ဗြိတိန်တွင် ပညာသင်ရေး တင်းကျပ်စည်းကမ်း လာမည်

ဗြိတိန်တွင် ပညာသင်ရေး တင်းကျပ်စည်းကမ်း လာမည်
by -
ကိုပေါက်

နယူးဒေလီ (မဇ္စျိမ) ။      ။ ဗြိတိန်နိုင်ငံတွင် ပညာသင်ရန် လာရောက်သည့် မြန်မာအပါအဝင် နိုင်ငံရပ်ခြားမှ ကျောင်းသားများအတွက် လာမည့် ၂ဝ၁၂ ခုနှစ် ပညာသင်နှစ်မှစ၍ ပိုမိုတင်းကျပ်သော စည်းမျဉ်းများဖြင့် ကြံုတွေ့ရမည်ဟု စုံစမ်းသိရှိရသည်။

Studying-in-UK၂ဝ၁၂ ခုနှစ် ဧပြီလမှစ၍ ကျောင်းဝင်ခွင့် ပိုမိုတင်းကျပ်ခြင်း၊ အလုပ်လုပ်ခွင့် ကန့်သတ်ခြင်းနှင့် ပညာသင်ပြီးနောက် အလုပ်လုပ်ခွင့်များ ပိတ်ပင်ခြင်းများ အပါအဝင် ကျောင်းသားဗီဇာစနစ်များအတွက် အပြောင်းအလဲများစွာ ပြုလုပ်ပြီးပြီဟု ဗြိတိန် ပြည်ထဲရေးအတွင်းဝန် သရီဆာမေ Theresa May က မတ်လ ၂၂ ရက်နေ့က ကြေညာခဲ့သည်။

အဆိုပါ စနစ်သစ်အရ ဗြိတိန်တွင် Studying-in-UKကျောင်းတက်လိုသူများအနေနှင့် ပိုမိုမြင့်မားသည့် ပညာအရည်အသွေး ရှိထားရန် တောင်းဆိုထားသည်။
 
ဤသို့ ပြောင်းလဲလာသည့် စနစ်သစ်အရ ဗီဇာအခက်အခဲများ ပိုရှိလာနိုင်ကြောင်း လန်ဒန်တွင် နိုင်ငံရေးနှင့် လူမှုရေးဘာသာရပ်များ လေ့လာနေသူ မဝေနှင်းပွင့်သုန်က ဆိုသည်။
 
“အရင်ကဆို အခြေခံ အင်္ဂလိပ်စာနဲ့ ကွန်ပြူတာ သင်တန်းလေးတွေ အပ်ပြီးရင် တနှစ်ဗီဇာနဲ့ လာလျှောက်နေလို့ ရတယ်။ အဲဒါပြီးမှ ထပ်တိုးလို့ ရတယ်။ အခုကျတော့ ဒီဂရီတက်မယ်ဆို ၃ နှစ်စာ တခါတည်း အပ်ရမယ်။ အရင်ကလို အင်္ဂလိပ်စာလေး လာတက်တာနဲ့ ဗီဇာမပေးတော့ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။ ပညာသင်စရိတ်များလည်း တိုးမြှင့်ထားပြီး မြန်မာနိုင်ငံသား ကျောင်းသားများအတွက် ပိုမိုခက်ခဲလာနိုင်သည်ဟုလည်း ဆိုသည်။
 
သာမန်ဘွဲ့တခုရရှိရန် ဗြိတိန်နိုင်ငံသား ကျောင်းသားတဦးအနေဖြင့် ၃ နှစ်စာအတွက် စတာလင်ပေါင် ၉၉ဝဝ ပေးရမည်ဖြစ်ပြီး နိုင်ငံခြားသားများအနေဖြင့် ၁ သောင်းကျော် ပေးသွင်းရတော့မည်ဖြစ်သည်။
 
