စီးပွားရေး ပိတ်ဆို့တာရဲ့ အပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အမြင်

စီးပွားရေး ပိတ်ဆို့တာရဲ့ အပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အမြင်
by -
နော်အဲဏီ

ရွေးကောက်ပွဲမှာ ပါ၀င်ခဲ့ကြတဲ့ ပြည်တွင်း နိုင်ငံရေး ပါတီတွေက စီးပွားရေးပိတ်ဆို့မှုကို မလုပ်ဖို့ လွတ်တော် အတွင်းမှာ တောင်းဆိုခဲ့ကြပါတယ်။ သူတို့အနေနဲ့ကတော့ ပိတ်ဆို့မှုဟာ အပြောင်းအလဲအတွက် မထိရောက်ဘူး လို့ ဆိုပါတယ်။ ...

 ရွေးကောက်ပွဲမှာ ပါ၀င်ခဲ့ကြတဲ့ ပြည်တွင်း နိုင်ငံရေး ပါတီတွေက စီးပွားရေးပိတ်ဆို့မှုကို မလုပ်ဖို့ လွတ်တော် အတွင်းမှာ တောင်းဆိုခဲ့ကြပါတယ်။ သူတို့အနေနဲ့ကတော့ ပိတ်ဆို့မှုဟာ အပြောင်းအလဲအတွက် မထိရောက်ဘူး လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှုမရှိတာကြောင့် ပိတ်ဆို့ မှု တွေ ဆက်ထားသင့်တယ်လို့ သုံးသပ်ထားပါတယ်။

အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့တာဟာ လောလောဆယ်မှာတော့ မထိရောက်ဘူးလို့ ကရင်အမျိုး သားအစည်းအရုံး တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောပါတယ်။

“လောလောဆယ်မှာကတော့ ဒီလိုပိတ်ဆို့မှုပုံစံမျိုးနဲ့ကတော့ မထိရောက်ပါဘူး။ ချိန်းခြောက်မှုတစ်ခုလောက် သတိပေးမှုတစ်ခုလောက်နဲ့ပဲ သွားတာပါပဲ။ တစ်ဘက်ကလည်း ဒီအပေါ်မှာကတော့ တကယ်တမ်း သူ့အပေါ်ထိ ပေမယ့်လည်း မထိချင်ယောင်ဆောင်ပြီးတော့ တစ်ဖက်ကနေလှည့်ပြီး ဒီ(sanction)တွေဖွင့်အောင် သူကလည်းနည်းအမျိုးမျိုးနဲ့ ဆက်ပြီးစည်းရုံးနေတာပါပဲ။ ဒီပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ရှိရင် ဒါက အဘက်ဘက်ကနေပြီးတော့ မျှော်လင့်တန်ဖိုးထားမှုတွေ မတူကြတဲ့အပေါ်မှာကတော့ ဒါဟာသဘောထား ကွဲလွဲတာပါပဲ။”

စီးပွားရေးပိတ်ဆို့မှုဟာ တဖြည်းဖြည်းချင်းနဲ့ မြန်မာအစိုးရကိုပြောင်းလဲလာအောင် လုပ်နိုင်ပေမယ့် စီးပွားရေးက နိုင်ငံရေးအပေါ်မှာ အများကြီးဖိနေတဲ့အတွက် အပြီးအပိုင်ပြောင်းလဲလာအောင်တော့ မလုပ်နိုင်ဘူးလို့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ လွတ်မြောက်နယ်မြေ အတွင်းရေးမှူး နိုင်ဥသာက ဆိုပါတယ်။

“ဒီစစ်အစိုးရအတွက်က ဒီစီးပွားရေးပိတ်ဆို့မှုဟာ  လုပ်ရမှာပေါ့။ တကယ်လို့ဖွင့်ပေး လိုက်လို့ရှိရင်လည်း ပြည်သူအတွက်က အကျိုးမရှိပါဘူး၊ သူတို့ဆက်လက်ပြီးတော့ ဖိနှိပ်ဖို့၊ ချုပ်ချယ်ဖို့ သက်တမ်းရှည်သွားမယ်၊ ပိုပြီးတော့ အားကောင်းသွားမှာပေါ့၊ ကျနော့်အနေနဲ့ မှတ်ချက်ပေးမယ်ဆို ရင်တော့ ဒီအတိုင်းဘဲပိုနေမြဲ ကျားနေမြဲသာနေပါ၊ သူတို့လုပ်နိုင်ရင်လုပ်ပါစေ”

အနောက်နိုင်ငံတွေရဲ့မြန်မာစစ်အစိုးရအပေါ်စီးပွားရေးပိတ်ဆို့မှုဟာ နိုင်ငံရေးမျက်စိနဲ့ကြည့်ရင်တော့ နိုင်ငံရေးလက်နက် ဖြစ်တဲ့အတွက် မြန်မာပြည်အတွက် အကျိုးရှိတယ်လို့ ပအို့ဝ်အမျိုးသား လွတ်လပ်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

Most read this week