အာဆီယံ ညီလာခံ တက်ရေးအဆို လွှတ်တော်သစ်တွင် အတည်ပြု

အာဆီယံ ညီလာခံ တက်ရေးအဆို လွှတ်တော်သစ်တွင် အတည်ပြု
by -
မျိုးသန့်

အရှေ့တောင်အာရှ လွှတ်တော်အမတ်များ အစည်းဝေးသို့ ၂ဝ၁ဝ လွှတ်တော်အမတ်များ တက်ရောက်ခွင့်ရရေး အဆိုကို တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ကြောင်း လွှတ်တော်အမတ်များက ပြောသည်။..

ချင်းမိုင် (မဇ္စျိမ) ။ ။ အရှေ့တောင်အာရှ လွှတ်တော်အမတ်များ အစည်းဝေးသို့ ၂ဝ၁ဝ လွှတ်တော်အမတ်များ တက်ရောက်ခွင့်ရရေး အဆိုကို တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ကြောင်း လွှတ်တော်အမတ်များက ပြောသည်။

aipa

“အာဆီယံ အမတ်များညီလာခံ (ASEAN Inter-Parliamentary Assembly) အဲဒါကို တရားဝင်ပါဝင်ရေး ပြည်ထောင်စု လွှတ်တော်၏ သဘောထားရယူခြင်းဆိုပြီးတော့ နာယက ကနေ တောင်းတာ၊ မြန်မာပြည်တခုထဲ လွှတ်တော်မရှိသေးလို့ပေါ့လေ၊ တခြားနိုင်ငံတွေ ဝင်ထားပြီးပြီပေါ့။ အဲဒါဝင်ဖို့ လွှတ်တော်က သဘောတူသလားပေါ့၊ သဘောတူပါတယ် ဆိုတာနဲ့ ပြီးသွားတာပေါ့” ဟု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီမှ ဦးခိုင်မောင်ရည်က ပြောသည်။

အရှေ့တောင်အာရှနိုင်ငံ လွှတ်တော်အမတ်များညီလာခံ (ASEAN Inter-Parliamentary Assembly) တွင် မြန်မာလွှတ်တော်အမတ်များ တက်ရောက်ခွင့်ရရေး အဆိုသည် သောကြာနေ့တွင် လွှတ်တော်အမတ်များ ရရှိထားသည့် တနင်္လာနေ့ လွှတ်တော်အစည်းအဝေး အစီအစဉ်တွင် မပါဘဲ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ယနေ့မှ ထိုအဆိုကို တင်သွင်းခဲ့သည်။

တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်း ဒိုက်ဦး ကြံ့ဖွံ့အမတ် ဦးမင်းဆွေက ပဲခူးတိုင်းအတွင်း ဆည်ရေသောက် စနစ်များ ဆက်လက်အကောင်အထည်ဖော်ရန် ရှိမရှိ မေးခွန်းကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူးဟောင်း ဦးဌေးဦးက ပြန်လည် ဖြေကြားခဲ့သည်။

မေးသည့်သူက ကြံ့ဖွံ့အမတ်ဖြစ်ပြီး ဖြေသည့်သူကလည်း ကြံ့ဖွံ့ခေါင်းဆောင်ဖြစ်ခဲ့ခြင်းကြောင့် လွှတ်တော်အစည်းအဝေးသည် မိသားစုဆွေးနွေးပွဲသဖွယ် ဖြစ်နေကြောင်း အမည်မဖော်လိုသူ လွှတ်တော်အမတ်တဦးက ဝေဖန်သည်။

“ဖြေသွားတဲ့ အဖြေကတော့ လုပ်ပေးနေပါတယ်ဆိုတဲ့ဟာပဲ ဖြေသွားတယ်။ ထုံးစံအတိုင်း သူတို့ ဆောင်ရွက်ထားတဲ့ဟာတွေကို တန်းစီပြီးတော့ နာရီဝက်လောက် ပြောသွားတယ်။ ဦးမင်းဆွေ ( ဒိုက်ဦး) က ကြံ့ဖွံ့အသင်းဝင် ဦးဌေးဦးကလဲ ကြံ့ဖွံ့အတွင်းရေးမှူးဆိုတော့ သူ့အဖေနဲ့ သူ့သား စကားပြောသွားကြတာပေါ့ဗျာ” ဟု သူက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒေါက်တာ အေးမောင်၏ နိုင်ငံတော်အတွင်း ကြက်ငှက်ရောဂါ ဖြစ်ပွားခြင်းကြောင့် မွေးမြူရေးသမားများ နစ်နာခြင်းအတွက် လျော်ကြေးပေးရေးအဆိုကို ကန့်ကွက်သူ ၃ ဦးနှင့် ထောက်ခံသူ ၂ ဦးရှိခဲ့သည်။

ဒေါက်တာအေးမောင်အဆိုကို နောက်လာမည့် အစိုးရလက်ထက်တွင် ထပ်မံဆောင်ရွက်ရန် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က ထပ်မံဆောင်ရွက်ရန် မရှိကြောင်း ဆုံးဖြတ်ခဲ့သည်ဟုလည်း လွှတ်တော်အမတ်တဦးက ပြောသည်။

အခြားအဆိုတခုဖြစ်သည့် ရွှေ့ပြောင်းအလုပ်သမားများအရေး သင့်တော်သည့် ဌာနတခု သတ်မှတ်ပေးရေး အဆိုကို ထောက်ခံဆွေးနွေးသူ တယောက်ရှိပြီး ကန့်ကွက် ဆွေးနွေးသူ ၂ ယောက်ရှိခဲ့သည်။ ယင်းနောက် အဆိုတင်သွင်းသူ ဒေါက်တာ မြတ်ဉာဏစိုးက သူ့အဆိုကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

အင်္ဂါနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာ မြတ်ဉာဏစိုး၏ အဆို ၃ ခု ဆွေးနွေးမည် ဖြစ်သည်။

ထိုအဆိုများမှာ လွှတ်တော်ကြီး ၃ ရပ် ပေါ်ထွန်းလာသည်နှင့်အတူ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံရသည့် ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့အား ဥပဒေပြု လုပ်ငန်းများအတွက် ဦးဆောင်လမ်းညွှန်ကာ တာဝန် ထမ်းဆောင်နေကြသည်ကို အထူးပင် ဝမ်းမြောက်ကြောင်း အဆို၊ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများကို ဆန္ဒပြု ရွေးချယ်တင်မြောက်ခဲ့သည့် နိုင်ငံတော် အုပ်ချုပ်ရေး လုပ်ငန်းအတွက် ပြည်သူပြည်သားအပေါင်းအား စောင့်ရှောက်သွားမည့်အတွက် အထူးပင် ဝမ်းသာကြောင်းအဆို၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းကို အထူးပင် ဝမ်းသာကြောင်းအဆိုများ ဖြစ်သည်။

အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်တွင် တောင်သူလယ်သမားများ ပိုးသတ်ဆေး သုံးစွဲမှုနှင့် ပတ်သက်သည့်မေးခွန်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့်မေးခွန်း၊ နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်ရေးနှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းကြမည်ဟု လွှတ််တော်အမတ်များထံမှ စုံစမ်းသိရသည်။

Most read this week