မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ကျေးရွာတခုတွင် နေထိုင်ကြသော မြန်မာနိုင်ငံမှ ပြောင်းရွေ့လာသူ မိသားစု ၂၀ ကျော်အား ၄င်းတို့၏နေရပ်ရွာမှ ထွက်ခွာကြရန် ဒေသအာဏာပိုင်များက အမိန့်ပေး ...
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ကျေးရွာတခုတွင် နေထိုင်ကြသော မြန်မာနိုင်ငံမှ ပြောင်းရွေ့လာသူ မိသားစု ၂၀ ကျော်အား ၄င်းတို့၏နေရပ်ရွာမှ ထွက်ခွာကြရန် ဒေသအာဏာပိုင်များက အမိန့်ပေးထားကြောင်း သိရသည်။
ကျန်ဖိုင်းခရိုင်အတွင်း ဗာဖိုင်းကျေးရွာအုပ်စုတွင်တည်ရှိသည့် Phaibawk ကျေးရွာသားများသည် ဗာဖိုင်အုပ်စုမှ ခွဲထွက်ပြီး သီးသန့် မဲဆန္ဒနယ်ထားပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ယင်းကျေးရွာမှ မီဇိုရမ်ပြည်နယ် မဲပေးပိုင်ခွင့် စာရင်း (Electoral Roll ) တွင်မရှိသူ မြန်မာနိုင်ငံသား အိမ်ခြေ ၂၃ (လူဦးရေ ၁၄၃) ကို လာမည့် ဧပြီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ထွက်ခွါ သွားကြရန် ကျန်ဖိုင်းမြို့ Police Officer-in-Charge(O C) က အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
” ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျန်ဖိုင်း OC က ရွာကို လာသွားပြီတော့Election Roll Number မရှိတဲ့ အိမ်ခြေ ၂၃ ခန့်ကို ရွာမှာ မနေဘို့လာပြောသွားတယ်” ဟု မျက်မြင်တဦးက ပြောသည်။
Phaibawk ရွာသည် ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တွင် တည်ရှိသည့်ကျေးရွာဖြစ်ပြီး ရွာသားအများစုမှာ ချင်း ပြည်နယ်ဖလမ်းမြို့နယ်မှပြောင်းရွေ့လာသူများဖြစ်ကြသည်။ ယင်းကျေးရွာမှ အိမ်ခြေ စုစုပေါင်း တဝက်ခန့်သာ မဲပေးပိုင် ခွင့်ရှိကြသည်ဟု သိရသည်။
ယခုကဲ့သို့ မဲဆန္ဒပေးပိုင်ခွင့်မရှိသူ မြန်မာနိုင်ငံသားများကို ရွာတွင် နေထိုင်ခွင့်မပြုသော်လည်း ၄င်းတို့၏ ကျောင်းနေရွယ် သားသမီး ၄၃ ဦးကိုမူ ကျောင်းတက်ခွင့်ပြုထားသည်ဟုသိရသည်။
” မိဘတွေရွာထဲနေခွင့်မရမှတော့ သားသမီးတွေ ကျောင်းနေခွင့်ပြုတာကလက်တွေ့မကျပါဘူး၊ ကျတော်တို့ ဘယ်လို ဆက်လုပ်ကြမယ်မသိတော့ဘူး” ဟုဒေသခံတဦးက ပြောသည်။
မဲပေးပိုင်ခွင့်မရှိကြသည့် မြန်မာနိုင်ငံသားများ၏ နေအိမ်များကို ဗာဖိုင်းကျေးရွာ ဥက္ကဌအဖွဲ့ နှင့် မီဇိုးလူငယ်အသင်း (YMA) တို့က ဖျက်သိမ်းရန်လုပ်သော်လည်း ကျန်ဖိုင်းမြို့ OC က တားမြစ်ထားခြင်းကြောင့် ပြန်လည်လက်လျှော့သွားကြကြောင်း သိရသည်။