ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နန့်စန်မြို့နယ် အတွင်းရှိ ရှမ်းပြည် တပ်မတော်ကို စစ်အစိုးရ တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်ဟု ပလောင် အမျိုးသမီး အစည်းအရုံး အထွေထွေ အတွင်းရေးမှူးဖြစ်သူ မနွေးနေနှောင်းက ပြော ...
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နန့်စန်မြို့နယ် အတွင်းရှိ ရှမ်းပြည် တပ်မတော်ကို စစ်အစိုးရ တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်ဟု ပလောင် အမျိုးသမီး အစည်းအရုံး အထွေထွေ အတွင်းရေးမှူးဖြစ်သူ မနွေးနေနှောင်းက ပြောပါသည်။
“မနေ့တုန်းက ဆယ်နာရီလောက်ပေါ့နော်။ ရှမ်းစစ်တပ်နဲ့ နအဖ စစ်တပ်ပေါ့။ မန်လောင်းနဲ့ မန်ငိုင်ကြားပေါ့။ ဒီနန့်စန်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ တိုက်ပွဲဖြစ်တာတော့ နာရီဝက်ကျော်ကျော်ပေါ့။ ရှမ်းစစ်သားဖက်က တော့ တစ်ယောက်တော့ ကျဆုံးသွားတယ်။ နအဖဘက်ကတော့ မသိသေးဘူး ဘယ်လောက်အထိ အကျအဆုံးရှိတယ် ဆိုတော့။ အခုလက်ရှိ အခြေအနေဆိုရင်တော့ ခလရ(၁၃၀) ဒီမန်တုန် တပ်ရင်းတွေကလဲ တိုက်ပွဲတွေ ထိုးစစ်ဆင်ဖို့ကလဲ လမ်းတွေ အကုန်လုံး စောင့်ထားတယ် အဲဒီလိုမျိုး။
ထို့အပြင် အဆိုပါ ထိုးစစ်ဆင်မှုတွင် ဒေသခံများ၏ မော်တော်ယာဉ်များကိုလဲ အတင်းအဓမ္မ ချောဆွဲခဲ့ သည်ဟု မနွေးနေနှောင်းက ပြောပါသည်။
“နောင်ချိုစစ်တပ်တွေကလဲ အင်အား (၅၀)လောက်မနေ့တုန်းက စစ်ကားနဲ့သူတို့ဒီနန်းစန်ကို ချီတက်လာတယ်။ သူတို့နန်းစန်ကိုရောက်တော့ သူတို့က သွားချင်တဲ့နေရာကိုပေါ့နော်။ မန်မိုင် မန်ကွိုင်အထိ အဲဒီလိုမျိုး ကျေးရွာတွေကို သူတို့သွားဖို့ ရှိတဲ့ကားသမားတွေကို အကုန်လုံးသူတို့ဆွဲခေါ်ပြီးတော့မှ ပေါ်တာဆွဲခေါ်တာပေါ့။”
ယခုလို တိုက်ပွဲတွေ ပြင်းထန်လာသည့်အတွက် ဒေသခံ ပြည်သူတွေအနေနှင့် နေရပ်ဒေသကို စွန့်ခွါ တိမ်းရှောင်နေရသည်ဟု ပလောင် အမျိုးသမီး အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး မနွေးနေနှောင်းက ပြောပါ သည်။
“ဒီစစ်ပွဲဖြစ်တဲ့တောအတွင်းမှာ အခုအချိန်ဟာရွှေဖီ(လက်ဖက်ရွက်နု)အချိန်ဖြစ်နေတယ်။ လက်ဖက်လဲ အရမ်းပေါနေပြီး။ သူတို့က လက်ဖက်ခြံမှာ သွားအိပ်ကြတယ်။ ဒီမန်လောင်းနဲ့မန်ငိုင်ကြားမှာ သူတို့စစ်ပွဲတွေဖြစ် တော့ ဒီရွာသားတွေဟာ လက်ဖက်ခြံမှာမအိပ်ရဲကြဘူး။ လက်ဖက်လဲမခူးရဲကြဘူး။ သူတို့ဒီစစ်ဘေးတွေကို အကုန်လုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်သူတို့က။”
မတ်ချ်လဆန်းမှစပြီး ရှမ်းပြည်နယ်အတွင်းမှာ၌ မြန်မာစစ်အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွါးလာခဲ့သည်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ၏ ထုတ်ပြန်ကျေညာချက်ထဲတွင်ဖေါ်ပြထားပါသည်။
မြန်မာစစ်အစိုးရတပ်နေနှင့်လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်မှုတွေပြုနေသလို တပ်အင်အားကိုလဲ တိုးမြင့်ပြီးချထားသည်ဟုဒေသခံများကပြောပါသည်။ ရှမ်းပြည်တိုးတက်ရေးပါတီသည် အပစ်ခတ်ရပ်ဆဲ ပြီးနောက်ပိုင်း (၁၉၉၆)ခုနှစ်တွင်ကျင်းပခဲ့သည့်အမျိုးသားညီလာခံတွင်ပါ၀င်ခဲ့သည့်အဖွဲ့တစ်ခုဖြစ်ပါသည်။