနော်တို့သျှမ်းပြည်သားအချင်းချင်းလဲ ကူညီမှုမရှိဘူးကော။ ဥပမာ ဗိုလ်မွန်းပြည်သူ့စစ်တို့၊ ဂျငီးဦးဆောင်တဲ့ ပြည်သူ့စစ်တို့ပေါ့။ ဗမာတပ်က လမ်းပြခိုင်းလဲ မညီးမညူ လိုက်ပြတာဘဲ။ ဗမာလုပ်ခိုင်းတိုင်း သူတို့လုပ်ပေးတယ်။ ရင်နာစရာဘဲဗျာ” ဟုဆိုသည်။

အဆိုပါ ၂ ရက် ၌ပင် မိုင်းကောင်ဝ်အခြေစိုက် ဂျငီးဦးဆောင်သော လားဟူပြည်သူ့စစ်တပ်ဖွဲ့ ပါကျန်အုပ်စု ဒေသ ခံများအား တရွာလျင် ဆန် ၂ ပြည် ကြက် ၂ ပိဿာစီ ဆင့်ဆို၏။  နားကော်၌ စခန်းချတဲဆောက်ရန်အတွက် ဟုလဲဆို၏။

“နမ့်ပန်ချောင်းအရှေ့ဖက်  တန့်ယန်းမြို့အရှေ့တောင်ဖက် ၈ မိုင်လောက်အကွာမှာ (အရင်တုန်းက) တပ်မဟာ ၁ ရဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးအခြေစိုက်တဲ့နေရာလေ။ ဝမ့်တော်လောက်ရွာပေါ့။ အခုအဲ့မှာ ဗိုလ်မွန်းအဖွဲ့နဲ့ ဗမာစစ်တပ်ကပေါင်းပြီး စခန်းချမှာ။ ဆောက်လုပ်ရေးအတွက် လားဟူ ပြည်သူ့စစ်တွေကို  တာဝန်ပေးတော့ သူတို့ကလဲ လူထုကို တဆင့် ထပ်ခိုင်းတော့တာပေါ့။ ချုံနွယ်ပိတ် ပေါင်း တွေကိုရှင်းလင်းနေတာ။ ဗိုလ်မွန်းအတွက်လဲ နယ်မြေတိုးလာတာပေါ့” ဟုပြောသည်။

‘ဗမာ့တပ်မတော်သည် အသေအပျောက်စာရင်း လျှို့ဝှက်ရာ၌ ကျွမ်းကျင်သည်ဟု ဆိုရမည်’ ဟု နယ်စပ် ရောက် SSA တပ်မှူးဟောင်းတဦးကပြောသည်။

ဝမ့်ဟိုင်းဌာနချုပ်တွင်မူ ဧပြီလ ၄ ရက်နေ့က ဗမာစစ်တပ်ဝင်ရောက်စီးနင်းတိုက်ခိုက်မည်ဟူသောရွာသားများ အကြား တီးတိုးသတင်းကြောင့် ထွက်ပြေးတိမ်းရှောင်ကုန်ကြသည်ဟု သိရသည်။

မတ်ခ်ျလက မိုင်းရှူး၊ မိုင်းနောင်၊ တန့်ယန်း၊ ကျေးသီး သျှမ်းပြည်အလယ်ပိုင်း ၄ မြို့နယ်သာ စစ်မြေပြင်ဖြစ် ခဲ့ သော်လည်း ယခုလအတွင်းသျှမ်းပြည်မြောက်ပိုင်း မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ့်တူ၊ နမ့်ဆန် ၆ မြို့နယ်သို့ တိုက်ပွဲများ ပြန့်နှံ့သွားခဲ့သည်။

ထိုသို့ တိုက်ပွဲပြန့်ပွားမှုနှင့်ပါတ်သက်၍ SSPP/SSA သျှမ်းပြည်တပ်မတော်မှ အရာရှိတဦးက “အဲဒီ ၆ မြို့နယ်က အရင်က သျှမ်းပြည်တပ်မတော် တပ်မဟာ ၃ ရဲ့ လှုပ်ရှားနယ်မြေ ဖြစ်ခဲ့ဖူးတယ်လေ။ နောက် တချက်ကလဲ ဗမာစစ်တပ်ရဲ့ မဟာဗျူဟာလို့လဲ ဆိုနိုင်တယ်။ ခွန်ဆာ့ပြောစကားအရဆိုရင် ‘ငါ့အိမ်ကိုဧည့် သည်တွေလာတယ်။ ငါလဲ သူများအိမ် ဧည့်သည်သွားလုပ်ရမယ်’ ဆိုတဲ့ အတိုင်းပေါ့။ သျှမ်းတပ်ကလဲ အဲဒီ အချက်ကိုလက်ကိုင် ထားတာဖြစ်တယ်။ နောက်တခုက ဝ တပ်မတော်က အကူအညီမပေးတော့ ကျနော် တို့နေရခက် လာပြီလေ။ ဒါကြောင့်  ၁၀ မြို့နယ်အထိ တိုက်ပွဲပြန့်ပွါးရတာဖြစ်တယ်” ဟု သျှမ်းသံတော် ဆင့်အား ပြောပြသည်။

လားရှိုးမြို့နေ နိုင်ငံရေးစစ်ရေးလေ့လာသူ ပုဂ္ဂိုလ်တဦးက - SSPP/SSA အား စစ်အုပ်စု ရက်ပေါင်း ၂၀ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်လာသည်မှာ မြန်မာစစ်အုပ်စုဘက်အကျအဆုံးများကြောင်း၊ သျှမ်းတပ် ဘက် ၁၀ယောက် ပင်ကျဆုံးမှု မရှိသော်လည်း တပ်စခန်း ၁၀ ခုထက်မနည်း လက်လွတ် ခဲ့ရကြောင်း၊ ဌာနချုပ်ထပ်မံထိုးစစ် ဆင်တိုက်ခိုက်ခံရမည်ဆိုပါကလည်း ထို့နည်းတူခံတိုက် မည်မဟုတ်ဘဲ ပြောက်ကျားစစ်ဆင်ရေးနည်းဗျူ ဟာဖြင့်သာ ရှေ့ခရီးဆက်မည်ဖြစ်ကြောင်း၊ မန္တလေး - လားရှိုးကားလမ်း မြောက်ဘက် ခြမ်းစစ်ဒေသချဲ့ထွင် ရခြင်းသည်လည်း နည်းဗျူဟာသစ်ကြောင့်ဖြစ်ကြောင်း ပြောပါသည်။

Most read this week