ကချင်ဝန်ကြီးချုပ်သစ် လူမျိုးစု စည်းလုံးရေး လုပ်သင့်

ကချင်ဝန်ကြီးချုပ်သစ် လူမျိုးစု စည်းလုံးရေး လုပ်သင့်
by -
KNG

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူ ဦးလဂျွန်ငန်ဆိုင်း အနေဖြင့် ကချင်လူမျိုးစုများ အကြား စုစည်း ညီညွတ်ရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့က ပြောဆိုလိုက်သည်။ ...

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာသူ ဦးလဂျွန်ငန်ဆိုင်း အနေဖြင့် ကချင်လူမျိုးစုများ အကြား စုစည်း ညီညွတ်ရေးကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့က ပြောဆိုလိုက်သည်။

ကချင်ပြည်နယ်တွင်းရှိ ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ လချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါး ကချင်လူမျိုးစု (၆)မျိုး ကို စည်းလုံးပေးရန် ကေအိုင်အို နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းလွမ်းဒေါင် က ယခုလို ပြောဆိုသည်။

“အဲ့ဒီ ၆မျိုးကို ပေါင်းရင် ကချင်လူမျိုးစု (Jinghpaw Wunpawng)လို့ ခေါ်တယ်။ ကချင်(ဂျိန်းဖော့)က အများဆုံးဖြစ်တယ်၊ တခြား လီဆူတို့က အဲ့လိုဆို ငါတို့လည်း လီဆူလူမျိုးစုလို့ ခေါ်မယ်.. အဲ့လို စကားများ ခဲ့ကြတယ်။ ဒါ့ကြောင့် စည်းလုံးခြင်းကို ပထမဆုံး လုပ်ဆောင်ရမယ်။”

ကချင်ပြည်နယ်အစိုးရသစ် ခေါင်းဆောင် ၀န်ကြီးချုပ် ဒူဝါငန်ဆိုင်း။

တနိုင်းမဲဆန္ဒနယ်(၁)မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ပြည်နယ်အမတ် ဦးလဂျွန်ငန်ဆိုင်းကို သမ္မတလောင်း ဦးသိန်းစိန်က ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

ဂျိမ်းလွမ်းဒေါင် က “အဖွဲ့အစည်းတွေမှာလည်း KNO၊ NDAK၊ KDA၊ KIO အမျိုးမျိုး ကွဲလာကြတယ်၊ ပြန်စုစည်းဖို့ ခက်လာတယ်၊ အဲ့ဒါကြောင့် ဘယ်လိုအယူအဆပဲရှိရှိ ကချင်လူမျိုးစုတွေဖြစ်တယ်၊ ရည်ရွယ်ချက် ပန်းတိုင်က တစ်ခုတည်းပဲ၊ ဒါကြောင့် တစ်လမ်းထဲ သွားပြီး တူတူ ထမင်းလက်ဆုံ စားရင် ပိုမြိန်လာမယ်။” ဟု ဆက်ပြောသည်။

မဂျွယ်မရိုင် ဒူဝါ ဦးလဂျွန်ငန်ဆိုင်းသည် ၁၉၄၇ ပင်လုံစာချုပ်ချုပ်ဆိုခဲ့စဉ်က ကချင်ကိုယ်စားလှယ်ခေါင်းဆောင် တစ်ဦးအဖြစ်ပါဝင်သူ  ဆမားဒူဝါဆင်ဝါးနောင် နှင့် ဆွေမျိုးတော်စပ်သည်။ ဆမားဒူဝါ ဆင်ဝါးနောင်သည် ဦးနုပါလီမန်ခေတ် က ပထမဆုံးသော ကချင်ပြည်နယ်၏ ဥက္ကဋ္ဌဖြစ်သည်။

၎င်း၏ ဖခင် လဂျွန်တူးခေါင် (ကွယ်လွန်) သည်လည်း ဦးနု ပါလီမန် အစိုးရခေတ် (၁၉၄၈-၁၉၆၂) တွင် အမျိုးသားလွှတ်တော်အမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အင်ဂျင်နီယာ တစ်ဦး ဖြစ်သည့် ဦးလဂျွန်ငန်ဆိုင်းသည် ပြည်နယ်ဝန်ကြီးချုပ် မဖြစ်မီ စီးပွားရေး လုပ်ငန်းဖြင့် ရပ်တည်ခဲ့သည်။

