ဂျပန် ဆူနာမီနှင့် မြန်မာများ

ဂျပန် ဆူနာမီနှင့် မြန်မာများ
by -
ကိုဝိုင်း

ငလျင်နှင့် ဆူနာမိဒဏ် ပြင်းထန်စွာ ခံခဲ့ရသည့် ဂျပန်နိုင်ငံ တိုဟိုးကုကျွန်း Tohoku ၌ မြန်မာနိုင်ငံသား ၁၄ ဦးခန့်သာ နေထိုင်ခဲ့ပြီး အများစုမှာ ဘေးလွတ်ရာသို့ ရှောင်ရှားနိုင်ခဲ့ကြောင်း တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံသား ...

ချင်းမိုင် (မဇ္စျိမ) ။      ။ ငလျင်နှင့် ဆူနာမိဒဏ် ပြင်းထန်စွာ ခံခဲ့ရသည့် ဂျပန်နိုင်ငံ တိုဟိုးကုကျွန်း Tohoku ၌ မြန်မာနိုင်ငံသား ၁၄ ဦးခန့်သာ နေထိုင်ခဲ့ပြီး အများစုမှာ ဘေးလွတ်ရာသို့ ရှောင်ရှားနိုင်ခဲ့ကြောင်း တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ဂျပန်ပြည်) ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောသည်။

မတ်လ ၁၁ ရက်၊ သောကြာနေ့တွင် ၈.၉ ရစ်ချ်တာစကေး ငလျင်လှုပ်ခဲ့ပြီးနောက် ဆူနာမီရေလှိုင်းများပါ ဖြစ်ပေါ်လာခဲ့ရာ၊ ဂျပန်သတင်းများအရ သေကြေပျောက်ဆုံးသူ ၁၈ဝဝဝ ဦးရှိပြီး ဖူကူရှီးမားဒေသတွင်လည်း နျူကလီးယားစက်ရုံမှ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်များ ယိုထွက်နေသဖြင့် ၎င်းဒေသတွင်းမှ ဒေသခံများလည်း ကင်းလွတ်ရာ ဒေသများသို့ တိမ်းရှောင်ခဲ့ကြရသည်။

ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား ၈ဝဝဝ ကျော်ရှိကြောင်း ဦးတင်ဝင်းက ခန့်မှန်းသည်။ ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တိုကျိုမြို့ အခြေအနေကို သိနိုင်ရန် မဇ္စျိမသတင်းထောက် ကိုဝိုင်းက ဦးတင်ဝင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

ဂျပန်တနိုင်ငံလုံးမှာ မြန်မာဘယ်လောက်ရှိပြီး၊ ဆူနာမီထိသွားတဲ့ ဒေသမှာရော ဘယ်လောက်ရှိလဲဗျ။

“ဂျပန်အစိုးရရဲ့ ကြေညာချက်အရ ဗမာက ရ၈ဝဝ ကျော်လောက် ရှိတယ်၊ တရားဝင်ပေါ့။ အိုဗာစတေးက ၅ဝဝ လောက်ဆိုတော့ စုစုပေါင်း ၈ဝဝဝ ကျော်ကျော်လေးပေါ့။ အဲဒီထဲက ၉ဝ ရာခိုင်နှုန်းကျော်က မဟာတိုကျို ဧရိယာမှာ နေတယ်။ ဒုတိယအများဆုံးက နာဂိုယာမှာ ၃ဝဝ ဝန်းကျင်။ တခြားမှာ နည်းနည်းလေးပါ။ အဲဒီလူတွေကလည်း ဆက်သွယ်ရသလောက် အေးအေးဆေးဆေးပါပဲ။ မနေ့ကတောင် ကျနော်တို့ဆီ ဂျပန်သတင်းထောက်တယောက် လာတော့၊ ကျနော်တို့မေးရင် သံရုံးက မဖြေဘူးလေ။ သူ့ကို ဖုန်းဆက်မေးခိုင်းတယ်။ လူအသေအပျောက် ဗမာစာရင်း ရှိလားလို့။ သံရုံးမှာလည်း အသေအပျောက်စာရင်း မရဘူး ပြောတယ်။ မရှိသလောက်ပါ။ မရှိဘူးလို့ ကံသေကံမ မပြောနိုင်တာက သက်ဆိုင်ရာက မရောက်သေးတဲ့ နေရာတွေ ရှိသေးတယ်လေ’’