မဝေနှင်းပွင့်သုန်က ဆက်ပြီး “ဒါဆို ဘယ်သူမှ မတတ်နိုင်တဲ့ကိစ္စ။ ဒီနိုင်ငံသား အင်္ဂလိပ်တွေတောင် ၉ ထောင် ပေးရမှာ ညည်းနေကြတာ။ ဒါတောင် ရိုးရိုးဘွဲ့အတွက်။ ဘွဲ့လွန်တို့၊ ပါရဂူတို့ မဟုတ်သေးဘူး။ ပိုက်ဆံက အရမ်းစကားပြောလာတယ်။ မြန်မာနိုင်ငံက လူတွေဆို EU ထဲကလည်း မဟုတ်တော့ ၂ သောင်းကျော် ပေးရမှာ။ ဘယ်လောက်ထိ ထောက်ပံ့နိုင်မလဲ” ဟု ပြောဆိုသည်။
 
သို့သော် ဤစနစ်သစ်မှာ ဒုက္ခသည်အစီအစဉ်ဖြင့် ရောက်ရှိလာသူတွေအတွက် အကြံုးမဝင်ကြောင်း ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ ပညာသင်ဆုရကာ ဘန်ကောက်မြို့မှ ဘွဲ့ရပြီးနောက် လန်ဒန်တွင် ဘွဲ့လွန်ပညာ သင်ကြားခဲ့သည့် မဇိုရာဖန်းက ပြောသည်။
 
“ဒုက္ခသည်အဖြစ်နဲ့ ရောက်လာတဲ့သူတွေကတော့ အခုကန့်သတ်ချက်တွေနဲ့ အကြံုးမဝင်ပါဘူး။ ကျောင်းတက်ရင်လည်း ဒုက္ခသည်ကိစ္စ လေ့လာကြတာရှိပါတယ်” ဟု သူက ပြောသည်။
 
စည်းမျဉ်းသစ်အရ ကျောင်းတက်စဉ် အလုပ်လုပ်ခွင့်များလည်း ကန့်သတ်ထားသည်။
 
“အလုပ်လုပ်တာကလည်း အရင်က နာရီ ၂ဝ လုပ်ခွင့်ရှိတယ်။ အခုတော့ ၁ဝ-၁၆ နာရီပဲ လုပ်ခွင့်ရှိမယ်။ အရမ်းကို ခက်သွားမှာပေါ့။ အခုဆို အိမ်လခတွေက အရမ်းစျေးကြီးတယ်” ဟု မဝေနှင်းပွင့်သုန်က ပြောသည်။
 
ထိုသို့ ဗြိတိန်အစိုးရအနေဖြင့် စည်းမျဉ်းများ တင်းကျပ်လာရခြင်းမှာ ကျောင်းသားဗီဇာဖြင့် လာရောက်သူ နိုင်ငံခြားသားများက အဓိကအားဖြင့် ကျောင်းတက်ရန်မဟုတ်ဘဲ အလုပ်လုပ်ရန် လာရောက်ကြခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။
 
“နိုင်ငံခြားသားတွေက ကျောင်းသားဗီဇာနဲ့ လာပြီးတော့ ကျောင်းမတက်ဘဲ အလုပ်လုပ်ကြတာ များတွေ ဗြိတိန်အစိုးရအနေနဲ့ ဒီလိုမျိုး တင်းကျပ်လာတာပါ။ တကယ်ပြောရရင်တော့ ဝမ်းနည်းစရာပဲ။ ကျမတို့နိုင်ငံသားတွေလည်း အဲလိုလုပ်တာတွေ ရှိပါတယ်” ဟု မဇိုရာဖန်းက ပြောသည်။
 
အချို့ကလည်း ယခုအစိုးရမှာ ကွန်ဇာဗေးတစ် အစိုးရဖြစ်၍ နိုင်ငံခြားသား အလုပ်သမားများထက် နိုင်ငံသားများ အလုပ်အကိုင်များ ပိုမိုရရှိလာနိုင်ရန် ယခုလို ကန့်သတ်ရခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။
 
