ကရင်နီပြည်နယ် တောကျသည့် ကျေးရွာများ၌ တီဘီရောဂါ အဖြစ်များ

ကရင်နီပြည်နယ် တောကျသည့် ကျေးရွာများ၌ တီဘီရောဂါ အဖြစ်များ
by -
နှောင်းလှိုင်

ကရင်နီပြည်နယ်ရှိ မြို့နယ် ၅ ခုမှ တောကျသည့် ကျေးရွာများ၌ နေထိုင်သော လူထုများသည် ဆေးဝါး ကုသခံယူမှု နည်းပါးသည့်အတွက် တီဘီ ခေါ် အဆုတ်ရောဂါ ကူးစက်ခံရသူ များပြားနေရကြောင်း ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့က ပြောသည်။ ...

ကရင်နီပြည်နယ်ရှိ မြို့နယ် ၅ ခုမှ တောကျသည့် ကျေးရွာများ၌ နေထိုင်သော လူထုများသည် ဆေးဝါး ကုသခံယူမှု နည်းပါးသည့်အတွက် တီဘီ ခေါ် အဆုတ်ရောဂါ ကူးစက်ခံရသူ များပြားနေရကြောင်း ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့က ပြောသည်။

ကရင်နီပြည်နယ် အလယ်ပိုင်းဒေသမှ ကျေးရွာတရွာ ဓါတ်ပုံ -  KSWDCလွိုင်ကော်မြို့နယ်တွင် တီဘီရောဂါပိုးရှိသူ ရ ဦး၊ ရှားတောမြို့နယ်တွင် ၁၃ ဦး၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀ ဦး၊ ဖရူဆိုမြို့နယ်တွင် ၁၁ ဦး၊ ဖာဆောင်းမြို့နယ်တွင် ၁၇ ဦးနှင့် ထိုမြို့နယ်အားလုံးထဲတွင် တီဘီရောဂါပိုး ရှိသည်ဟု သံသယရှိသူ ၃၁ ဦးတို့ကို တွေ့ရှိထားကြောင်း ကရင်နီနယ်လှည့် ကျန်းမာရေးအဖွဲ့ တာဝန်ခံ ခူဒယ်နီယာက ပြောသည်။

“ကျန်းမာရေး ကုသမှု တောရွာမှာတော့ တော်တော်လေး အခက်အခဲ ဖြစ်တယ်။ သူတို့ တကယ်ဆိုးဆိုးဝါးဝါး ခံစားမှသာလျှင် သူတို့ ဆေးခန်းသွားကြတယ်လေ။ ဘယ်သူမှ သူ့ကို ပြုစုမယ့်လူ မရှိဘူး။ တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ဒီကလူတွေ ရောက်မှသာ သူတို့က ဆေးမှူးတွေနဲ့ တွေ့တယ်။ သူ့ဟာသူ နေလို့ရှိရင် နည်းနည်းပါးပါး ဖြစ်ရင်တော့ သူ့ဟာသူ အဲလိုမျိုးပဲ ကြိတ်မှိတ်ခံစားရတာပေါ့” ဟု ခူဒယ်နီယာယ်က ပြောသည်။

သို့သော် ဘောလခဲနှင့် ဖာဆောင်းမြို့နယ်တို့တွင် တီဘီရောဂါ ကူးစက်ခံရသော လူထု၏ အရေအတွက်နှင့် ပတ်သက်၍ အတိအကျ မသိရှိရကြောင်း ဆက်ပြောသည်။

ကရင်နီပြည်နယ် ကျေးလက်ဒေသများတွင် အများအားဖြင့် စစ်ဖြစ်ပွားသော နယ်မြေများ ဖြစ်သည့်အပြင် ဆေးပေးခန်းများ မရှိခြင်း၊ ဆေးဝါးပစ္စည်းများ ရရှိရန် ခက်ခဲခြင်းကြောင့် လူထုများမှာ တီဘီရောဂါ အဖြစ်များရခြင်း ဖြစ်သည်ဟု ဆိုသည်။

“နယ်လှည့်ကျန်းမာရေးအဖွဲ့တွေက သွားလိုက်လာလိုက် နောက် သူတို့ကို ဆေးကုသလိုက်၊ နောက်ပြီးတော့ ထွက်သွားလိုက် ဆိုတော့ ပုံမှန်အမြဲတမ်း ဆေးခန်း၊ ဆေးရုံ ရှိသလိုမျိုး မဟုတ်ဘူးပေါ့။ အဲဒါကြောင့် သူတို့က ဒီလိုရောဂါတွေ စွဲကပ်တာ များတယ်။ သက်သာရုံလောက်ပဲ ရှိတာပေါ့။ ပျောက်ကင်းသွားတာမျိုး မဟုတ်ဘူးလေ” ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာန KSWDC ဒါရိုက်တာ ဖဲဘူးက ပြောသည်။

တီဘီရောဂါသည် အဆုတ်တီဘီနှင့် ပြင်ပအဆုတ်တီဘီ ဟူ၍ အမျိုးအစား နှစ်မျိုး ရှိကြောင်း၊ အဆုတ်တီဘီသည် မောပမ်းခြင်း၊ ညအိမ်ရာဝင်ချိန်တွင် ချွေးထွက်ခြင်း၊ ချောင်းဆိုးပါက သွေးပါတတ်ခြင်းနှင့် အစားသောက်ပျက်ခြင်းတို့ကို ဖြစ်စေတတ်ပြီး ပြင်ပအဆုတ်တီဘီမှာ ဦးဏှောဏ်အမြှေးပါး၊ ကျောရိုး၊ လက်ရိုး၊ ခြေရိုးနှင့် လည်ပင်းတို့တွင် အကြိတ်အဖုများ ထွက်စေတတ်သည်ဟု ကျန်းမာရေး ပညာပေး အစီအစဉ်တို့မှတဆင့် သိရှိရသည်။

“ချောင်းဆိုးတာက နှစ်ပတ် သုံးပတ် အဲလောက်ဆိုရင် သူက ပျောက်သွားရမယ် အဲလို မပျောက်ပဲနဲ့ ချောင်းအကြာကြီး ဆိုးနေမယ်ဆိုရင် အဲဒါဟာလည်း တီဘီရောဂါလို့ သံသယ ရှိနိုင်တဲ့ လက္ခဏာပေါ့လေ။ အဲတော့ အဲလိုမျိုးတွေနဲ့ စပြီးတော့ နောက်ပိုင်း သလိပ် စစ်ကြည့်တဲ့အခါမှာ သလိပ်ထဲမှာ တီဘီရောဂါပိုးတွေ တွေ့တယ် ဆိုရင်တော့ ဒါဟာ အတည်ပြုရတာပေါ့လေ” ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်းမှ ဒေါက်တာ သီဟမောင်က ပြောပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီရောဂါ ကူးစက်ပျံ့နှံ့မှု အများဆုံး ၂၂ နိုင်ငံထဲတွင် ပါ၀င်ပြီး နောက်ဆုံး ကောက်ယူရရှိထားသော စစ်တမ်းများအရ တီဘီရောဂါပိုး ရှိနေသူပေါင်း ၃၀၀၀၀၀ ရှိနေကြောင်း၊ ယင်းအထဲက ၃၀ ရာခိုင်နှုန်းကျော်ကို စစ်ဆေးဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေကြောင်း ပြီးခဲ့သည့် ၂၄ ရက်နေ့က ကျရောက်သော ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုသည်။

Most read this week