ဇေကမ္ဘာဦးခင်ရွှေ အမတ်များကို ဒုတိယအကြိမ် ဧည့်ခံ

ဇေကမ္ဘာဦးခင်ရွှေ အမတ်များကို ဒုတိယအကြိမ် ဧည့်ခံ
by -
ကိုဝိုင်း

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြည်ထောင်စုလွှတ်တော် အမတ်များအတွက် ဒုတိယအကြိမ်မြောက် ဧည့်ခံပွဲကို အင်္ဂါနေ့ညက ပြုလုပ်ပေးခဲ့သည်။ ...

ချင်းမိုင် (မဇ္စျိမ) ။      ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ပြည်ထောင်စုလွှတ်တော် အမတ်များအတွက် ဒုတိယအကြိမ်မြောက် ဧည့်ခံပွဲကို အင်္ဂါနေ့ညက ပြုလုပ်ပေးခဲ့သည်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီအမတ် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ (ဓါတ်ပုံ မဇ္စျိမ)“ပါတီပေါင်းစုံမှ တိုင်းရင်းသားတွေအတွက် နှုတ်ဆက် ညစာစားပွဲ” ဟု ခေါင်းစည်းတပ်ထားသည့် ဧည့်ခံပွဲကို နေပြည်တော် Mount Pleasant ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွင် ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး အဆိုကျော် ရ ဦး၏ ဖျော်ဖြေပွဲပါ ထည့်သွင်းပေးခဲ့သည်။

အတိုက်အခံ ပါတီများမှ အမတ်များအပါအဝင် အမတ်ပေါင်း ၁၀၀ ခန့် ဧည့်ခံပွဲကို တက်ရောက်ခဲ့သည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဦးခင်ရွှေကလုပ်ခဲ့သော ဧည့်ခံပွဲထက် တက်ရောက်သူ ပိုမိုလာခြင်း ဖြစ်သည်။

ဧည့်ခံပွဲတွင် အကောင်းစား ဝီစကီ၊ ဘီယာနှင့် ဝိုင်တို့ပါဝင်ပြီး “စိတ်ကြိုက်” သောက်၍ ရကြောင်း၊ အစားအသောက်ကို “ကိုယ်တိုင်ယူစား” စနစ်ဖြင့် ဆန္ဒရှိရာစားနိုင်သည်ဟု သိရသည်။ လူတယောက်ကို ကျပ် ၃ သောင်းနှုန်းအထိ ကုန်ကျဖွယ်ရှိသည်ဟု အမတ်များက ခန့်မှန်းသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင်လည်း နေ့လည် ၁ နာရီခန့်တွင် ပြည်ထောင်စု လွှတ်တော်ခန်းမ၌ နာယက ဦးခင်အောင်မြင့်က နေ့လည်စာဖြင့် တည်ခင်းခဲ့သေးသည်။

လွှတ်တော်အစည်းအဝေးများ ရပ်နားမည်ဖြစ်သဖြင့် ဌာနေပြန်စရိတ်အဖြစ် အမတ်များကို တဦးလျင် ၃ သိန်း ၄ သောင်းနှင့် ဒေသအလိုက် ခရီးစရိတ်များ ထုတ်ပေးထားသည်။