ဘယ်နေရာကို အဓိက ထိသွားတာလဲ။

“အဓိကထိသွားတဲ့ တိုဟိုးကုကျွန်းဆိုတာက လူဦးရေ အနည်းဆုံးနေရာဗျ။ အဲဒီမှာက ဗမာက ၁၄ ယောက်လောက်ပဲ ရှိတယ်။ တက္ကသိုလ်ကျောင်းသားနဲ့ ပါမောက္ခတချို့ ရှိတယ်။ အများစုက ပြန်ကုန်ပြီ။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းရယ် အဓိကရှိတယ်။ သူက ဂျပန်မြောက်ဘက်မှာ။ အရှေ့နဲ့ အနောက်ခြမ်း နှစ်ခြမ်းရှိတယ်။ အခုဖြစ်တာက အရှေ့ခြမ်း၊ အီဝါးတီးခရိုင်ပေါ့။ သူ့အောက်မှာ မီယာဂီခရိုင်၊ သူ့အောက်မှာ ဖူကူရှီးမားခရိုင် အဓိက အခု နျူကလီးယားပြဿနာ တက်နေတဲ့ နေရာပေါ့။ တိုကျိုနဲ့ ကီလိုမီတာ ၂ဝဝ ကျော်လောက် ဝေးတယ်။ တိုကျိုက တောင်ဘက်မှာပေါ့။ တချို့ဗမာတွေက ဟိုးတောင်ဘက် နာဂိုရာ၊ ကျိုတို၊ အိုတာကာတို့အထိ ရှောင်သွားတာရှိတယ်’’

“မီယာဂီခရိုင်က အဓိက။ သူက ငလျင်စင်တာနဲ့ နီးတာကိုး။ အဲဒီမှာ ဂျပန်မှာ နံပါတ် ၅ လောက်ရှိတဲ့ စန်းဒိုင်းမြို့ Sendai က ဘူတာတွေဘာတွေဆို ရေအောက်ရောက်သွားတာ။ လေဆိပ်ကြီးတခုလုံး ရေအောက်မှာ။ သူက တိုဟိုးကုကျွန်း အရှေ့ဘက်ခြမ်းပေါ့’’

ဂျပန်နိုင်ငံမှာ သတင်းမှန်တွေကို အချိန်မီ ရလား။ ငလျင်အတွက် ကာကွယ်လေ့ကျင့်ရေး ရှိလား။

“ဒီမှာက သတင်းတိတိကျကျ ပေးတယ်။ နောက်ပြီး အဆောက်အအုံ ပြိုတာမရှိဘူး။ ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ထားတယ်။ ကျနော်တို့ နိုင်ငံခြားသားတွေတောင် ငလျင်လှုပ်ရင် ဘယ်လိုပြေးရမယ်၊ ကယ်ဆယ်ရေး စခန်းကို ဘယ်လိုသွားရမယ်။ လမ်းကြောင်းတွကအစ ၃ လတခါ၊ ၄ လတခါ လေ့ကျင့်ခိုင်းတယ်။ စနစ်တကျ ကြိုတင်ကာကွယ်မှုတွေရှိတော့ တည်တည်ငြိမ်ငြိမ် ရှိတယ်။ ပြောရင် နားထောင်တယ်။ အစိုးရကလည်း ဖြစ်သွားတဲ့ နေ့ကစပြီး တနေကုန်ပဲ၊ တီဗီဖွင့်ကြည့်လိုက်ရင် သတင်းတွေ အပြည့်အစုံ ပေးနေတယ်။ ဂျပန်စကားနဲ့ပဲ။ အင်္ဂလိပ် ပြန်ပေးတာ ချန်နယ် ၁ ပဲ ရှိတယ်’’

ဆက်သွယ်ရေးတွေ ပြတ်တောက်သွားတာ အခု ပြန်ကောင်းသွားပြီလားခင်ဗျ။

“ဖြစ်ခါစတုန်းကပါ။ တယ်လီဖုန်းလိုင်းတွေ ဂျမ်းဖြစ်သွားတာပေါ့။ လူတွေက တောက်လျှောက် ခေါ်ကြတာကိုး။ ဂျပန်မှာက Cell ဖုန်းတွေ သုံးတာများတယ်။ တချို့လိုင်းမကောင်းတာတွေက ခုထက်ထိ ဖြစ်နေတာပေါ့။ ဒီ ၃-၄ ရက်အတွင်း အခြေအနေ ကောင်းလာတယ်’’

