ချင်းမိုင်(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ် အရှေ့ပိုင်း ငလျင်ဘေးသင့် ဒုက္ခသည်များအတွက်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပထမဆုံး ကျပ် ၁၇ သိန်း စတင်ကူညီမည်ဟု တောင်ကြီးမြို့နယ် အထွေ ထွေအတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ စသည့် NLD အဖွဲ့ဝင်များက ယခင်လ ၃၁ ရက်နေ့မှ ယနေ့ထိ ကောက်ခံရရှိသော လှူဒါန်းငွေများဖြင့် တာလေကျေးရွာ ငလျင်ဒုက္ခသည်များအတွက် အမိုးအကာကို အဓိက လှူဒါန်းမည်ဟု ဆိုသည်။
“ငွေ ၁၇ သိန်းလှူမယ်၊ ဒီနေ့ ထပ်ရသေးရင်လဲ ထပ်ဖြည့်မယ်။ အရေးပေါ်လိုအပ်တာ အမိုးအကာပေါ့၊ တာပေါ်လင်ဘဲ ဝယ်ပြီးတော့ နှံ့အောင်ပေးမယ်။ အဝတ်အစားနဲ့ အစားအသောက်က လုံလောက်နေတယ်လို့ ပြောတယ်”ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
ပါတီအဖွဲ့ဝင်များက “တာလေမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ် ခံရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အကူအညီပေးရေး”ဟူ၍ အဖွဲ့ဝင်များကို စာအိတ်တအိတ်စီ ဖြန့်ဝေ၍ ကောက်ခံခဲ့ကြောင်း သူက ရှင်းပြသည်။
ထိုငွေများကို မနက်ဖြန်မှ စ၍ ငလျင်ခံ ဒေသများသို့ တိုက်ရိုက် သွားလှူမည်ဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း NLD အဖွဲ့ဝင်များထံလည်း အလှူငွေ ကောက်ခံထားဆဲဟု သိရသည်။
ရန်ကုန် ပါတီရုံးချုပ်ကလည်း ငလျင်သင့်ခံရသော ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ထပ်မံ ကူညီသွားရန် စီစဉ်နေသည်ဟု ပါတီပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က ပြောသည်။
“ခုထိတော့ ပြည်နယ်၊ တိုင်းစည်းရုံးရေး ကော်မတီတွေကို မေတ္တာ ရပ်ခံထားပါတယ်။ စုဆောင်းရရှိထားတဲ့ငွေတွေ ပို့ပြီးတော့ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။ ပထမကယ်ဆယ်ရေးအတွက်ပေါ့။ ကမ္ဘာ့အဖွဲ့အစည်းတွေ ကူညီတာရှိတယ်။ ဒုတိယက ပြန်လည်ထူထောင်ရေးလုပ်ဖို့ ရှိပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
လက်ရှိ တာလေကျေးရွာမှ ငလျင် ဒုက္ခသည်များအတွက် အဝတ်အစားနှင့် အစားအသောက်အတွက် လုံလောက်နေပြီး ပြန်လည်ထူထောင်ရေးအတွက် အဓိက လိုအပ်သည်ဟု တာလေဒေသကို သွားရောက် ကူညီပေးနေသူ ကျိုင်းတုံမြို့ခံ တဦးက ပြောသည်။
“အိမ်မဆောက်ပေးတဲ့ချိန် အမိုးအကာလိုအပ်တယ်။ အခါတွေ၊ လားဟူတွေကလဲ ရွာတွေမှာ မနေတော့ဘဲ တာလေမှာ လမ်းဘေးထိ ဆင်းလာကြတော့ လူ ပိုများသွားတာပေါ့။ လမ်းဘေးက လူတွေက ကယ်ဆယ်ရေး ပစ္စည်းတွေ လုံလောက်တယ်။ ဒေသခံတွေ ကိုယ်တိုင်က ပြန်လည် ထူထောင်ရေးအတွက် ပိုလိုအပ်နေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ငလျင်သင့် ဒုက္ခသည်များကို အနီးစပ်ဆုံး လူမှုရေး ဘာသာရေးအသင်းအဖွဲ့များ၊ World Vision, UNHCR, ကြက်ခြေနီ စသည့် အဖွဲ့အစည်းများက ကယ်ဆယ်ရေး လုပ်ငန်းများ အကူအညီပေးနေသဖြင့် စားဝတ်နေရေးအတွက် လုံလောက် နေသည်ဟု သိရသည်။
