အချိန်ပြည့် အထူးသံခန့်ရေး ကုလ စဉ်းစားဆဲ

အချိန်ပြည့် အထူးသံခန့်ရေး ကုလ စဉ်းစားဆဲ
by -
သောမတ်စ်မောင်ရွှေ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် ကုလ အထူးသံတမန်တဦး ခန့်အပ်ရန် စဉ်းစားဆဲဟု သူ၏ ပြောခွင့်ရသူက နယူးယောက်တွင် ကြာသပတေးနေ့က ပြော ...

ချင်းမိုင် (မဇ္စျိမ) ။      ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် ကုလ အထူးသံတမန်တဦး ခန့်အပ်ရန် စဉ်းစားဆဲဟု သူ၏ ပြောခွင့်ရသူက နယူးယောက်တွင် ကြာသပတေးနေ့က ပြောခဲ့သည်။

ကြားကာလတွင် ထိုတာဝန်ကို အိန္ဒိယ သံတမန်ဟောင်း ကုလရုံးအရာရှိချုပ် ဗီဂျေးနမ်ဘီးယားကို ယာယီခန့်ခဲ့သည်မှာ တနှစ်ကျော်ပြီဖြစ်ကာ၊ ယခုလဆန်း၌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့အရေးအတွက် ကုလ အချိန်ပြည့် အထူးသံတမန်ကို တတ်နိုင်သမျှ မြန်ဆန်စွာ ခန့်ထားပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်သော အာရှအသံ RFA သို့ မတ်လ ၄ ရက်နေ့တွင် “မြန်မာ့အရေးကို နက်ရှိုင်းစွာ စောင့်ကြည့်လေ့လာဖို့အတွက် ကုလသမဂ္ဂအနေနဲ့ တာဝန်ယူတတ်တဲ့ ပုဂ္ဂိုလ်တဦးကို မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်သင့်ပြီလို့ ကျမ ထင်ပါတယ်။ ဒါဆိုရင် အဲဒီသံတမန်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကို အသေးစိတ် အစီရင်ခံနိုင်တော့မှာပါ။ ဒါကြောင့်မို့ ကျမအနေနဲ့ အချိန်ပြည့် အထူးသံတမန်ကို တတ်နိုင်သမျှ မြန်မြန်ခန့်အပ်ပေးဖို့ မျှော်လင့်နေပါတယ်” ဟု ပြောခဲ့သည်။

ဤမေတ္တာရပ်ခံမှုကို ကုလပြောခွင့်ရသူက ပြန်ကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာမိတ်ဆွေများအဖွဲ့ Friends of Myanmar Group ရှိ ကုလအဖွဲ့ဝင် နိုင်ငံများကလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံခန့်ရေး တောင်းဆိုသည်ဟု ဆိုသည်။

“အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ အဲဒီစိတ်ကူး အိုင်ဒီယာတွေ၊ မေတ္တာရပ်ခံချက်တွေကို မှတ်သားထားပြီး ဆုံးဖြတ်ချက်ချဖို့အတွက် ထည့်သွင်းစဉ်းစားသွားမှာပါ” ဟု သူက ပြောခဲ့သည်။

လွန်ခဲ့သည့် ၃ လခန့်တွင်လည်း ကုလဆိုင်ရာ ဗြိတိန်နှင့် မက္ကဆီကို သံအမတ်များက Inner City Press သတင်းထောက် Matthew Russell Lee ကို ပြောခဲ့ရာ၌ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် မစ္စတာ နမ်ဘီးယား၏ နေရာတွင် မြန်မာနိုင်ငံဆိုင်ရာ အချိန်ပြည့် ကုလသံတမန်တဦးကို အလျင်အမြန် ခန့်ပေးစေလိုကြောင်း ပြောကြားခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အထူးသံတမန် နေရာအတွက် “တာဝန်ယူတတ်သော ပုဂ္ဂိုလ်” ကို အလိုရှိသည်ဟု သုံးနှုန်းသွားသည်မှာ မစ္စတာနမ်ဘီးယား မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် တာဝန်ယူခဲ့သော မစ္စတာ ဂမ်ဘာရီကို သူ၏ နေအိမ်အထိန်းသိမ်းခံရစဉ်က တကြိမ်တွင် ဂမ်ဘာရီနှင့် တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်းကို ရည်ညွှန်းဖွယ်ရာ ရှိသည်။ မစ္စတာဂမ်မှာ နိုင်ဂျီးရီးယား စစ်အာဏာရှင် Sani Abacha လက်ထက်က ကုလဆိုင်ရာ နိုင်ဂျီးရီးယား သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။