မိုး/ဇလ ဝဘ်ဆိုဒ်လွှင့်တင်

မိုး/ဇလ ဝဘ်ဆိုဒ်လွှင့်တင်
by -
မဇ္ဈိမသတင်းဌာန

နယူးဒေလီ (မဇ္စျိမ) ။        ။ ပြည်သူများအနေဖြင့် ရာသီဥတုသတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အင်တာနက် စာမျက်နှာတခုအား လွှင့်တင်လိုက်ပြီဟု နေပြည်တော် မိုး/ဇလ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့့် လွှင့်တင်သည့် ဝဘ်ဆိုဒ်မှာ http://www.moezala.gov.mm ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့တွင် စတင်လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

moezalaထုတ်ပြန်ချက်၊ သတင်းများ စသည့် ကဏ္ဍများ ပါဝင်သည်။ ယင်းအပြင် ဂြိုဟ်တုတိမ်ပုံ၊ သဘာဝဘေးအန္တရာယ်၊ မိုး/ဇလဌာန အကြောင်း၊ လူထုပညာပေးနှင့် ဆက်သွယ်ရန် ကဏ္ဍများလည်း ထည့်သွင်းထားသည်။
 
ထူးခြားချက်အနေဖြင့် ဝေါဟာရအဓိပ္ပာယ် ကဏ္ဍပါ ထည့်သွင်းထားပြီး၊ ပြည်သူများအနေဖြင့် မိုး/ဇလဌာနသုံး စကားရပ်များနှင့် အဓိပ္ပာယ်များ သိရှိရန်အတွက် ရည်ရွယ်သည်။

“ကျနော်တို့ဆီမှာ သုံးနေတဲ့ ကျမ်းတွေ၊ ဝေါဟာရတွေ အဲဒါတွေကိုလည်း သိအောင်လို့ အဲဒီဝေါဟာရ ဆိုတဲ့ဟာလေး ထပ်ထည့်ပေးထားတာဗျ။ အရင်တုန်းကတော့ အဲဒါ မပါဘူး။ မပါဘူးဆိုတော့ သူများဆီက ရတာဆိုတော့ နေရာက ကျဉ်းတယ်။ အခုကတော့ ကိုယ့်ဟာကိုယ် လုပ်တာဆိုတော့ နေရာကျယ်တဲ့ အခါကျတော့ များများ၊ တခြား ပညာပေး ဆောင်းပါးတို့ ဘာတို့၊ ဌာနအကြောင်းတို့၊ ဌာနကလုပ်တဲ့ လုပ်ငန်းတွေတို့ ထည့်ပေးလာနိုင်တာပေါ့ဗျာ” ဟု နေပြည်တော်အခြေစိုက် မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကျော်က မဇ္စျိမကို ပြောသည်။

ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ တင်ပြနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အင်တာနက်လိုင်း ကျချိန်တွင်လည်း မြန်မာ့ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

မြန်မာရာသီဥတု အခြေအနေ ထူးခြားဖြစ်စဉ် သတင်းများကို သိရှိလိုပါက မိုး/ဇလ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာထွန်းလွင် လွှင့်တင်နေသည့် Myanmar Climate Change Watch (MCCW) အင်တာနက် စာမျက်နှာကိုသာ မြန်မာများ အားကိုးခဲ့ရသည်။

Most read this week