ကြီးကျယ်တဲ့ ပြဿာနက ဘာဖြစ်နေလဲခင်ဗျ။

“ဖူကူရှီးမားက လျှပ်စစ်အဓိကပေးတဲ့ နေရာဆိုတော့ လျှပ်စစ်မီးပြတ်သွားတာရယ်၊ အဲဒီဘက်တွေကို လျှပ်စစ်အများကြီး ပြန်ပေးနေရတာကိုး။ ဂျပန်မှာက လျှပ်စစ်ရထားတွေပဲကိုး။ ရထားက တချို့ဆို ၅ဝ ရာခိုင်နှုန်းပဲ ထွက်တော့တယ်။ တချို့ ရဝ ရာခိုင်နှုန်းပဲ။ ရာခိုင်နှုန်းပြည့် မသွားနိုင်ဘူး။ တိုကျိုနဲ့ မြောက်ဘက်မှာနော်။ တောင်ဘက်ပိုင်းကတော့ ပြဿနာမရှိဘူး။ အဲဒါနဲ့ ဆက်နွယ်ပြီးတော့ ဓာတ်ဆီပေါ့၊ ဓာတ်ဆီရဖို့ကို ၂ နာရီလောက် တန်းစီရတယ်။ သယ်ယူပို့ဆောင်ရေးမှာ အနှောင့်အယှက်ဖြစ်တော့ မပို့နိုင်တော့ဘူးလေ။ တိုကျိုမှာပဲ Cosmo ဆိုတဲ့ ဓာတ်ဆီကုမ္ပဏီကြီး မီးလောင်သွားတာလည်း ပါတယ်။ မြန်မာကိုသွားတဲ့ လေယာဉ်လက်မှတ်ခတွေ ၃ ဆလောက် တက်သွားတယ်’’

ငလျင်လှုပ်တဲ့ အချိန်မှာ တိုကျိုက လူတွေ ဘယ်လိုဖြစ်ကုန်လဲ။

“လူတွေကတော့ ခြောက်ခြားကုန်တာပေါ့။ ဒါပေမဲ့ အဆောက်အအုံ ပျက်စီးတာ မရှိဘူး။ တိုကျိုမှာ ဆူနာမီမရှိဘူး။ ဒါပေမဲ့ ပြဿနာက လူဦးရေ တအားများတော့၊ လမ်းတွေ ပိတ်လိုက်တော့ ဘူတာမှာ အိပ်ရတာ၊ လမ်းလျှောက်ပြန်ရတာ ရှိတယ်။ ၁ဝ နာရီလောက် ကြာတယ်။ အလုပ်က အချိန်မီလာရတာကိုး။ မနေ့က သတိထားမိတာက ငလျင်ဒဏ်ကြောင့် စိတ်ဓာတ်ဖိစီးမှုတွေ ဖြစ်နေတယ်။ တချို့ဆို အိပ်မပျော်ဘူး။ တိုက်ခန်းကြီးတွေမှာက မီးပျက်သွားရင် ရေရော၊ ဂတ်စ်ရော မလာဘူး။ ရေတွေ လှောင်ရတယ်။ ဓာတ်ခဲဆို ဝယ်လို့တောင် မရဘူး၊ တန်းစီရတာ။ မီးမလာတော့ ရေခဲသေတ္တာ ပြဿနာတက်တယ်။ လျှပ်စစ်က ပြတ်လိုက်လာလိုက်ပဲ။ သိပ်တော့ ကြာမယ်တော့ မထင်ပါဘူး’’

မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်နဲ့ပတ်သက်လို့ စိုးရိမ်စရာတွေ ဘာများရှိလဲ။

