လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသားများအား ထိမှန်

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသားများအား ထိမှန်
by -
အောလို

ကရင်နီပြည် ရှားတောမြို့နယ်ရှိ ဒေါတနော ကျေးရွာ အနီး၌ စစ်အစိုးရတပ်နှင့် ကရင်နီတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွား၍ လက်နက်ကြီးကျဉ်များကြောင့် ရွာသားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟုသိရ သည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီကျော် အချိန်တွင် ရှားတောမြို့နယ် အခြေစိုက် ခမရ ၃၃၂နှင့် ကရင်နီတပ်မတော် တပ်ခွဲ ၃ မှ ဗိုလ်ဆဲနိုးနှင့် ဗိုလ်ကူးရယ် ဦးဆောင်သော တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ ဒေါတနော ကျေးရွာအတွင်းသို့ အမြောက်ကျဉ်ဆံ ရ လုံး ပစ်ခတ်လာသည်ဟု ရှားတောဒေသခံတို့က ဆိုသည်။
a_village_shardaw

“တိုက်ပွဲ ဖြစ်ပြီးမှာ နအဖတပ်က ရွာထဲသို့ လက်နက်ကြီးဖြင့် ရ လုံး ပစ်ဝင်တယ်။ ကျည်ဆန် ၂ လုံးက မကွဲဘူး။ ရွာသားကို နှစ်ယောက် ထိသွားတယ်။ တယောက်က သူ့ခြေထောက်မှာ ထိသွားတယ်။ နောက်တယောက်က ဘယ်မှာ ထိလဲ မသိဘူး။ သူကြောက်လို့ တောထဲမှာ ထွက်ပြေးပုန်းနေလိုက်တယ်” ဟု အဖြစ်အပျက်အား မြင်တွေ့ခဲ့သူ ဒေသခံတဦးက ပြောသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးသည့်နောက် ကျေးရွာတွင်းသို့ ၀င်ရောက်လာပြီး လက်နက်ငယ်များဖြင့် တဖန် ရွာသားများ၏ နေအိမ်ကို ပစ်ခတ်၍ အိမ်များကို ထိမှန်သွားခဲ့ကြောင်း၊ သို့သော် ထိုအချိန်တွင် ရွာသားများက ကျေးရွာအပြင်သို့ ထွက်ပြေးပုန်းရှောင်နေကြ၍ ထိခိုက်မှု မရှိခဲ့ကြောင်းထွက်ပြေးပုန်းအောင်းနေခဲ့ရသူရွာသား တဦးက ဆိုပါသည်။

လက်နက်ကြီးများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရွာသားတို့၏ အမည်နာမများကို လုံခြံုရေးအရ မဖေါ်ပြရန် သတင်းပေးသူ ရွာသားတို့က တောင်းဆိုထားသည်။

စစ်အစိုးရတပ်နှင့် ကရင်နီလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တို့အကြား တိုက်ပွဲများ မဖြစ်ပွားရန် စစ်တပ်မှ ရွာသားများကို အကြိမ်ကြိမ် အမိန့်ပေးလေ့ရှိကြောင်း ကရင်နီပြည်ထဲရေးဌာနမှ ဒု-တာဝန်ခံ ဗားမားနိုင်က ပြောသည်။

၎င်းက “တိုက်ပွဲ ဖြစ်လာပြီဆိုရင် နအဖက လူထုကို ခုတုံးလုပ်ပြီးတော့မှ နှိပ်စက်ပြီးတာကတော့ အဲဒါက သူတို့ရဲ့့့ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပြီပေါ့။ အမှန်ကတော့ သူတို့က လူထုကို ပစ်မှတ်ထားပြီးတော့ သူကိုင်လာမယ်ဆိုရင် ဒီက ကရင်နီကနေတွေက လူထုထဲမှာ သူရွှေသူ့မျိုး ရှိနိုင်တယ်။ သူတို့ လူထုကို ဟန့်တန့်ရင် ရကောင်းရနိုင်တယ် သူတို့ မြင်ပြီးတော့မှ လူထုကို အဲလိုဒုက္ခပေးလာတာ အမျိုးကြီး ရှိလာတာပေါ့” ဟု ပြောသည်။

မတ်လ ၉ ရက်နေ့က နာရီဝက်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် တိုက်ပွဲတွင် နှစ်ဦးနှစ်ဘက်မှထိခိုက်ကျ ဆုံးမှု မရှိခဲ့ကြောင်း ကရင်နီတပ်မတော်တို့၏ ပြောပြချက်အရ သိရသည်။

ယခင်မတ်လ ရ ရက်နေ့ကလည်း ရှားတောမြို့နယ်ရှိ ရှမ်း-ကရင်နီနယ်စပ် အနီးတွင် ခမရ ၃၃၂ တပ်ဖွဲ့နှင့် ဗိုလ်ဆဲနိုး ဦးဆောင်သော ကရင်နီတပ်မတော် တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်တပ်ဘက်မှတပ်ကြပ်ကြီး တဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Most read this week