KIA တပ်မဟာ ၄ နယ်မြေထဲ မြန်မာစစ်တပ် ၀င်ထွက်လှုပ်ရှားခြင်း သတိပေးထား

KIA တပ်မဟာ ၄ နယ်မြေထဲ မြန်မာစစ်တပ် ၀င်ထွက်လှုပ်ရှားခြင်း သတိပေးထား
by -
KNG

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-North)ကို မြန်မာစစ်တပ်က ထိုးစစ် စတင်ပြီးနောက်တစ်ဆက်တည်း ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထိန်းချုပ်နယ်မြေထဲတွင် မြန်မာစစ်တပ််လှုပ်ရှားမှု ရပ်ရန် ...

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-North)ကို မြန်မာစစ်တပ်က ထိုးစစ် စတင်ပြီးနောက်တစ်ဆက်တည်း ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ထိန်းချုပ်နယ်မြေထဲတွင် မြန်မာစစ်တပ််လှုပ်ရှားမှု ရပ်ရန် KIA သတိပေးခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်အနီး အခြေစိုက်တဲ့ KIA တပ်မဟာ ၄ ဌာနချုပ်ဂိတ်ဝ။သတိပေးချက်ကို ကချင်ပြည်နယ် လိုင်ဇာ KIA စစ်ဌာနချုပ်ရုံး (ဒိုင်လောန်ရုံး) ညွှန်ကြားချက်အတိုင်း ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာစစ်ကြောင်းများ ယခင်လို တပ်မဟာ ၄ နယ်မြေထဲ ၀င်ထွက်သွားလာခြင်း ပြုပါက ခုခံ ပစ်ခတ်မည် ဖြစ်ကြောင်း KIA အရာရှိများ ပြောသည်။

“ခုတော့ မြန်မာစစ်တပ်များ ယခင်လို ၀င်ထွက်သွားလာခြင်း မရှိတော့ဘူး။ KIA ရဲ့သတိပေးချက်ကို လျစ်လျူရှူရင်တော့ တိုက်ပွဲ ဖြစ်လိမ့်မယ်။” ဟု မုံးဂိုးဒေသမှ စစ်ရေး လေ့လာ စောင့်ကြည့်သူတစ်ဦး ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ ပြောသည်။

KIA တပ်မဟာ ၄ တွင် တပ်ရင်း ၅ ရင်းရှိပြီး ၎င်းမှ တပ်ရင်း ၁၇ နှင့် ၂၉ သည် ယခု SSA-N နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ရာ နေရာနှင့် အနီးဆုံးဖြစ်သည်။

KIO နှင့် SSA-N တို့သည် မကြာခင်ကဖွဲ့စည်းခဲ့သော အဖွဲ့ဝင် ၁၂ ခု ပါ နိုင်ငံရေးနှင့်စစ်ရေးမဟာမိတ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ (United Nationalities Federal Council, UNFC) အဖွဲ့ဝင် ဖြစ်သည်။

ညီညွှတ်သော ‘၀’ ပြည်တပ်မတော် (United Wa State Army, UWSA)သည် KIA ၏ UNFC ပြင်ပမှ မဟာမိတ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်အဖွဲ့ဖြစ်သည်။ မြန်မာစစ်တပ် ၎င်းတို့နယ်မြေထဲဝင်ရောက်လာပါက UWSA က တိုက်ခိုက်သွားမည်ဟုဆိုသည်။

SSA-N က ပိုမိုအင်အားကြီးသော KIA နှင့် UWSA အဖွဲ့တို့လည်း မြန်မာစစ်တပ်အား တိုက်ခိုက်မှုပြုရန်လိုလားလျက်ရှိသည်ဟု ဒေသတွင်း စစ်ရေးလေ့လာစောင့်ကြည့်သူများပြောသည်။

တစ်ချိန်ထဲမှာ KIA နှင့် UWSA တို့သည် ရှောင်လွဲ၍မရသော ပြည်တွင်းစစ်အတွက် စစ်ရေး ပြင်ဆင်နေကြသော်လည်း ယခုအချိန်ထိ SSA-N နှင့်မြန်မာစစ်တပ်ကြားဖြစ်ပွားသောတိုက်ပွဲတွင်မူ ပါ၀င်တိုက်ခိုက်မှု မရှိသေးပေ။

SSA-N အားမြန်မာစစ်တပ်က တိုက်ခိုက်မှုသည် ယခင်လကဖွဲ့စည်းခဲ့သော UNFC အား မြန်မာစစ်တပ်က သွေးတိုးစမ်းတိုက်ခိုက်လိုက်ခြင်းလည်းဖြစ်နိုင်သည်ဟု တရုတ်နယ်စပ် စစ်ရေးလေ့လာသူတစ်ဦး သုံးသပ်သည်။

KIA သည် မြန်မာပြည်တွင် ဒုတိယအင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၎င်းအောက် တပ်မဟာ ၅ ခုရှိသည်။ တပ်မဟာ ၄ ခုသည် ကချင်ပြည်နယ်တွင်အခြေစိုက်ပြီး ကျန်တပ်မဟာ ၁ ခုသည် ရှမ်းပြည်မြောက်ပိုင်းတွင် အခြေစိုက်သည်။ စုစုပေါင်း တပ်ရင်း ၃၀ ခန့်ရှိပြီး အရန်တပ်ဖွဲ့အပါအဝင် စစ်အင်အား ၃၀၀၀၀ ကျော်ရှိသည်ဟု KIA အရာများပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလကစပြီး မြန်မာစစ်အစိုးရနှင့် KIA ကြား အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် ကုန်ဆုံးခဲ့သော်လည်း စစ်ပွဲအား နှစ်ဖက်အဖွဲ့မှ ရှောင်ရှားနေဆဲဖြစ်သည်။

Most read this week