“လူတွေ မြင်ကြတာကတော့ အစိုးရက ကွန်ဇာဗေးတစ် ဖြစ်တယ်။ ဒီနိုင်ငံက ကျောင်းသားတွေကို အခွင့်အရေး ပေးချင်တာလည်း ပါတယ်။ ဗြိတိန်ထဲကို နိုင်ငံခြားသားတွေ ဝင်တာများလာတယ်။ အထူးသဖြင့် ပိုလန်က အလာများတယ်။ ကျမတို့ နိုင်ငံခြားသားတွေက ဘယ်အလုပ်မဆို ဝင်လုပ်တယ်။ နိုင်ငံခြားသားတွေကလည်း ကျောင်းသားဗီဇာနဲ့ လာပြီး အချိန်တန်ရင် ကျောင်းမတက်ဘဲ အလုပ်ပဲ လုပ်နေကြတော့ ဒီနိုင်ငံသားတွေအတွက် အလုပ်ရပိုင်ခွင့် အခွင့်အလမ်းက နည်းလာတယ်။ အခုလို အလုပ်လုပ်ပိုင်ခွင့်တွေ၊ ကျောင်းတက်ခွင့်တွေ စိစစ်ချလိုက်တော့ ဒီနိုင်ငံသားတွေအတွက် ပိုပြီး မျှသွားတာပေါ့” ဟု မဝေနှင်းပွင့်သုန်က ပြောဆိုသည်။
 
မြန်မာနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ကျောင်းသားဗီဇာဖြင့် လာရာက်သူ ထောင်နှင့်ချီရှိနေပြီး အချို့မှာ မြန်မာနိုင်ငံသို့မပြန်ဘဲ အလုပ်ဆက်လုပ်သည်များ ရှိနေသည်။
 
“ကျောင်းသားဗီဇာနဲ့ လာပြီးတော့ ကိုယ့်တိုင်းပြည်မပြန်ဘဲ ခိုလှုံခွင့်လျှောက်တာ၊ တရားမဝင်နေကြတာတွေကြတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာပြည်က ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်နေပါတယ်။ အဲဒါ စိတ်မကောင်းစရာပါ” ဟု မဇိုရာဖန်းက ပြောသည်။
 
မြန်မာနိုင်ငံ ပညာရေးအခြေအနေမှာ အလွန်ဆိုးဝါးနေပြီး ဘွဲ့ရ၍ လုပ်ကိုင်စားသောက်မရနိုင်သဖြင့် လူငယ်များမှာ နိုင်ငံခြားသို့ ပညာဆက်သင်ဖို့ ထွက်လာကြလေ့ရှိသည်။
 
“ကျမသူငယ်ချင်းတယောက် ဗီဇာလျှောက်တုန်းကဆို ပိုက်ဆံကို ကျောင်းစရိတ် ပေးပြီးတဲ့အပြင်ကို သူ့တွက် အိမ်လခ အဖူအလုံရှိပါတယ်။ စားဖို့ သုံးဖို့ကိုလည်း တလစာစီ ပေါင်းပြီး ၁၂ လစာဆို အပြည့်ရှိကြောင်း ဘဏ်ထဲမှာပြရတယ်။ အဲတော့ ဒီကိုလာဖို့ဆိုတာ တော်တော်ကို အခြေအနေ ခက်သွားတယ်လို့ ပြောရမယ်” ဟု မဝေနှင်းပွင့်သုန်က ဆိုသည်။
 
သိန်းပေါင်းများစွာ အကုန်အကျခံ၍ သားသမီးတဦးကို ပညာသင်လွှတ်ရန်မှာ သာမန် မြန်မာနိုင်ငံသားများအတွက် မဖြစ်နိုင်ကြောင်းကို မဇိုရာဖန်းက “သိန်း ၃ဝဝ၊ ၄ဝဝ ကျော် ပြရတယ်။ ဆိုတော့ ကျမတို့နိုင်ငံမှာ အဲလိုမျိုးက စစ်အစိုးရ အသိုင်းအဝိုင်းလောက်ပဲ ဒီလောက်ပိုက်ဆံတွေ ပြပြီးနေနိုင်မှာ။ သာမန်နိုင်ငံသားတွေတော့ လုပ်နိုင်မှာမဟုတ်ဘူး” ဟု သုံးသပ်သည်။ ထို့ပြင် ပွဲစားများ၏ လန်ဒန်ကောလိပ် အောင်လက်မှတ်အတုများကြောင့် အချို့ကျောင်းသားများ ဒုက္ခရောက်ကြရသည်ဟု ဆိုသည်။
 
မြန်မာကျောင်းသားများမှာ ဗြိတိန်နိုင်ငံတွင် စာရင်းအင်း၊ စီးပွားရေးပညာ၊ နိုင်ငံရေး၊ လူမှုရေးဘာသာရပ်များ စသဖြင့် လာရောက်လေ့လာနေကြသည်။

Most read this week