စာပေစိစစ်ရေး မူသစ် ကျင့်သုံးမည်

စာပေစိစစ်ရေး မူသစ် ကျင့်သုံးမည်
by -
ဖနိဒါ

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ပုံနှိပ်ထုတ်ဝေရေးမူဝါဒကို လာမည့် အစိုးရသစ် လက်ထက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အဆင့်လိုက် လျှော့ပေးသွားရန် ရှိသည် ...

ချင်းမိုင်(မဇ္စျိမ)။        ။ မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ပုံနှိပ်ထုတ်ဝေရေးမူဝါဒကို လာမည့် အစိုးရသစ် လက်ထက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ အဆင့်လိုက် လျှော့ပေးသွားရန် ရှိသည်ဟု စာပေစိစစ်ရေးဌာန တာဝန်ခံ ဦးတင့်ဆွေက ပြောကြောင်း ဖလားဝါးနယူးစ် ဂျာနယ်တွင် ဖော်ပြထားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နဲ့အညီ လက်ရှိတင်းကျပ်ထားတဲ့ ပုံနှိပ်ထုတ်ဝေမူ ဝါဒတွေကို အဆင့်လိုက် ဖြေလျှော့ လိုက်လျောသွားမှာပါ၊ အခု လိုက်လျောမှု ပြုလိုက်တဲ့အဆင့်ကိုလဲ အစိုးရသစ်က စပြီးလုပ်ပါတော့ ဆိုတဲ့နေ့မှာ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှုတွေပါ ပါလာမယ်ဆိုတာ အထူးဂရုပြုရမှာဖြစ်ပါတယ်”ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုညွန်ကြားရေးမှူးချုပ်၊ စာပေစိစစ်ရေးဌာန တာဝန်ခံ ဦးတင့်ဆွေ၏ ပြောစကားကိုလည်း ဖော်ပြထားသည်။

စာပေစိစစ်ရေးတင်ရန် မလိုတော့ဘဲ တည်းဖြတ်ထုတ်ဝေသူများ လိုက်နာ ကျင့်သုံးရမည့် စံသဘောမျိုး သက်ဝင်သွားမည်ဟုလည်း ပြောဆိုထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄(က)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ လုံခြံုရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ့်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိကြောင်း ဖော်ပြထားသည်။

ထိုပြင် တိုင်းရင်းသားလူမျိုးတမျိုးနှင့် တမျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြား ဘာသာသနာကို လည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စာပေကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ပါရှိသည်။

ဂျာနယ်နှင့် မဂ္ဂ္ဂဇင်းများမှ အားကစား၊ အနုပညာ၊ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ စသည့် အမျိုးအစားများနှင့် ဂျာနယ်ပေါင်း ၁၇၂ စောင်ထဲမှ ၈၄ စောင်၊ မဂ္ဂ္ဂဇင်း ၁၈၄ စောင်မှ ၁၁၃ စောင်ကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ စာမူကြမ်းများ ကြိုတင် မစိစစ်ဘဲ ထုတ်ဝေခွင့်ရတော့မည် ဖြစ်သည်။

ထို့ပြင် အထွေထွေ ထုတ်ဝေခွင့်ဖြစ်သော စာမူများ၊ လုံးချင်းဝတ္ထုများ၊ ပုံပြင်နှင့် ရုပ်ပြစာအုပ်များကိုလည်း ကြိုတင်စိစစ်ရေး တင်စရာမလိုတော့ကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ပြီးခဲ့သည့် အပတ်က ပြောသည်ဟု ဆိုသည်။

သို့သော် ပုံနှိပ်ပြီးစာစောင်နှင့် စာအုပ်များကိုမူ စာပေစိစစ်ရေးသို့ တင်ပြရမည် ဖြစ်ပြီး ထုတ်ဝေသူ၊ ပုံနှိပ်သူများသည် တရားဝင်မှတ်ပုံတင်ရရှိထားကြသူများဖြစ်ရန် လိုပြီး ထုတ်ဝေသူနှင့် ပုံနှိပ်သူများအကြား လုပ်ငန်းအပ်နှံမှု စာချုပ်များ ချုပ်ဆိုထားရန် လိုအပ်သည်ဟု သိရသည်။

စာပေစိစစ်ရေးက နိုင်ငံရေး သတင်းဂျာနယ်များကိုလည်း တဆင့်ပြီးတဆင့် ထုတ်ဝေခွင့် ပြုလာနိုင်သည်ဟု မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအတွင်းရေးမှူး ကိုကို(စက်မှုတက္ကသိုလ်)က သုံးသပ်ပြောဆိုသည်။

“လူတွေက စာပေစိစစ်ရေး မတင်ချင်ဘူး။ မဖြတ်ချင်ဘူးလို့ ပြောနေကြတာကိုး။ ဒါတွေ စဖြစ်တယ်ဆိုတော့ ဝမ်းသာစရာ ကြိုရမှာဖြစ်တယ်။ အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲကြီးတခုပေါ့။ ဒါပေမဲ့ သတင်းဂျာနယ်နဲ့ စီးပွားရေးဂျာနယ်တွေ မပါသေးဘူး။ ဂျာနယ်တွေလဲ တချိန်ချိန်တော့ ဒီအခွင့်အရေးရလိမ့်မယ်လို့ ထင်ပါတယ်”

