ပြည်သူ့အကျိုးပြု လုပ်ငန်းများ NLD တိုးမြှင့်မည်

ပြည်သူ့အကျိုးပြု လုပ်ငန်းများ NLD တိုးမြှင့်မည်
by -
ကျော်ခ

ပါတီရုံးခွဲ မရှိသေးသည့် ကယားပြည်နယ်မှအပ ပြည်နယ်/တိုင်း ၁၃ ခုတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ အရှိန်ဟုန်မြင့် လုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆို ...

ချင်းမိုင် (မဇ္စျိမ) ။     ။ ပါတီရုံးခွဲ မရှိသေးသည့် ကယားပြည်နယ်မှအပ ပြည်နယ်/တိုင်း ၁၃ ခုတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ အရှိန်ဟုန်မြင့် လုပ်ဆောင်သွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်ရုံးချုပ်ဗဟန်းမြို့နယ် NLD ရုံးချုပ်တွင် ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် ပြည်နယ်နှင့် တိုင်း မြို့နယ်စည်းအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့ ကိုယ်စားလှယ် စုစုပေါင်း ၅၄ဝ ကျော်တို့ ယခုလ ၉-၁၈ ရက်နေ့အထိ တွေ့ဆုံကာ၊ ၎င်းတို့ဒေသများ၌ လိုအပ်သည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များကို တင်ပြဆွေးနွေးအပြီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ပြည်သူလူထုရဲ့ ဘဝက လိုအပ်ချက်တွေ အရမ်းများလာနေပါပြီ။ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားပေါ့။ စတဲ့ လိုအပ်ချက်တွေ များလာနေတဲ့ ပြည်သူလူထုကို ကူညီနိုင်ဖို့ ပြည်နယ်တိုင်းတွေကို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ခိုင်းနေပါတယ်။ အခမဲ့ဆေးခန်းဖွင့်တာတို့၊ ပညာဒါနတို့၊ သွေးလှူဒါန်းတာတို့၊ သောက်သုံးရေရရှိရေး ကူညီနိုင်တာတို့ စတဲ့ ဟာတွေ ကူညီပေးစရာတွေ ရှိတယ်” ဟု အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

ဆွေးနွေးပွဲသို့ NLD ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်မှုဆောင်ဝင်များ၊ ပြည်နယ်/တိုင်း ၁၃ ခုမှ စည်းအဆင့် ၃ ဦးစီ၊ မြို့နယ်စည်းအဆင့် ၂ ဦးစီ၊ အမျိုးသမီးအဖွဲ့ ကိုယ်စားလှယ် ၂ ဦးစီနှင့် လူငယ်အဖွဲ့ ၂ ဦးစီဖြင့် ဆွေးနွေးရက် ၁ဝ ရက်အတွင်း ဦးရေ ၅၄ဝ ကျော် တက်ရောက်ခဲ့သည်။  

ပြည်နယ်/တိုင်းများတွင် လုပ်ကိုင်နေသည့် ပြည်သူ့အကျိုးပြုလုပ်ငန်း အားနည်းချက်၊ အားသာချက်များ ဆွေးနွေးခဲ့ပြီး၊ တိုးမြှင့်လုပ်ကိုင်သွားမည်ဖြစ်ကာ၊ လုပ်ဆောင်ပေးမည့် ဒေသများလည်း တိုးချဲ့သွားမည်ဖြစ်သည်။

“အခုပြည်သူလူထုမှာ အဓမ္မ လယ်ယာမြေသိမ်းမှု ကိစ္စတွေဖြစ်တယ်။ နောက် ဥပဒေမဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း ဥပဒေအထောက်အကူပြုအဖွဲ့က ဘယ်လိုကူညီနိုင်မလဲဆိုတာ ဆွေးနွေးတယ်။ နောက် ရေရှည်ဆောင်ရွက်သွားဖို့ ကိစ္စတွေကိုလည်း မှတ်သားထားပြီးတော့ ဆက်လက်ဆောင်ရွက် သွားဖို့ရှိတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပြည်နယ်/တိုင်း၊ မြို့နယ်စည်းများ၏ တင်ပြတောင်းဆိုမှုများကို ဗဟိုက ချက်ချင်းလုပ်ပေးနိုင်မည့် ကိစ္စများကို ဆုံးဖြတ်လုပ်ဆောင်ပေးခဲ့သလို၊ အချိန်ယူ လုပ်ငန်းများကို ဆက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ကူညီမှုများကို NLD သို့ ပြည်သူက လှူဒါန်းသည့် ငွေများဖြင့် ဖြည်းဖြည်းချင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် ပညာရေး၊ ကျန်းမာရေး ကူညီရေးသာမက၊ နိုင်ငံရေးအကျဉ်းသားများကိုပါ ထောက်ပံ့ပေးနေသည်များလည်း ရှိသည်။

၂ဝ၁ဝ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ဂီရိမုန်တိုင်းသင့် ပြည်သူများကို ကူညီပံ့ပိုးခဲ့သလို၊ ၂ဝဝ၈ ခုနှစ် ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းသင့် ဒေသအချို့၌ ရေတွင်းရေကန်များ တူးဖော်ပေးခဲ့သေးသည်။

နောက်ဆုံးရက် ယနေ့၌ ကချင်ပြည်နယ်နှင့် ဆွေးနွေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်/တိုင်း ၁၃ ခုမှ ခေါင်းဆောင် ၅၄ဝ ကျော် တက်ရောက်သဖြင့် အောင်မြင်သည့် ဆွေးနွေးမှုအဖြစ် ပါတီခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။

“အဖွဲ့ချုပ်ဟာ မှတ်ပုံတင်မထားတော့ဘူး၊ မရှိတော့ဘူးပြောပြော၊ ရှိတယ်ပဲပြောပြောပေါ့ဗျာ။ အဖွဲ့ချုပ်ဟာ ပြည်သူလူထုကြားမှာ ခိုင်ခိုင်မာမာ ဆက်လက်ပြီးတော့ ရှိနေတယ်ဆိုတာ။ ဒါ အထင်ရှားဆုံး သာဓကပဲ။ ဒါကိုက အဓိက ဒီဆွေးနွေးပွဲရဲ့ အောင်မြင်ချက်ဖြစ်တယ်လို့ အဲလို သုံးသပ်ကြပါတယ်။ ပြည်သူလူထုကလည်း အားကိုးနေဆဲပဲဆိုတာ တောင်းဆိုနေမှုတွေက သက်သေပါပဲ” ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ သုံးသပ်ချက်ကို ဦးအုန်းကြိုင်က ပြောပြသည်။

Most read this week