၈၈ မျိုးဆက် ကချင်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးအောင်ဝါကမူ ဦးလဂျွန်ငန်ဆိုင်းအနေဖြင့် သမ္မတ ဦးသိန်းစိန် ညွှန်ကြားရာကိုသာ လုပ်ဆောင်ရမည်ဟု ယူဆသည်။

“ဟာ.. ဘာလုပ်နိုင်မှာလဲ၊ သိန်းစိန် လုပ်ခိုင်းတာကိုပဲ လုပ်မှာပဲ၊ ပြည်သူတွေအတွက် လုပ်နိုင်ရင်တော့ ကောင်းတာပေ့ါ၊ လုပ်နိုင်မယ် မဟုတ်ဘူး၊ သမ္မတ ရှိတာပဲ သမ္မတ အောက်မှာပဲ လုပ်နိုင်မှာပဲ၊ ဘာမှ ပြောင်းလဲနိုင်လာစရာ မရှိဘူး။” ဟု သူက ပြောသည်။

ယနေ့နေ့လည်ပိုင်းက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်ပြီး သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ကချင်ပြည်နယ် အတွက် ခန့်အပ်လိုက်သော ဝန်ကြီးများတွင် ဦးညွန့်အောင်(ပြည်ခိုင်ဖြိုး)၊ ဦးဘီထောဇောင်း(ပြည်ခိုင်ဖြိုး)၊ ဦးအလေးပါး(စဒက)၊ ဦးကမန်းဒူနော်(တစည)၊ ဦးအောင်နိုင်(ပြည်ခိုင်ဖြိုး)၊ ဦးစိုင်းမောင်ရွှေ(ကျားဖြူ)၊ ဦးခင်မောင်ထွန်း(ပြည်ခိုင်ဖြိုး)၊ ဒေါ်ဖောင်ရမ်ဘောက်ဂျာ(ပြည်ခိုင်ြဖိုး) နှင့် လွှတ်တော်ပြင်ပမှ ဗိုလ်မှူးကြီး သန်းအောင် နှင့် ဦးအင်ခန်တူးဂျာ တို့ပါ၀င်ကြသည်။

အဆိုပါ ဝန်ကြီးများသည် စစ်အစိုးရလူများ ဖြစ်သဖြင့် ကချင်လူမျိုးများအတွက် မျှော်လင့်ချက်မရှိဟု ဦးအောင်ဝါမှ ဆက်ပြောသည်။

“ကျန်တဲ့ ဝန်ကြီးတွေလည်း ကြံ့ခိုင်ရေးတွေပဲ၊ ကချင်လူမျိုးတွေကတော့ သူတို့ကို သိပ်တော့ မမျှော်လင့်ပါဘူး၊ သူတို့ကတော့ စိန်ခေါ်ထားတယ်၊ ရေကာတာ တည်ဆောက်မှုတွေ ရပ်တန့်ပေးမယ်ပေ့ါ။ လုပ်နိုင် လာနိုင်မလားတော့ စောင့်ကြည့်ရမယ်။”

တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ အဖြစ် ဦးပါ(ခ)ဦးခင်မောင်ဆွေ(ဗမာ)၊ ဦးအားဆီ(လီဆူ)၊ ဒေါ်ခင်ပြံုးရီ(ရှမ်း)၊ ဦးဂွမ်ရိန်ဒီး(ရဝမ်)တို့ နှင့် ပြည်နယ်လွှတ်တော်ဥပဒေချုပ် အဖြစ် ဒေါ်မေရီမီနန် တို့ကို ခန့်အပ်ထားသည်။

ကချင်ပြည်နယ်၌ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု၊ ဘိန်းမူးယစ်ဆေးဝါး စိုက်ပျိုးသုံးစွဲမှုများရှိေနသည်။ ပြည်နယ်အစိုးရသစ် အနေဖြင့် ယင်းကိစ္စများကို ဖြေရှင်းပေးရန် ကချင်လူထုမှ လိုလားနေသည်။

Most read this week