သျှမ်းပြည် တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ဌာနချုပ် ထိန်းချုပ်နယ်မြေအတွင်း ဒေသခံများအား တခြားသို့ ယာယီရွှေ့ ပြောင်းတိမ်းရှောင်ရန် ယမန်နေ့ မနက်ပိုင်း က SSPP/SSA ကညွှန်ကြားခဲ့ကြောင်း သိရှိရ ...
သျှမ်းပြည် တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ဌာနချုပ် ထိန်းချုပ်နယ်မြေအတွင်း ဒေသခံများအား တခြားသို့ ယာယီရွှေ့ ပြောင်းတိမ်းရှောင်ရန် ယမန်နေ့ မနက်ပိုင်း က SSPP/SSA ကညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။
“ဝမ့်ဟိုင်းနဲ့ ၃-၄ မိုင်အကွာ ပတ်လည်နီးပါးမှာ ဗမာစစ်တပ် ဝန်းရံထားတယ်။ ထပ်ပြီးထိုး စစ်ဆင်တိုက်ခိုက် လာမှာစိုး လို့ထင်တယ်။ ဒီလ ၂၀ ရက်နေ့အပြီးသျှမ်းတပ်တွေ အဲဒီဂွင်တခုလုံးထဲကထွက် ဖို့ မနေ့က နအဖ ရာဇသံပေးထားတယ်” ဟု ဒေသခံတဦးက ပြောပါသည်။
ဝမ့်ဟိုင်းရှိအရပ်သားအားလုံး၊ ဝမ့်ဟိုင်း၊ ပန်လော့နှင့် ကျိုင်းလိန်တိုက်နယ်လူထု ရာချီ ပြောင်းရွှေ့ နေကြကြောင်း၊ အသုံး အဆောင်ပစ္စည်းများ သယ်နိုင်သမျှ ထော်လာဂျီ၊ ၄ လုံးထိုး ၊ နွားလှည်းများ ပါမကျန် တင်ဆောင် ရွှေ့ပြောင်းနေကြကြောင်း၊ လားရှိုးလမ်းဘက်သို့ နအဖတပ်များက ထွက်ခွင့်မပြုသောကြောင့် မိုင်းရှုး၊ မိုင်းနောင်မှ တဆင့် တောင်ကြီးမြို့အထိ ပြောင်းရွှေ့ နေကြကြောင်း မိုင်းရှူးမှ ကားဆရာတဦးကပြောပါသည်။
ယနေ့မနက်ပိုင်းတွင်လည်း မိုင်းနောင်၊ လဲချား၊ တောင်ကြီးဘက် ဆက်သွားမည့် စစ်ပြေးဒုက္ခသည်များ မိုင်းရှူး တောင်ကြီး လိုင်းကား နှင့်မဆန့်နိုင်အောင်များပြားကြောင်း၊ ကားခလည်း တဟုန်ထိုး မြင့်တက် ကြောင်း အဆိုပါကားဆရာ ကဆက်ပြောသည်။
“ ၂၀ ရက်နေ့ အပြီးပြောင်းရွှေ့ဖို့ ဝမ့်ဟိုင်းဌာနချုပ်ကပြောတယ်တဲ့။ ကိုယ်ဝန်ဆောင်တွေ၊ ကလေး နဲ့သက်ကြီး ရွယ်အို တွေကိုအဓိက ပြောင်းခိုင်းတယ်။ ယောကျာ်းတွေတော့ ကျန်ခဲ့တာပေါ့။ ကိုယ့်ဆွေ မျိုးရှိရာအကူအညီ တောင်းပြီး ပြောင်း ရွှေ့နေထိုင်ကြတယ်။ မိုင်းရှူးနဲ့ တောင်ကြီးဘက် အသွားများတာပေါ့။ လားရှိုးဘက်ကိုတော့ ဖြတ်သန်းမခွင့်ရှိလို့ သိပ်မတက်ရဲ ကြဘူး” - ဟုဆိုသည်။
ဖေဖော်ဝါရီလ ကတည်းက သျှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေအတွင်း နအဖ တပ်အင်အားဖြည့်တင်းရာ ယခုလ ၁၃ ရက်နေ့မှ စ၍ နအဖ မှနေရာအနှံ့ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် ဒေသခံ လူထုဆယ်နှင့်ချီ သေကြေ ဒဏ်ရာရကာ ဗမာတပ် ဒရစပ်ပစ်လွှတ်သော လက်နက်ကြီးများကြောင့် ဘုန်းတော်ကြီးများလည်းပျံလွန်တော်မူ ခဲ့ရသည်။ ဒေသတွင်းစစ်ဘေး ဒုက္ခသည် တထောင်ကျော် မိုင်းရှူး နှင့် တန့်ယန်း အပါအဝင်၊ တောင်ကြီး၊ လားရှိုးနှင့် ဝ နယ်သို့လည်းအသီးသီး တိမ်းရှောင်ခိုလှုံနေကြသည်။