ယင်ဂျန်းတွင် ငလျင်ဖြစ်ပြီးနောက် ကျောက်စိမ်းစျေးကွက် ထိုးကျ

ယင်ဂျန်းတွင် ငလျင်ဖြစ်ပြီးနောက် ကျောက်စိမ်းစျေးကွက် ထိုးကျ
by -
Nun Pan

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁ သောင်းနီးပါး အလုပ်လုပ်ကိုင်နေသည့် တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် ယင်းဂျန်းမြို့နယ်တွင် လွန်ခဲ့သည့် အပတ်တွင်း ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ ...

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁ သောင်းနီးပါး အလုပ်လုပ်ကိုင်နေသည့် တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် ယင်းဂျန်းမြို့နယ်တွင် လွန်ခဲ့သည့် အပတ်တွင်း ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် ကျောက်စိမ်းစျေးကွက် ထိုးကျ၍ မြန်မာ ကျောက်ကုန်သည်များ အရှုံးပေါ်နေသည်။

ငလျင် မဖြစ်မီ တရုတ်နယ်စပ် ဒုတိယအကြီးဆုံးယင်ကျန်းကျောက်စျေးကွက်တွင် ကချင်ပြည်နယ်မှ ဖါးကန့်ကျောက်စိမ်းများကို မြင်ရပုံ။ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်နစ်နာမှုတွေ အနည်းအများရှိပြီး ကျောက်ဝယ်သူတွေ သူဌေးများ ပြန်ကုန်ကြပြီး စျေးကွက် ပျက်သွားခြင်း ဖြစ်ကြောင်း ကချင် ကျောက်ကုန်သည်တစ်ဦးမှ ပြောသည်။

“ဒီဟာလေးနဲ့ပဲ တပိုင်တနိုင် လုပ်နေတဲ့ အခါကျတော့ ဆုံးရှုံးမှုအပိုင်းက တော်တော်လေး ရှိတာပေါ့။ ကိုယ့်ရဲ့ရှိတဲ့ ငွေလေး လိုက်လုပ်တဲ့အခါ တခါထ အဲကျောက်စျေးက အဲလို ထိုးကျသွား ကျောက်စျေးက ထိုးကျသွားတာ လောပန်း မရှိတော့ဘူးဆိုတော့ ရောင်းရခက်ပြီလေ။ ဒီနေရာတွေက ကျောက်တွေက ပုံနေတယ်။ လောပန်းက မရှိဘူးဆိုတော့ ကိုယ့်ရဲ့ စားရေးသောက်ရေးကအစ ဆုံးရှုံး နစ်နာမှုကတော့ တော်တော်လေး ရှိသွားတာပေါ့။”

သာမန်ရွှေ့ပြောင်းအလုပ်သမားများသည် ပစ္စည်းများထားခဲ့၍နေရပ်ကိုပြန်သွားနိုင်ကြသော်လည်း တရုတ်စျေးကွက်တွင်း ရင်းနှီးမြုပ်နှံမှု ကြီးကြီးမားမားလုပ်နေသော မြန်မာကျောက်ကုန်သည်များမှာ စျေးကွက်ပုံမှန်ဖြစ်လာချိန်ထိ စောင့်ဆိုင်းရင်း တခြားတရုတ်နယ်စပ် ရွှေလီ၊ ဂျန်ခေါင်၊ ဂျေခေါင် စျေးကွက်များဆီ ပြောင်းရွှေ့နေထိုင်ရာတွင် ပို၍အခက်ကြုံနေရသည်ဟု ၄င်းဆိုသည်။

“တချို့တွေကျောက်တွေကျတော့လည်း မြေကြီးထဲမြုပ်သွား ပါသွားတာလည်းရှိတယ်။ တချို့ကပြန်ရတာလည်းရှိတာပေါ့။ တချို့က အစပဲရောက်သေးတယ် ကုမ္ပဏီကအိမ်တွေပြိုကျလို့ မရတဲ့ဟာလည်းရှိတာပေါ့။ ကျောက်က ပြန်မရောင်းရ စားဖို့သောက်ဖို့က ခက်ခဲ အဓိကတော့ ဒီအခက်ခဲတွေကြုံတာပဲ။”

ယခုချိန်ထိလည်း ငလျင်အသေးစားများ ဆက်တိုက်လှုပ်နေပြီး တရုတ်အစိုးရမှလည်း ပြည်သူများအား နောက်ထပ်ငလျင် လာဖွယ်ရှိကြောင်း သတိပေးပြောဆိုထားသည့်အတွက် ဒေသခံများ အိမ်အဆောက်အုံတွင်းမနေကြတော့ပဲ ကားလမ်းနံဘေး လွတ်ရာလမ်းပေါ်တွင် စားစရာစုများနှင့် အလုအယက်နေရာယူကြသောကြောင့်  စျေးကွက်များသည် ချက်ချင်းပုံမှန် အခြေအနေသို့ဖြစ်လာနိုင်ချေမရှိသေးကြောင်း ပြောသည်။