စာပေစိစစ်ရေးထံ ပထမဆုံး တင်ပြပြီး စိစစ်တည်းဖြတ်ပြီးမှ ထုတ်ဝေကြပြီး မူဝါဒသစ် ဖြစ်ပေါ်ပြောင်းလဲလာပါက လုပ်ငန်းစဉ် ပိုမို လျင်မြန်လာမည် ဖြစ်ပြီး အစိုးရ သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာရမည်ဟု ပေါ်ပြူလာဂျာနယ် အယ်ဒီတာ ဟိန်းလတ်က ပြောသည်။

ပြည်တွင်းသတင်းဂျာနယ်များနှင့် နိုင်ငံရေး စာစောင်များအနေဖြင့် အစိုးရသစ်က ဥပဒေ မပြဋ္ဌာန်းမချင်း စာမူ မူကြမ်းများကို စာပေစိစစ်ရေးတင်ပြရမည် ဖြစ်သည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီက စစ်အာဏာသိမ်းအပြီး သြဂုတ်လတွင် ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေ (Printers and Publishers Registration Law) ကို ပြဋ္ဌာန်းလိုက်ခဲ့ရာ ထိုဥပဒေအပါအဝင် ကိုလိုနီခေတ်၊ အိမ်စောင့်အစိုးရခေတ် စာပေတည်းဖြတ်မှုဥပဒေများ ယနေ့ထိ အသက်ဝင်ဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး ခွင့်ပြုချက်မရဘဲ သတင်းများ ထုတ်ပြန်ပါက ဂျာနယ်များကို ၂ ပတ်မှ ၁ လထိ ထုတ်ဝေခွင့် ရပ်ဆိုင်းမှုများ ရှိခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း လွယ်မွေကို ဗဟိုပြုလှုပ်ခဲ့သော ငလျင်ကြောင့် ကြီးကြီးမားမား ပျက်စီးနေသော ဓာတ်ပုံများကို ဖော်ပြခွင့် မပြုသည့်အပြင် သေဆုံးသူ စာရင်းများကိုလည်း အစိုးရပိုင်သတင်းစာပါ စာရင်းအတိုင်းသာ ထည့်ခွင့် ပြုသည်ဟု အယ်ဒီတာတဦးက ပြောသည်။

“လူအသေအပျောက်တွေက သတင်းစာအတိုင်းဘဲ သုံးရတာပေါ့။ အပျက်အစီး ကြီးကြီးမားမားတွေ ပြလို့ မရဘူး။ အဲဒီသတင်းစာထက် ပိုဆိုးတဲ့ ပုံတွေ မရဘူး၊ တင်တာ ၁၅ ပုံလောက်တင်ရင် ၃ ပုံ၊ ၄ ပုံလောက်ဘဲ ရတယ်။ လူအသေအပျောက် အတိအကျ စာရင်းတွေ၊ ဒေသခံတွေ ပြောတာတွေ မရဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

စစ်အစိုးရပိုင် သတင်းစာတွင် သေဆုံးသူ ရ၄ ဦးရှိသည်ဟု ဖော်ပြထားသော်လည်း ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများမှ သိရသော စာရင်းအရ သေဆုံးသူ ၁၅ဝ ခန့်ရှိမည်ဟု သိရသည်။

ယခုလ ၆၆ နှစ်ပြည့် တပ်မတော်နေ့ မတ်လ ၂၇ နေ့တွင် စစ်တပ်က  မြဝတီ သတင်းစာသစ်ကို ဆေးရောင်စုံထုတ်ရန် စီစဉ်ထားသော်လည်း လာမည့် ဧပြီလတွင်မှ စတင်ထုတ်ဝေမည် ဖြစ်ကြောင်း မြဝတီသတင်းစာတိုက် ရုံးခွဲ တာဝန်ခံ ဦးဇော်လှိုင်မြင့်က ပြောသည်။

“အဲဒါက ထွက်တယ်။ စမ်းသပ်ရိုက်တုန်းဆိုတော့ မဖြန့်သေးတာ။ အဆင်သင့်မဖြစ်သေးလို့။ ထုတ်တာကို လူကြီးတွေကို တင်ပြတုန်းဘဲ။ မေလထိတော့ မဖြစ်လောက်ဘူး။ လာမည့် ၄ လပိုင်းတော့ ဖြစ်နိုင်ပါတယ်၊ နောက်ဆုတ်တယ်ဆိုတာ မပြောဘူးဗျ”ဟု သူက မဇ္စျိမကို ပြောသည်။

မည်သည့်အတွက်ကြောင့် ရွှေ့ဆိုင်းသည်ကို ပြောဆိုရန် ငြင်းဆိုသည်။ သို့သော် စာမူများ အဆင်သင့် မဖြစ်ခြင်းကြောင့်ဟု သူက ဆိုသည်။ ရန်ကုန်သတင်းစာဆရာကြီးများသို့ ယခုလ ၂၇ ရက်နေ့ ထုတ်ရန်အတွက် စာမူများပေးပို့ရန် တောင်းခံခဲ့သည်။

Most read this week