“ဗမာလူမျိုး ၉ဝ ရာခိုင်နှုန်းက တိုကျိုမှာနေသလို အဲဒီနေတဲ့လူရဲ့ ၉ဝ ရာခိုင်နှုန်းက ဟိုတယ်၊ စားသောက်ဆိုင်တွေမှာ လုပ်တယ်။ နှစ်မျိုးရှိတယ်။ ညဆိုင်း ညနေ ၅ နာရီလောက်ကနေ ည ၁ နာရီထိ ဖွင့်တဲ့ ဆိုင်တွေမျိုး တော်တော်များများ မဖွင့်ကြတော့ဘူး။ နေ့လည်သမားက ပိုအလုပ်များလာတယ်။ ရေရှည်မှာ အလုပ်အခက်အခဲ ရှိနိုင်တယ်။ လူတွေက ချွေတာလာမယ်ဆို ဒီဆိုင်တွေက ထိခိုက်လာမယ်။ လူတွေက အလုပ်တွေ ပြုတ်လာမယ်။ အရင်တုန်းက အလုပ်ပြုတယ်ဆို ဂျပန်အစိုးရ အန်ဂျီအိုအကူအညီ တောင်းလို့ရတယ်။ အခုက သူတို့လည်း ဒုက္ခရောက်နေတယ်’’

အစားအသောက်တွေလည်း ရှားလာတယ်ဆို။

“နှစ်မျိုးရှိတယ်။ တမျိုးက first food လိုမျိုး။ ဘူးထဲမှာ ထည့်ပြီးသား၊ ရေနွေးထည့်လိုက်တာနဲ့ ချက်ချင်း စားလို့ ရတယ်။ အဲဒါမျိုးက လုံးဝကို မရှိတာ။ အဲဒီကောင်တာတွေ သွားကြည့်ရင် ပြောင်ရှင်းနေရော။ နောက် ဆန်နည်းနည်း ပြတ်တယ်။ ဒီမှာက မနေ့ကရော၊ ဒီနေ့ရော ပိုက်ကလာတဲ့ ရေမှာ ရေဒီယိုအက်တစ်ကြွတာ တွေ့ရတယ်ပြောတယ်။ တိုကျိုမှာ မဟုတ်ဘူး။ ဓာတ်ပေါင်းဖိုနဲ့ နီးတဲ့ နေရာမှာ။ ဖူကူရှီးမားနားမှာ။ အဲဒီဘက်က ထွက်တဲ့ နို့မှာလည်း ပါတယ်ပြောတယ်။ အဲဒီဘက်က နွားနို့တွေကို ဒီဘက် အလာမခံတော့ဘူး’’

ဂျပန်မှာ ဆူနာမီထိတဲ့ လူတွေအတွက် အလှူငွေကောက်ခံနေတယ် ကြားလို့ပါ။

“ကျနော်တို့ကတော့ အလုပ်သမားသမဂ္ဂအနေနဲ့ပေါ့နော်။ မနေ့ကစပြီးတော့ အလှူငွေ ကောက်ခံတယ်ဗျာ။ စုစုပေါင်း ဂျပန်ယန်းငွေနဲ့ တသိန်းသုံးသောင်း (အမေရိကန်ဒေါ်လာ ၁ဝဝဝ ကျော်) ပေါ့။ ဒါ တဦးချင်းလှူတာပဲ ရှိသေးတယ်။ ကျနော်တို့ သမဂ္ဂအနေနဲ့လည်း ငွေတော်တော်များများ လှူဖို့ ရှိသေးတယ်။ ကျနော်တို့က ဂျပန်သမဂ္ဂကနေတဆင့် လှူမှာပေါ့။ နောက်တခုက ဒီမှာ အဖွဲ့ပေါင်း ၃ဝ ကျော် စုပေါင်းပြီး၊ အလှူငွေ ကောက်ခံပွဲနဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်။ အဲဒါကတော့ ကြက်ခြေနီအဖွဲ့ကနေတဆင့် လှူဖို့ပေါ့’’

ဘယ်သူတွေကိုလှူမှာလည်း ဂျပန်တွေအတွက်လား၊ မြန်မာတွေအတွက်လားခင်ဗျ။

“သမဂ္ဂကနေတဆင့် လှူမှာဆိုတော့ သူတို့က ဘယ်လိုမူချပြီး လှူမလဲ မသိဘူး။ သူတို့ပေါ်မှာ မူတည်တယ်။ အခြေခံအားဖြင့်ကတော့ သမဂ္ဂ အဖွဲ့ဝင်တွေကို ဦးစားပေးမယ်’’

Most read this week