ကြံ့ဖွံ့ပါတီဝင်ခွင့် ရရန် ဒေါက်တာတူးဂျာ ယုံကြည်နေဆဲ

ကြံ့ဖွံ့ပါတီဝင်ခွင့် ရရန် ဒေါက်တာတူးဂျာ ယုံကြည်နေဆဲ
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာက ၎င်း အနေဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်ဖြစ်ရန် လျှောက်ထားမှု တစ်လကျော်လာသည်အထိ ပါတီဝင်ခွင့် ရ မရဆိုသည်ကိုမသိရသေး သော်လည်း ၀င်ခွင့်ရလိမ့်မည်ဟု ယုံကြည် နေကြောင်း သူကပြောသည်။

“ဘာမှ အကြောင်းမကြားလာသေးဘူး။ စာနဲ့လည်း မကြားသေးပါဘူး။ သူတို့ကလည်း အလုပ်များနေကြ လို့ဖြစ်မယ်။ ဝင်ခွင့်ရမယ်လို့တော့ ကျတော် ယုံကြည်ပါတယ်။” ဟု ဒေါက်တာ တူးဂျာမှ ပြောသည်။

dr_tujaဒေါက်တာတူးဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ရန် ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) အဖြစ် ကေအိုင်အို ခေါင်းဆောင် (၆) ဦး နှင့် ထူထောင်ခဲ့သော်လည်း နအဖ စစ်အစိုးရက ပါတီထူထောင်ခွင့် ပယ်ချခဲ့သည်။ ယင်းပါတီကို ကချင်လူထုမှ အားပေးထောက်ခံမှု ပေးခဲ့ကြသည်။

ထို့အတွက် စစ်ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီထဲ ၀င်ရန် ကြိုးစားလာသည်ကို ကချင်လူထုမှ နားမလည်နိုင် ဖြစ်ရသည်။

၎င်းကမူ ၂၀၀၈ အခြေခံ ဥပဒေသစ်ကို လက်ခံသဖြင့် ယခုဖြစ်ပေါ်လာသည့် ခေတ်သစ် မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ ပါဝင် လုပ်ဆောင်ချင်သည်ဟု ဆိုသည်။

“ပြည်သူတွေ အနေနဲ့ကတော့ အမြင်အမျိုးမျိုးတော့ ကွဲပြားတဲ့အမြင်တော့ ရှိကြမှာပါ။ ဒါကလည်း သဘာဝပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ပြီးတော့မှ တဖြည်းဖြည်းတော့ အဖြေမှန်ကို သိရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျတော် အရမ်းစဉ်းစားပြီးမှ တင်လိုက်တာ ဖြစ်တယ်။ ကချင်လူထုအတွက် တစ်ထောင့်တစ်နေရာ ကပဲ ဖြစ်ဖြစ် ပါဝင်ချင်လို့ပါ။”

ပါတီထူထောင်ခွင့် မရသည့်နောက်တွင် KSPP ပါတီမှ ဒေါက်တာမနန်တူးဂျာ အပါအဝင် ခေါင်းဆောင် (၁၂) ဦးက ၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချခဲ့သည်။

KSPP ပါတီကို တည်ထောင်သူ (၆) ဦး အထဲတွင် ဒေါက်တာတူးဂျာ တစ်ဦးတည်းသာ ကြံ့ခိုင်ရေး ပါတီဝင်ရန် လျှောက်ထားခဲ့ကြောင်း ပါတီ ခေါင်းဆောင်ဟောင်းများ ဆိုသည်။

Most read this week