“အိမ်ပြန်တဲ့သူတွေကျတော့လည်း အခု အခြေနေပြန်ကောင်းလို့ရှိရင်တော့  ဒီတချို့တွေကျတော့ ဘက်ဖိုးနဲ့ပြန်ဖော်တဲ့အပိုင်းလည်းရှိတယ်။ ဒီဟာတွေသူတို့ အခြေနေတွေနည်းနည်းကောင်းသွားပြီဆိုလို့ရှိရင်တော့ ပြန်လာဖို့အကြောင်းရှိတာပေါ့။ ကိုယ့်ပစ္စည်းတွေထားခဲ့တယ်ဆိုတော့ အခြေနေတည်ငြိမ်သွားပြီဆိုလို့ရှိရင်တော့ ပြန်သွားဖို့အလားအလာတော့ရှိတာပေါ့။ ဒါပေမယ့် စီးပွားရေးကတော့ အဲဒီဒေသမှာ ရည်ရှည်တော့ အရင်ကပုံစံအတိုင်းဖြစ်ဖို့က ခဲယဉ်းမယ်လို့ထင်တယ်။”

တရုတ်စျေးကွက်တွင်း ကျောက်စိမ်းသည်အရောင်းအဝယ်ကောင်းသည့် စျေးကွက်ဖြစ်သောကြောင့် မြန်မာကျောက်စိမ်း ကုန်သည်များသည် ယင်ဂျန်းမြို့နယ်တွင်မှာပင် ထောင်ချီ မြုပ်နှံနေခြင်းဖြစ်သည်ဟု ကျောက်သည်များပြောသည်။

ယခုချိန်တွင် ငလျင်ကြောင့်တရုတ်သူဌေးများ ကြောက်လန့်၍ ပြန်ကုန်ကြရာ ကျောက်များကို ပွဲရုံတွင် စုပုံနေပြီး ၀ယ်သူမရှိဖြစ်ခြင်းကြောင့် ရည်ရှည် အရင်းအနှီးအားလုံးအရှုံးခံသွားနိုင်ဖွယ်ရှိသည်ဟု ကျောက်ကုန်သည်များစိုးရိမ်နေကြသည်။

ငလျင် မဖြစ်မီ တရုတ်နယ်စပ် ဒုတိယအကြီးဆုံးယင်ကျန်းကျောက်စျေးကွက်တွင် ကချင်ပြည်နယ်မှ ဖါးကန့်ကျောက်စိမ်းများကို မြင်ရပုံ။ယင်ဂျန်းငလျင်ကြောင့် လူ အယောက် ၂၀ ကျော်သေဆုံးပြီး အဆောက်အအုံတချို့ပျက်စီးကာ အယောက် ၂၀၀ ထက်မနည်း ဒာဏ်ရာရရှိသွားသည့်အဖြစ်အပျက်တွင်နယ်စပ်ခြင်းထိစပ်နေသည့် ကချင်ပြည်နယ်မှာလည်း ကြုံလာနိုင်စရာရှိသည့်အတွက် အသက်အန္တရာယ်ထိ ခြိမ်းခြောက်လာနိုင်သည်ဟု နယ်စပ်တွင်ရှိနေသော ကိုအောင်ဝါမှ သုံးသပ်သည်။

“ကျွန်တော်တို့ ဒီဖြစ်ဖြစ်ခြင်း အဲဒီအချိန်မှာ ရွှေလီ မူဆယ်ဘက်မှာလည်း ငလျင်လှုပ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့်တော့ ဒီငလျင်ကြောဟာ ပြင်းအားများတယ် ဆိုရင်တော့ တစုံတခုတော့ ထိခိုက်မှုတော့ ဖြစ်လာနိုင်တယ်။ ဘာဖြစ်လဲဆိုတော့ ဒီယင်ဂျန်းဖြစ်တဲ့ ၅.၈ အခြေအနေတောင်မှ မြစ်ကြီးနားဖက် အနည်းငယ် လှုပ်တယ်ဆိုရင်တော့ ပြင်းအားကြီးမယ် ဆိုရင်တော့ မြစ်ကြီးနားဘက်လည်း နီးတယ်ဆိုတော့ တစုံတခုတော့ ထိခိုက်မှု ဖြစ်မယ်။ ငလျင်ဆိုတာကတော့ ဘယ်သူမှ ခန့်မှန်းလို့ရတာ မဟုတ်ဘူး။ ဘယ်လောက်ပြင်းတယ် နှေးတယ်ဆိုတာ မသိဘူး။ ဒါကြောင့် ပြင်းအားရှိမယ်ဆိုရင် အကုန်လုံး ထိခိုက်မှုနဲ့ကြုံမယ် အန္တရာယ်နဲ့ကြုံမယ် ဒါကြောင့်မို့ ကျွန်တော်ကတော့ စိုးရိမ်နေတယ်။”

ယခင် တရုတ်ပြည်နယ်တွင် ငလျင်လှုပ်မှုဖြစ်ပွားသည့်အချိန် ကချင်ပြည်နယ်တွင်း တစ်ဆက်တည်း လှုပ်ခတ်မှုဖြစ်ပွားတတ်သည်။ ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားတွင် တည်ဆောက်နေသော မြစ်ဆုံရေကာတာစီမံကိန်းသည်လည်း ကမ္ဘာတွင် ၁၅ ခုမြောက်အကြီးဆုံးဖြစ်၍ စကိုင်းငလျင်ကြောနှင့်လည်းနီးစပ်နေသည်ဟု သိရသည်။

Most read this week