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တာလေမြို့ပေါ် ရပ်ကွက်များမှ ငလျင်ဒဏ်သင့် ဒေသခံ အိမ်ထောင်စု ၂၁၄ စုအတွက် ကျပ်ငွေ ၁ဝ၇ သိန်း၊ တာလေ ဘုန်းတော်ကြီး ကျောင်းများ ပြန်လည် တည်ဆောက်ရန်အတွက် ငွေကျပ်သိန်း ၃ဝဝ နှင့် ဆေးရုံ ပြန်လည် တည်ဆောက်ရန် ကျပ်သိန်း ၃ဝဝ လှူခဲ့သည်ဟု ယခုလ ၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။
ဧပြီလ ၂ ရက်နေ့က ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ငလျင်သင့်ဒေသခံများထံ သွားရောက် လှူဒါန်းခဲ့ခြင်းသည် အစိုးရအဖွဲ့မှ ပေးအပ်သည်ဟုဆိုသော်လည်း အလှူရှင်များ လှူဒါန်းသည့်ပစ္စည်းများကိုသာ ပေးခြင်းဟု ကယ်ဆယ်ရေးလုပ်နေသော လူမှုရေးအဖွဲ့ဝင် တဦးက ပြောသည်။
“ကျနော်တို့ လှူတဲ့ ပစ္စည်းကို စုပုံပြီးတော့ ပြန်ပေးသလိုဘဲ။ သူတို့နိုင်ငံတော် အစိုးရက ပေးတာတော့ မဟုတ်ဘူး။ ၂၅၊ ၂၆ မှာလာတဲ့ ပစ္စည်းတွေက ဖြန့်လို့မှ မရတာ။ အဲဒီပစ္စည်းတွေကို ဒုသမ္မတက လှူတဲ့ပုံစံပါဘဲ။ ပေးတဲ့ငွေက နိုင်ငံတော် ဘတ်ဂျက်က ပေးတာမဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
အိန္ဒိယအစိုးရက ဒေါ်လာ ၁ သန်း၊ တရုတ်အစိုးရက ဒေါ်လာ ၅ သိန်း၊ ထိုင်းအစိုးရက ဘတ်ငွေ ၃ သန်းကူညီမည်ဟု ကြေညာထားပြီး တရုတ်ချစ်ကြည်ရေးအသင်း ၂ သင်းကလည်း ဘေဂျင်းရှိ သံအမတ်ကြီး ဦးတင်ဦးထံ ယွမ် ၁ သိန်း သွားလှူခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လှုပ်ခဲ့သော ငလျင်ကြောင့် ကျပ်သန်း ၃ ထောင်ခန့် (အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့်) ဆုံးရှုံးသည်ဟု ရန်ကုန် ကုလလူမှုကူညီ ကွပ်ကဲမှုရုံး (UNOCHA)မှ တာလေမြို့နယ်ခွဲ ငလျင် ကယ်ဆယ်ရေး ကော်မတီကို ကိုးကား၍ ယခင်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။
ယခင်လ ၂၄ ရက်နေ့ ညအချိန် လှုပ်ခတ်ခဲ့သော အင်အား ၆.၈ ရစ်ချတာစကေးရှိ ငလျင်ကြောင့် သေဆုံးသူ ရ၄ ဦး၊ ဒဏ်ရာရသူ ၁၂၅ ဦး၊ အဆောက်အဦးနှင့် အိမ် ၃ဝဝ ကျော်၊ ဆေးရုံ၊ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၅၈ ကျောင်း ပျက်စီးကြောင်း အစိုးရက နောက်ဆုံး ကြေညာခဲ့သည်။ ယင်းနောက်ပိုင်း သေဆုံးမှု စာရင်းကို ထပ်မံ ကြေညာခြင်း မရှိခဲ့ပေ။
တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ မိုင်းလင်း (အရှေ့၊ အနောက်)၊ ကျကူနီ၊ နားယောင်းကျေးရွာအုပ်စု၊ မိုင်းကိုး ကျေးရွာများတွင် လူဦးရေ ၁၅ဝ ကျော်သေဆုံးခဲ့ပြီး လူဦးရေ ထောင်ချီကာ အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။